Monday, July 21, 2014

ရင်းနှီးမြှုပ်နှံမှုနှင့် စတော့ရှယ်ယာဈေးကွက်


ရင်းနှီးမြှုပ်နှံမှုနှင့် စတော့ရှယ်ယာဈေးကွက်
*************************************************
ရေးသူ-ထွန်းသက်ထွန်း
ရင်းနှီးမြှုပ်နှံမှုဆိုတဲ့ဝေါဟာရကတော့ ကုန်စည်နဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေ တိုးတက်ဖွံ့ဖြိုးလာစေဖို့အတွက် စက်မှု လက်မှုလုပ်ငန်းတွေ၊ ၀န်ဆောင်မှုလုပ်ငန်းတွေနဲ့ ကုန်သွယ်မှုလုပ်ငန်း တွေမှာ အရင်းအနှီးစု ဆောင်းဖွဲ့စည်းခြင်း (Capital Formation) ပြုလုပ်တာကိုဆိုလိုပါတယ်။
ဘယ်ကာလမှာပဲဖြစ်ဖြစ် စုဆောင်းမှု ဆိုတာဟာ အနာဂတ် ကာလအတွက် လုံခြုံစိတ်ချရစေဖို့ လုပ် ဆောင်ခြင်းပါပဲ။ ဒီလိုအရင်း အနှီးစုဆောင်းဖွဲ့စည်းခြင်းကြောင့် အနာဂတ်ကာလမှာ အကျိုးအမြတ် တွေပြန်လည်ဖြစ်ထွန်းလာပြီး ယင်းတို့ကိုပြန်လည်စားသုံးခြင်း၊ ထပ်မံ၍ရင်းနှီးမြှုပ်နှံခြင်းတွေကို ပြုလုပ်ကြရပါတယ်။ ဒီလိုနဲ့ ဆင့်တိုး ရင်းနှီးမှုတွေ ထပ်မံဖြစ်ပေါ် သွားစေကာ ဖွံ့ဖြိုးတိုးတက်မှုတွေကို ရရှိ လာစေပါတယ်။
ဒီလိုအရင်းအနှီးစုဆောင်းဖွဲ့စည်းခြင်းကြောင့် ပြည်သူတို့ရဲ့ လက်ငင်းစားသုံးမှုကိုလျော့ချချွေတာရခြင်း၊ ရင်းနှီးမြှုပ်နှံရန်အတွက် တစ်စုံတစ်ခုသောအတိုင်းအတာအထိ ကုန်လက်ကျန်များကိုမစား သုံးဘဲ စုဆောင်းသိုလှောင်ထားရခြင်းတို့ကို ပြုလုပ်ရပါတယ်။ ဒီလို ရင်းနှီးမြှုပ်နှံမှုပြုလုပ်ဖို့အတွက် တစ်ဖက်က တစ်စုံတစ်ရာစွန့်လွှတ်မှု ပြုလိုက်ရမှာတော့ ဓမ္မတာပါပဲ။ ဒါကို အခွင့်အလမ်းတန်ဖိုး (Opportunity Cost) လို့လည်းခေါ်ပါတယ်။
အရပ်သုံးစကားအရပြောရမယ်ဆိုရင် ပြည်သူတို့အနေနဲ့ တစ်စုံတစ်ရာသောအကျိုးအမြတ်ကိုရရှိဖို့အတွက် ငွေကြေး၊ အချိန်၊ ဒါမှမဟုတ် စွမ်းအားတစ်ခုခုကို အရင်းတည်ထားရခြင်းပဲဖြစ်ပါတယ်။ ဒီနေရာမှာ မိမိတို့ရဲ့ငွေကြေးတွေကို ဘဏ်တွေမှာအပ်နှံထားခြင်း၊ ကုမ္ပဏီတွေရဲ့စတော့ရှယ်ယာတွေကိုဝယ်ယူထားခြင်း၊ မိမိတို့ရဲ့ငွေ ကြေးတွေကို စီးပွားရေးလုပ်ငန်းတစ်ခုမှာ ထည့်ဝင်ထားခြင်းနဲ့ အဖိုး တန်သတ္တု၊ ကုန်စည်၊ ဒါမှမဟုတ် အိမ်၊ ခြံ၊ မြေတွေကို အနာဂတ် ကာလမှာ အကျိုးအမြတ်ရရှိစေဖို့ ၀ယ်ယူထားခြင်းတို့ကိုဆိုလိုပါ တယ်။ ဒီလိုအစိုးရ၊ ဒါမှမဟုတ် ပြည်သူတို့အနေနဲ့ ရင်းနှီးမြှုပ်နှံမှု တစ်ခုခုကို ပြုလုပ်တိုင်းမှာ ဘဏ္ဍာရေးဈေးကွက်ရဲ့အခန်းကဏ္ဍဟာ ထပ်ချပ် မကွာပါဝင်လာရစမြဲဖြစ်ပါတယ်။
ဘဏ္ဍာရေးဈေးကွက်
စီးပွားရေးပညာရပ်ဝေါဟာရအရ ဘဏ္ဍာရေးဈေးကွက် ဆိုတာ အများပြည်သူတို့ကို ဘဏ္ဍာရေးဆိုင်ရာစာချုပ်စာတမ်းတွေ၊ ငွေကြေးနဲ့ အာမခံစာချုပ်စာတမ်းတွေကို အလွယ်တကူဝယ်ယူ၊ ရောင်းချနိုင်ဖို့၊ ရင်းနှီးမြှုပ်နှံနိုင်ဖို့အတွက်နည်းလမ်းတွေကို စနစ်တကျ မှတ်ပေးထားတဲ့ဈေးကွက်နေရာတစ်ခုကို ခေါ်ဆိုပါတယ်။ ဘဏ္ဍာရေး လို့ဆိုလိုက်တိုင်း လူတို့အနေနဲ့ ဘဏ်တိုက်ကြီးတွေ၊ စတော့ရောင်း ၀ယ်ရေးကုမ္ပဏီတွေ၊ မန်းနီးချိန်ဂျာတွေကိုပဲ မျက်စိထဲပြေးမြင်မိကြ ပါလိမ့်မယ်။ တကယ်တော့ လူတို့အနေနဲ့ မိမိတို့အိတ်ကပ်ထဲမှ ငွေကြေးတစ်စုံတစ်ရာထွက်သွားတိုင်း၊ ချက်လက်မှတ်တစ်စောင်ကို ရေးသားလိုက်တိုင်း၊ အရောင်းအ၀ယ်၊ ဒါမှမဟုတ် ၀န်ဆောင်မှု လုပ်ငန်းတစ်ခုကိုစတင်လိုက်တိုင်း ဘဏ္ဍာရေးဈေးကွက်ရဲ့အခန်း ကဏ္ဍက အလိုလိုပါဝင်လာရစမြဲဖြစ်ပါတယ်။
ဘဏ္ဍာရေးဈေးကွက်ဟာဆိုရင် နှစ်ရာပေါင်းများစွာ ကတည်းက ပေါ်ပေါက်လာခဲ့ပြီးဖြစ်ပါတယ်။ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ ပေါ်ပေါက်လာခဲ့ပေမဲ့လည်း အနှစ်သာရကတော့ ရင်းနှီးမြှုပ်နှံမှု၊ ဖလှယ်မှု၊ ယူနစ်တစ်ခုအဖြစ်တိုင်းတာပေးချေမှုစတဲ့ အနှစ်သာရတွေ ကတော့ အတူတူပဲဖြစ်ပါတယ်။ ဒီဈေးကွက်ကို ခေတ်အဆက်ဆက် မှာပြုပြင်ပြောင်းလဲမှုတွေ၊ တီထွင်မှုတွေပြုလုပ်လာခဲ့တာကိုလည်း တွေ့ရှိရပါတယ်။ စီးပွားရေးစနစ်တစ်ခုအတွင်းမှာ ၀ယ်ယူလိုသူတွေနဲ့ ဈေးကွက်နေရာတစ်ခု ဖန်တီးဖြစ်တည်လာပြီး ဒီဈေးကွက်နေရာက တစ်ဆင့် ၀ယ်လိုအား၊ ရောင်းလိုအားတွေအပေါ်မူတည်ပြီး ဈေးနှုန်း ဆိုတာ ဖြစ်ပေါ်လာပါတယ်။
ဘဏ္ဍာရေးဈေးကွက်ရဲ့အဓိကမြစ်ဖျားခံတဲ့ အင်အားစုတွေ၊ အခြေခံစုဆောင်းသူတွေကတော့ အိမ်ထောင်စုတွေပဲဖြစ်ပါတယ်။ ဒါ့ပြင် စီးပွားရေးလုပ်ငန်းတွေ၊ အစိုးရတွေ၊ နိုင်ငံရပ်ခြားကုမ္ပဏီတွေနဲ့ ¤င်းတို့ရဲ့အစိုးရတွေဟာလည်း ပိုလျံနေတဲ့ငွေကြေးတွေကို သုံးစွဲသူ တွေဆီ ပြန်လည်ချေးငှားခြင်းကို ဆောင်ရွက်ကြရပါတယ်။ အဓိက သုံးစွဲသူ၊ ချေးငှားသူတွေဟာ စီးပွားရေးလုပ်ငန်းကြီးတွေ၊ အစိုးရတွေ ဖြစ်ပြီး အိမ်ထောင်စုတွေဟာလည်း သူတို့ရဲ့လိုအပ်တဲ့ငွေကြေးအရင်း အနှီးတွေအတွက် ပြန်လည်ချေးငှားခြင်း၊ ပိုလျံတဲ့ငွေကြေးတွေကို ရင်းနှီးမြှုပ်နှံခြင်း စသည်တို့ကိုပြုလုပ်ကြရပြန်ပါတယ်။
အရင်းအနှီးဈေးကွက်နှင့် ငွေကြေးဈေးကွက်
ဘဏ္ဍာရေးဈေးကွက်မှာ အရင်းအနှီးဈေးကွက် (Capital Market) နဲ့ ငွေကြေးဈေးကွက် (Money Market) ဆိုပြီး ဈေးကွက် နှစ်ခုတည်ရှိပါတယ်။ အရင်းအနှီးဈေးကွက်မှာဆိုရင် သက်တမ်း တစ်နှစ်ထက်ပိုတဲ့ ငွေချေးသက်သေခံလက်မှတ် (Securities) တွေကို အရောင်းအ၀ယ်ပြုလုပ်တဲ့ဈေးကွက်လို့ ခေါ်ဆိုပါတယ်။ ဒီဈေး ကွက်မှာ စတော့ရှယ်ယာတွေ၊ ငွေချေးစာချုပ်တွေ၊ ဒီဘင်ချာတွေ၊ ကော်ပိုရိတ်ဘွန်းတွေ၊ အစိုးရငွေတိုက်စာချုပ်တွေပါဝင်ပါတယ်။ ငွေကြေးဈေးကွက်မှာဆိုရင်တော့ သက်တမ်းတစ်နှစ်နဲ့ တစ်နှစ် အောက်လျော့နည်းတဲ့ငွေရေးကြေးရေးနဲ့စပ်ဆိုင်တဲ့ စာချုပ်စာတမ်း တွေကို ရောင်းဝယ်ကြတဲ့ဈေးကွက်ဖြစ်ပါတယ်။ ဒီနေရာမှာ အချိန်ပိုင်းအပ်နှံငွေ (Time Deposit) တွေ၊ ဘဏ်အာမခံစာချုပ် စာတမ်း (Banker Acceptances) တွေ၊ ကူးသန်းရောင်းဝယ်ရေး စာချုပ်စာတမ်း (Commercial Paper) တွေနဲ့ ဘဏ်တွေကထုတ် ဝေတဲ့ကြွေးမြီစာချုပ်စာတမ်း (Certificate of Deposit) တွေ ပါဝင်ပါတယ်။
အရင်းအနှီးဈေးကွက်ကိုထပ်မံပြီးတော့ မူလဈေးကွက် (Primary Market) နဲ့ ဆင့်ပွားဈေးကွက် (Secondary Market) ဆိုပြီးတော့ ထပ်မံခွဲခြားထားပါသေးတယ်။ မူလဈေးကွက်မှာ စတော့ ရှယ်ယာတွေ၊ ငွေချေးစာချုပ်တွေကို စတင်ထုတ်ဝေဖြန့်ဖြူးတဲ့ဈေးကွက် ဖြစ်ပြီး Issuing Market လို့လည်းခေါ်ဆိုပါတယ်။ ဆင့်ပွားဈေးကွက် မှာတော့ ထုတ်ဝေပြီးတဲ့ငွေချေးသက်သေခံလက်မှတ်တွေကို ရောင်း ၀ယ်ဖောက်ကားတဲ့ဈေးကွက်ဖြစ်ပြီး Trading Market လို့လည်း ခေါ်ဆိုပါတယ်။
ဘဏ္ဍာရေးဈေးကွက်ဟာဆိုရင် နိုင်ငံတစ်ခုမှာမရှိမဖြစ် လိုအပ်တဲ့စီးပွားရေးလုပ်ငန်းဆောင်တာတွေအတွက် လိုအပ်တဲ့ ငွေကြေးကိုဖြည့်စွမ်းပေးရာ အဓိကနေရာကြီးတစ်ခုဖြစ်ပြီး အိမ်ထောင် စုတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ အစိုးရတွေအတွက် ဆက်သွယ်ပေါင်း ကူးပေးတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။
ဒီဈေးကွက်ဟာဆိုရင် လွတ်လပ်တဲ့စီးပွားရေးစနစ်တွေ အောက်မှာဖြစ်စေ၊ ထိန်းကျောင်းမှုရှိတဲ့ဈေးကွက်စီးပွားရေးစနစ်တွေ အောက်မှာဖြစ်စေ ဖြစ်ပေါ်တည်ရှိလျက်ရှိနေပါတယ်။ အရင်းအနှီး ဈေးကွက်ရဲ့အဓိကပလေယာတွေကတော့ အများနဲ့သက်ဆိုင်တဲ့ ကုမ္ပဏီကြီးတွေ၊ နိုင်ငံတော်အစိုးရနဲ့ ၄င်းတို့ရဲ့ကော်ပိုရေးရှင်းကြီးတွေ ဖြစ်ကြပါတယ်။ ၄င်းတို့ဟာ မိမိတို့လုပ်ငန်းတွေအတွက် လိုအပ်တဲ့ ကာလရှည်အရင်းအနှီးတွေကိုချဲ့ထွင်ဖို့အတွက်လည်းကောင်း၊ နိုင်ငံ တော်ရဲ့ဘဏ္ဍာငွေကြေးလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့အတွက် လည်းကောင်း၊ ဘဏ္ဍာရေးစာချုပ်စာတမ်းများဖြစ်တဲ့ စတော့ရှယ်ယာ တွေ၊ ငွေချေးစာအုပ်တွေ၊ ဒီဗင်ချာတွေကို အများပြည်သူတွေဆီ ထုတ်ဝေရောင်းချကြပါတယ်။ ဒါပေမဲ့ ဒီလိုငွေချေးစာချုပ်တွေ၊ ရှယ်ယာတွေကို အများပြည်သူတို့က ဘယ်လိုစိတ်ချရမှုမျိုး၊ ခိုင်မာမှု မျိုးတွေနဲ့ဝယ်ယူကြပါသလဲဆိုတဲ့မေးခွန်းတွေရှိလာပါတယ်။
နိုင်ငံအတွင်းမှာရှိကြတဲ့ ပြည်သူအများစုဟာဆိုရင် မိမိတို့ရဲ့ ပိုလျံငွေတွေကို တိုးပွားဖို့အတွက် ကာလတိုငွေကြေးဈေးကွက်ဖြစ်တဲ့ ဘဏ်တွေကိုအားကိုးကြတာကို တွေ့ရှိနိုင်ပါတယ်။ သူတို့တွေဟာ ဘဏ်တွေမှာ ငွေကြေးတွေကိုအပ်နှံပြီး အတိုးငွေတွေကိုခံစားကြပါ တယ်။ ဒီငွေတွေဟာ ဘဏ်တွေကတစ်ဆင့် Final User တွေဖြစ်တဲ့ ငွေကြေးရင်းနှီးမြှုပ်နှံသူကုမ္ပဏီတွေ၊ စက်ရုံ၊ အလုပ်ရုံတွေကို ချေးငွေ အသွင်နဲ့ရောက်ရှိသွားပါတယ်။ ဘဏ်တွေကလည်း သင့်တင့်တဲ့ အကျိုးအမြတ်တွေကိုရရှိပါတယ်။ ဒီလိုငွေကြေးစီးဆင်းတဲ့နည်းကို သွယ်ဝိုက်ပြီး ဘဏ္ဍာငွေဖြည့်တင်းနည်း (Indirect Financing)လို့ ခေါ်ဆိုပါတယ်။ တချို့ကလည်း အိမ်၊ ခြံ၊ မြေ၊ ဒေါ်လာ၊ ကား၊ ရွှေဈေးကွက်တွေမှာ ၀င်ရောက်ရင်းနှီးကြတာကို တွေ့ရပါတယ်။ အဓိကလိုအပ်နေတာကတော့ စနစ်ကျပြီး ရေရှည်တည်တံ့ခိုင်မာတဲ့ ရင်းနှီးမြုပ်နှံမှုအခွင့်အလမ်းတွေ ဖော်ထုတ်နိုင်ဖို့ပဲဖြစ်ပါတယ်။
သာတူညီမျရှယ်ယာ
ခေတ်မီတိုးတက်တဲ့နိုင်ငံတွေမှာတော့ ငွေကြေးရင်းနှီးမြှုပ်နှံ သူ (Investor) တွေဟာ အများနဲ့သက်ဆိုင်တဲ့ကုမ္ပဏီတွေဆီမှာ တိုက်ရိုက်ရင်းနှီးမြှုပ်နှံကြပါတယ်။ ဒါကြောင့် သူတို့ဟာ အဆိုပါ ကုမ္ပဏီတွေရဲ့အစုရှယ်ယာဝင်တွေဖြစ်သွားကြပါတယ်။ အဆိုပါ ကုမ္ပဏီတို့ရဲ့ရှယ်ယာတစ်စိတ်တစ်ပိုင်းကို မိမိတို့ပိုင်ဆိုင်ခွင့်ရသွားကြ ပါတယ်။ ဒါကို သဘောတူညီမျရှယ်ယာ (Equity) လို့ခေါ်ဆိုပါ တယ်။ သူတို့ဟာ ဒီကုမ္ပဏီ၊ လုပ်ငန်းတွေရဲ့ကောင်းကျိုး၊ ဆိုးကျိုးတွေကို မျဝေခံစားကြပါတယ်။ ကုမ္ပဏီအောင်မြင်ပြီး အကျိုးဖြစ်ထွန်းလာပါက အောင်မြင်သလောက် အကျိုးခံစားကြရသလို ကုမ္ပဏီဆုံးရှုံးမှုရှိလာ ပါကလည်း မျဝေခံစားကြရပါတယ်။ ဒီလိုဘဏ္ဍာငွေဖြည့်တင်းတဲ့ နည်းကို တိုက်ရိုက်ဘဏ္ဍာငွေဖြည့်တင်းတဲ့နည်း (Direct Financing) လို့ခေါ်ဆိုပါတယ်။ ဒီလုပ်ငန်းတွေဟာ စွန့်စားရမှု (Risk) ရှိသလို၊ ဆုလာဘ် (Reward) တွေလည်းရှိမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ မိမိ ၀ယ်ယူရင်းနှီးမယ့် ကုမ္ပဏီ တွေရဲ့လုပ်ငန်းအခြေအနေ၊ ဦးဆောင်ဦး ရွက်ပြုမယ့်ဒါရိုက်တာတွေရဲ့အရည်အချင်းနဲ့ အတွေ့အကြုံ၊ ရှေ့ အလားအလာ၊ ဘဏ္ဍာငွေကြေးခိုင်မာမှု စသည်တို့ကို ဘက်ပေါင်းစုံ ကနေလေ့လာကြည့်ကြဖို့လိုပါတယ်။ စိတ်ချရတယ်လို့ယူဆပါမှ ၄င်းတို့ရဲ့ရှယ်ယာတွေကိုဝယ်ယူ ရင်းနှီးကြဖို့လိုအပ်ပါတယ်။ စွန့်စားရတဲ့ အလုပ်ကိုမလုပ်လိုသူတွေ အနေနဲ့လည်း အစိုးရနဲ့ကော်ပိုရေးရှင်းကြီး တွေကထုတ်ဝေတဲ့ငွေချေး စာချုပ်တွေ၊ ငွေတိုက်စာချုပ်တွေ၊ ဒီဘင်ချာ စတာတွေကိုဝယ်ယူ ရင်းနှီးနိုင်ကြပါတယ်။ သူတို့ဟာ ပုံမှန်အတိုးငွေ ရရှိကာ အချိန် စေ့ပါက အရင်းပြန်ရမှာဖြစ်ပါတယ်။ သူတို့တွေ ကလည်း စတော့ဈေး ကွက်မှာ သက်တမ်းမစေ့မီမှာ ရောင်းဝယ် ဖောက်ကားနိုင်ကြပါတယ်။
စတော့ဈေးကွက်မှာဆိုရင် အများနဲ့သက်ဆိုင်တဲ့ကုမ္ပဏီ တွေကနေ အောင်မြင်ပြီးအကျိုးအမြတ်ဖြစ်ထွန်းတဲ့ရှယ်ယာတွေကို သာ အရောင်းအ၀ယ်ပြုလုပ်နိုင်ကြပါတယ်။ အများနဲ့မသက်ဆိုင်တဲ့ ကုမ္ပဏီတွေကတော့ ပါဝင်ရောင်းဝယ်ခွင့်မရှိပါဘူး။ ပါဝင်ရောင်းဝယ် လိုတယ်ဆိုရင်တော့ ကုမ္ပဏီဥပဒေတွေအရ အများနဲ့သက်ဆိုင်တဲ့ ကုမ္ပဏီအဖြစ်ပြောင်းလဲဖို့လိုအပ်ပါတယ်။ ကုမ္ပဏီတည်ထောင်သူ (Founder) တွေဟာ အများနဲ့သက်ဆိုင်တဲ့ကုမ္ပဏီဖြစ်ပြီးတဲ့နောက် မှသာ အများပြည်သူတို့ကို ရှယ်ယာတွေစတင်ဖိတ်ခေါ်ရောင်းချနိုင် ပါတယ်။ ဒီလိုရောင်းချခြင်းမပြုလုပ်မီမှာတော့ လိုအပ်တဲ့အစပျိုး အရင်းအနှီး (Seed Capital) တွေကိုရှာဖွေရပါတယ်။ အစပျိုးအရင်း အနှီးဆိုတာ လုပ်ငန်းတစ်ခုစတင်ဆောင်ရွက်ဖို့လိုအပ်တဲ့ ကနဦး အရင်းအနှီးဖြစ်ပါတယ်။ အစပျိုးအရင်းအနှီးကို ကုမ္ပဏီစတင်တည် ထောင်သူတွေရဲ့ပိုင်ဆိုင်ငွေတွေ၊ သူငယ်ချင်းတွေနဲ့ မိသားစုတွေရဲ့ ငွေကြေးတွေနဲ့စတင်ပါတယ်။ အစပျိုးငွေကြေးအရင်းအနှီးဟာ ပထမအဆင့်မှာ နည်းပါးဦးမှာပါဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လုပ်ငန်းစတင်ဆောင်ရွက်ကြဖို့ အကြံဉာဏ်စတင်ထုတ်တဲ့အဆင့်၊ ဒါမှမဟုတ် စတင်ရုပ်လုံးဖော်တဲ့အဆင့်မှာသာရှိသေးတဲ့အတွက် ကြောင့်ဖြစ်ပါတယ်။ ဒီအခြေအနေမှာဆိုရင် စတင်မြေစမ်း ခရမ်းပျိုး ရတဲ့အခြေအနေဖြစ်ပြီး ၀င်ငွေအကျိုးအမြတ်အမြောက်အမြား ရရှိရန် မျော်မှန်းနိုင်တဲ့ကာလမဟုတ်သေးပါဘူး။ စတင်တည် ထောင်သူတွေထည့်ဝင်ထားတဲ့ရင်းနှီးငွေအများစုမှာ သုတေသနနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာအသုံးပြုကာ မိမိတို့ရဲ့ငွေကြေးကိုစွန့်စားပြီး ထည့်ဝင်လိုသူတွေ (Venture Capitalists) ကို ဖိတ်ခေါ်နေတဲ့အဆင့် ဖြစ်ပါတယ်။ တစ်စထက်တစ်စ မိမိတို့လုပ်ငန်းအောင်မြင်လာပြီး နောက်တွင်မှ အများပြည်သူကို ရှယ်ယာတွေထည့်ဝင်ဖို့ဖိတ်ခေါ်ခြင်း (Public Offering) ကိုပြုလုပ်ကာ လုပ်ငန်းတွေစတင်ချဲ့ထွင်ရမှာ ဖြစ်ပါတယ်။
အဲဒီလိုဖိတ်ခေါ်ရောင်းချခြင်းမပြုမီ (Due Diligence) လို့ ခေါ်ဆိုတဲ့ညှိနှိုင်းဆွေးနွေးမှုတွေကိုပြုလုပ်ဖို့လိုအပ်ပါတယ်။ Due Diligence ဆိုတာက မိမိကုမ္ပဏီ၏ရှယ်ယာတွေ အများပြည်သူတို့ကို ကမ်းလှမ်းရောင်းချခြင်းမပြုမီ ထုတ်ဝေမယ့်သူတွေနဲ့ တာဝန်ခံဖြန့်ချိ ရောင်းချမယ့်အဖွဲ့တွေ၊ စာရင်းစစ်၊ စာရင်းကိုင်၊ ဥပဒေပညာရှင်တွေ တွေ့ဆုံညှိနှိုင်းတဲ့အစည်းအဝေးပဲဖြစ်ပါတယ်။ ဒီအစည်းအဝေးတွေ မှာ ထုတ်ဝေမယ့်ရှယ်ယာအရေအတွက်၊ ရှယ်ယာတစ်စောင်ရဲ့တန်ဖိုး၊ ရောင်းချမယ့်ငွေကို ဘယ်လုပ်ငန်းတွေမှာအသုံးပြုမယ်၊ ရေတိုရေရှည် စီမံကိန်းတွေ ဘယ်လိုရေးဆွဲချမှတ်မယ်၊ လုပ်ငန်းလမ်းñွှန်ရှင်းတမ်း (Prospectus) ရေးဆွဲရာမှာ ဘယ်လိုအချက်တွေကို ထည့်သွင်း ရေးဆွဲသင့်တယ်ဆိုတာတွေကို ဆွေးနွေးညှိနှိုင်းကြခြင်းဖြစ်ပါတယ်။ မိမိတို့ရဲ့လုပ်ငန်းလမ်းñွှန်ရှင်းတမ်းတွေကို သတင်းစာတွေကတစ်ဆင့် ပြည့်စုံစွာထုတ်ပြန်ကြေညာရမှာဖြစ်ပါတယ်။ အများပြည်သူတို့ ကလည်း ဒီထုတ်ပြန်ထားတဲ့လုပ်ငန်းလမ်းñွှန်ရှင်းတမ်းတွေကို ရှယ်ယာ တွေဝယ်ယူခြင်းမပြုမီ စေ့စပ်သေချာစွာဖတ်ရှုကြဖို့ လိုအပ်ပါတယ်။
စနစ်တကျထိန်းကျောင်းထား
အမှန်စင်စစ် စတော့ရှယ်ယာဈေးကွက်ဟာ နူးညံ့သိမ်မွေ့ ပြီး ဥပဒေတွေနဲ့စနစ်တကျထိန်းကျောင်းထားတဲ့ဈေးကွက်တစ်ခု ဖြစ်ပါတယ်။ လူအများရဲ့စိတ်ခံစားချက်နဲ့လည်း အများကြီးသက်ဆိုင် ပါတယ်။ စတော့ဈေးကွက်အတွင်းမှာ ဈေးနှုန်းတွေတက်ခြင်း၊ ကျခြင်း ဆိုတာ ဈေးကွက်အတွင်း ၀ယ်လိုအား (Demand) နဲ့ ရောင်းလိုအား (Supply) တို့ရဲ့တုံ့ပြန်မှုတွေကြောင့်သာဖြစ်ပေါ်လာတာဖြစ်ပါတယ်။ စတော့ဈေးနှုန်းဟာ အဆိုပါဝယ်လိုအားနဲ့ရောင်းလို အားတို့ရဲ့ တွေ့ဆုံရာအားမျခြေအမှတ် (Equilibrium Point) သာဖြစ်ပါတယ်။
နိုင်ငံတကာဈေးကွက်တွေမှာဆိုရင် ဈေးကွက်တစ်ခုလုံး ထိန်းချုပ်ကြီးကြပ်တဲ့ ငွေချေးသက်သေခံလက်မှတ်တွေ ရောင်းဝယ် ရေးဥပဒေ (Securities Exchange Law) ကို ရေးဆွဲပြဋ္ဌာန်းထား ကြပါတယ်။ စတော့ဈေးကွက်အရိပ်အောက်မှာ ခိုလှုံနေကြတဲ့ အများနဲ့သက်ဆိုင်တဲ့ကုမ္ပဏီတွေ၊ ရင်းနှီးမြှုပ်နှံသူတွေကို ဥပဒေတွေနဲ့ အကာအကွယ်ပေးထားရပါတယ်။ နေ့တစ်နေ့အတွင်း စတော့ ဈေးနှုန်းတွေလွန်စွာတက်ခြင်း၊ ကျခြင်းမဖြစ်ပေါ်စေဖို့အတွက်လည်း နေ့တစ်နေ့အတွင်းမှာ ရောင်းဝယ်ခွင့်ပြုတဲ့ဈေးနှုန်းအမျိုးမျိုး (Range) တွေကိုလည်းသတ်မှတ်ပြဋ္ဌာန်းထားရပါတယ်။
ကုမ္ပဏီတစ်ခုရဲ့ရှယ်ယာတွေကို ရှယ်ယာရှင်တစ်ဦး၊ ဒါမှ မဟုတ် အဖွဲ့တစ်ဖွဲ့မှ ပိုင်ဆိုင်ခွင့်ရှိတဲ့ရာခိုင်နှုန်း အများဆုံးဝယ်ယူ နိုင်တဲ့အရေအတွက်တွေကိုလည်း သတ်မှတ်ပြဋ္ဌာန်းထားရပါတယ်။ ဒါဟာ တစ်ဦးတစ်ဖွဲ့ထဲက လက်ဝါးကြီးအုပ်မသွားစေဖို့အတွက် ကာကွယ်ထားခြင်းပဲဖြစ်ပါတယ်။ ကြီးကြပ်ရေးအဖွဲ့တွေ ဆိုရင်လည်း စတော့ဈေးကွက်အတွင်းမှာ နေ့စဉ်ဈေးနှုန်းဖြစ်ပေါ်မှုတွေ၊ ရှယ်ယာ ပိုင်ရှင်အပြောင်းအလဲတွေကို စနစ်တကျစစ်ဆေးကြရပါတယ်။
စတော့ဈေးကွက်ယန္တရားအတွင်း ပါဝင်ပတ်သက်သူတွေနဲ့ သူတို့နဲ့ဆက်နွှယ်နေသူတွေရဲ့ရှယ်ယာတွေ ၀င်ရောက်ရောင်းဝယ်မှု (Insider Trading) ကိုလည်း တင်းကျပ်စွာတားမြစ်ထားရပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ စတော့ဈေးကွက်အတွင်းမှာ ဈေးနှုန်းတွေတက်ရိပ်ရှိတယ်၊ ကျရိပ်ရှိတယ်ဆိုတာတွေကို သာမန် ရင်းနှီးမြှုပ်နှံသူတွေထက် ကြိုတင်သိရှိနိုင်ကာ ဈေးကွက်အတွင်း ကြိုတင်ရောင်းဝယ်မှုတွေပြုလုပ်နိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ဥပမာ- မိမိတို့ကုမ္ပဏီက နည်းပညာအသစ်တစ်ခု၊ ဒါမှမဟုတ် ထုတ် ကုန်တစ်ခုထုတ်လုပ်ရောင်းချမယ်လို့ အတွင်းသတင်းသိသူ ဒါရိုက်တာ တစ်ဦးဟာ မကြာမီ ရှယ်ယာဈေးနှုန်းတွေတက်လိမ့်မယ်ဆိုတာကို သေချာပေါက်သိရှိတဲ့အတွက်ကြောင့် မိမိရဲ့ဆွေမျိုးသားချင်းတစ်ဦး နာမည်နဲ့ ဈေးကွက်အတွင်းမှာ ရှယ်ယာတွေကိုဝယ်ယူစေပါတယ်။ မကြာမီ ရှယ်ယာဈေးနှုန်းတွေတက်လာတဲ့အခါမှာ ကြိုတင်ဝယ်ယူ ထားတဲ့ရှယ်ယာတွေကို ပြန်လည်ရောင်းချခြင်းဖြင့် အကျိုးအမြတ် များစွာရရှိစေပါတယ်။ ဈေးကွက်အတွင်းမှာ ဒီလိုအဖြစ်မျိုးတွေ မဖြစ်ပေါ်စေရေးအတွက် စည်းမျဉ်းထိန်းကျောင်းသူ (Regulator) တွေဟာ မူမှန်မဟုတ်တဲ့ ရုတ်တရက်အရောင်းအ၀ယ်မြင့်တက်လာ ခြင်း၊ ဈေးနှုန်းမြင့်တက်လာခြင်း၊ ရုတ်တရက်ကျဆင်းသွားခြင်းတွေရဲ့ အကြောင်းရင်းတွေ၊ နောက်ကွယ်မှကြိုးကိုင်သူတွေကို စုံစမ်းထောက် လှမ်းဖော်ထုတ်ကာ အရေးယူမှုတွေကို ပြုလုပ်ကြရပါတယ်။
(Myanmar B2B Management Magazine)

No comments: