Thursday, April 10, 2014

“Tragedy of the Commons”





tragedy ဆိုတာ ကြေကွဲဖွယ်ရာ ဇတ်လမ်း၊ commons ဆိုတာက အယုတ်အလတ်အမြတ်မရွေး အားလုံးနဲ့ ဆိုင်တဲ့ အရာ အများဆိုင်၊ဘုံပိုင် ပေါ့။ တနည်း.. ပုဂ္ဂလိုကပိုင်မဟုတ်တဲ့ အရာတွေပေါ့..။ ဒီ ၂ ခုပေါင်းလိုက်တော့ “Tragedy of Commons” ဆိုတာ အများပိုင်ပစ္စည်းတွေရဲ့ ကြေကွဲဖွယ်ဇတ်လမ်း။ ဒီစကားစုဟာ သဘာဝပတ်ဝန်းကျင် စီမံခန့် ခွဲမှု (Environmental Management) ကို လေ့လာရင် မသိမဖြစ် သိရတာပဲ..။ သဘာဝပတ်ဝန်းကျင်ဆိုတာ တီရှပ်၊ ဂျင်းဘောင်းဘီတို့ လို ကိုယ်ပိုင်သီးသန့် သုံးစွဲလို့ ရတဲ့ အရာမှမဟုတ်တာကိုး…။ Commons တစ်ခုကိုး။ ဘောဂဗေဒ ပညာရပ်ဆိုင်ရာဝေါဟာရ နဲ့ ဆိုရင် အများပြည်သူကုန်စည် (public utility) လို့ ခေါ်တာပေါ့..။

တနည်းအားဖြင့် အများပိုင်ဖြစ်နေရင် ပျက်ဆီးတာပဲလို့ အလွယ်နားလည်အောင် ပြောရမှာပေါ့လေ..။ ပုဂ္ဂိလကပိုင် (private ownership) ဖြစ်တာ၊ ပုဂ္ဂိလိက ပိုင်ဆိုင်မှုကို ကာကွယ်ပေးတာ (property right) ဟာ စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုရဲ့ မရှိမဖြစ်လို့ ဆိုလိုချင်တာပေါ့..။ နို့ မဟုတ်ရင် ဆင်းရဲမှုထောင်ချောက်ဆိုတဲ့ ကြေကွဲဖွယ်ဇတ်လမ်းကို ကပြ နေရမယ်ဆိုတဲ့သဘော..။ အထူးသဖြင့် အရင်းရှင်စီးပွားရေးစံနစ်ဆိုတာ ပုဂ္ဂလိကပိုင်ဆိုင်မှုကို ကာကွယ်ပေးပြီး လူစွမ်းကောင်းကို မွေးထုတ်။ ပြီးမှ သူ့ ရဲ့ လုပ်အားက အသီးအပွင့်ကို လူ့ အဖွဲ့ အစည်းတစ်ခုလုံးက ဝေစားမျှစားလုပ်ကြတာကိုး..။ ဖွံ့ ဖြိုးပြီး နိုင်ငံတွေမှာ ဒီ ပုဂ္ဂလိက ပိုင်ဆိုင်ခွင့်ကို အကာအကွယ်ပေးထာတဲ့ ဥပဒေတွေ၊ စည်းမျဉ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေ အားကောင်းကြပြီး ဆင်းရဲတဲ့နိုင်ငံတွေမှာ ဒါတွေက လျော့ရဲ၊ ပျက်ဆီးနေတာတွေ့ ရတာပဲ..။ ဈေးကွက်စီးပွားရေးစံနစ်မှာ ပြိုင်ဆိုင်မှုအားကောင်းဖို့ ဆိုတာ ဒီ property right အကာအကွယ်မရှိဘဲ ဖြစ်ကိုမဖြစ်နိုင်ဘူး…။ ကိုယ့်လုပ်အားရဲ့ အသီးအပွင့်ကို အပြည့်အ၀ ခံစားသုံးဆောင်နိုင်ခွင့်ရှိခြင်းဆိုတဲ့ မက်လုံး (incentive) မရှိပဲ ဖန်တီးထုတ်လုပ်ခြင်းဆိုတာ တိုးတက်ဖြစ်ထွန်းလာမှာမဟုတ်ဘူးကိုး။

ဒါပေမယ့် အရာရာတိုင်းက ပုဂ္ဂလိက ပိုင်ပြုလို့ ရတာမှမဟုတ်တာ…။ အထူးသဖြင့် အထက်က ဆိုခဲ့တဲ့ အများပိုင်ပစ္စည်း (public utility) တွေမှာပေါ့..။ ဒီနေရာမှာ အများပိုင်ပစ္စည်းကို ဘယ်လို အဓိပ္ပါယ်သတ်မှတ်လဲက အရေးကြီးတယ်..။ အများပိုင်ပစ္စည်းတွေမှာ… ပြိုင်ဖက်မရှိတာ (non-rivalry)၊ ဘယ်သူ့ ကိုမှဖယ်ထုတ်လို့ မဖြစ်နိုင်တာ (non-exclusion)၊ တဆင့်ခံသိုလှောင် လို့ မရတာ (non-transitory) ဘာ..ညာ..ဆိုတဲ့ လက္ခဏာတွေတော့ရှိတာပေါ့လေ....။ အကောင်းဆုံးဥပမာပေးရရင်တော့ သဘာဝပန်းဝင်ကျင်က လေထုသန့် ရှင်းမှု ပေါ့…။ ဒီ သန့် ရှင်းတဲ့လေကို သူ့ ထက်ငါ အပြိုင်အဆိုင် ဈေးပိုပေးပြီးဝယ် ရှုလို့ မရဘူး။ အဲလိုပဲ…အခြားသူတွေကို အခွန်မဆောင်လို့  ဒုစရိုက်မှုကျူးလွန်သူမို့ ဆိုပြီး ဒီလေထုထဲကနေ ဖယ်ထုတ်ထားလို့ မရဘူး..။ သန့် ရှင်းတဲ့လေထုကို ကောက်ပဲသီးနှံသိုလှောင်သလို ဈေးကောင်းမှ ထုတ်ရောင်းလုပ်လို့ ရတာမျိုးလည်းမဟုတ်ဘူး ကိုး..။ ဒါက …ပညာရပ်ဆိုင်ရာ ပညတ်ကြည့်တာပေါ့..။

ဒီ commons တွေရဲ့ ပြဿနာ tragedy ဆိုတာ ဒီလက္ခဏာတွေကြောင့်ထွက်လာတာပဲ..။ ထင်ရှားစေဖို့  ပေးကြတဲ့ ဥပမာက တော့ ရွာ စားကျက်မြေ နဲ့ ရွာသားတွေပေါ့..။ စားကျက်မြေဆိုတာ စံနစ်တကျ သုံးစွဲမှ၊ ထိန်းသိမ်းစောင့်ရှောက်မှ ရေရှည်တည်တံ့တာကိုး..။ ရွာပိုင် အများပိုင်ပဲ ဆိုပြီး သဘောထားရင် ဘယ်သူမှ ကိုယ့်ဥစ္စာလို တန်ဖိုးမထားကြတော့….”အလကားရ၊ ရေအသေသောက်” ဆိုတာလို အလွန်အကျွံ အသုံးပြုကြတော့…ရွာစားကျက်မြေဟာ မကြာခင်ပျက်ဆီးတော့တာပဲ…tragedy of commons ဖြစ်လာတာပဲ...။ ဒါကို…ရွာက အိမ်ထောင်စုတိုင်းအတွက် သီးသန့် ကိုယ်ပိုင်အကွက်လေးတွေ ရိုက်ပေးလိုက်ရင် ကိုယ့်စားကျက်မြေဖြစ်လာတော့ မပျက်ဆီးအောင် ကောင်းသထက်ကောင်းအောင် စောင့်ရှောက်လာတယ်ဆိုတဲ့ သဘောတရား..။ စုပေါင်းအားနဲ့ လုပ်ယူမှရတဲ့ (collective activities) အချက်က ဒီ အများပိုင် commons တွေရဲ့ အဓိက အားနည်းချက်ပေါ့..။ သဘာဝ ပတ်ဝန်းကျင်ပျက်ဆီးတယ်ဆိုတာလည်း ဒီသဘောပဲ..။

ဒါပေမယ့် ဆိုခဲ့သလို property right ပုဂ္ဂလိကပိုင်ဆိုင်မှုကို အကာအကွယ်ပေးတာကလည်း ထင်သလောက် လွယ်တဲ့ကိစ္စမဟုတ်..။ ရေရှည်စီးပွားရေးဖွံ့ ဖြိုးတိုးတက်ဖို့ ဆိုရင် ဒီ PR က လိုအပ်တယ်..။ ဒါပေမယ့် ..ဒါကို ရေတိုမှာအကောင်အထည်ဖေါ်ဖို့ ဆိုတာ မြန်မာလို ဆင်းရဲတဲ့နိုင်ငံတွေအတွက်က ငွေတပဲနဲ့ ငါးကြင်းခေါင်းကိုင်သလို မတန်မရာ။ အကောင်းအဆုံးဥပမာက… ရခိုင်ပြည်က ထွက်သွားရတဲ့ MSF နဲ့ နိုဘယ်ဆု ပေါ့..။ HIV ဆေးကို ဆေးဝါးကုမ္ပဏီက ထုတ်ရာမှာ မူပိုင်ခွင့်ကို ကိုင်ထားတော့ ဆင်းရဲသားရောဂါသည်တွေ အတွက် ဈေးက အဆမတန်ဖြစ်နေရော။ ဆေးဖိုးမရှိ၊ သေဖို့ ပဲ ရှိ နေတဲ့အချိန်မှာ MSF က မူပိုင်ခွင့်ကို ဆန့် ကျင်လှုပ်ရှားတာ ကြောင့် အနိုင်ရပြီး နိုဘယ်ဆု ရခဲ့တာတဲ့..။ ဒါကကြတော့ မူပိုင်ခွင့်ကြောင့် ဆင်းရဲသူတွေ ထိခိုက်နစ်နာနိုင်ချေပေါ့..။ တဖက်ကကြည့်ရင်လည်း မူပိုင်ခွင့်မရှိရင် မက်လုံးကို ဖျက်ဆီးလိုက်တဲ့အတွက် ထုတ်လုပ်မှု productivity ကလျော့ကျလာတာပဲ..။ ဒီအခါမှာ လူ့ အဖွဲ့ အစည်းတစ်ခုလုံးရဲ့ စီးပွားရေးစွမ်းဆောင်ရည် economic efficiency ကိုထိခိုက်လာရောပေါ့..။ ခိုးကူးခွေတွေ ပေါနေသမျှ မြန်မာပြည်ရဲ့ ဂီတ၊ ရုပ်ရှင်လောက တိုးတက်ဖို့ ဝေးနေဦးမှာဖြစ်သလိုပေါ့..

သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမှာကကြတော့ property right မရှိလို့ ...ကိုယ့်ကိုယ်ပိုင်မဟုတ်တဲ့အခါ ရှေ့ နောက်မဆင်ခြင်ထင်သလို ထုတ်ယူသုံးစွဲကြတော့တာပဲ...။ ဒါဖြင့်ရင်…စီးပွားရေးစွမ်းတိုးတက်မှုကို မထိခိုက်ဘဲ၊ သဘာဝပတ်ဝန်းကျင်ကိုလည်း ကာကွယ်လို့ ရနိုင်မလား…မေးစရာဖြစ်လာတယ်…။ လူသားဟာ အသက်ရှင်ရပ်တည်နိုင်ဖို့  သဘာဝရင်းမြစ်တွေကပဲ ထုတ်ယူသုံးစွဲနေရတာဆိုတော့ စားဝတ်နေရေးကိစ္စ မှန်သမျှဟာ သဘာဝပတ်ဝန်းကျင်ကို တနည်းမဟုတ်တနည်း..ထိခိုက်နေတာပဲလေ..။ အနည်းနဲ့ အများပဲ ကွာတာ..။ ဒီလို စီးပွားရေးတိုးတက်မှုနဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအဆက်အစပ်ကို U shape သို့  “ပ” ဆောက် ပုံ ဂရပ်နဲ့ ဖေါ်ပြတာပဲ..။ Environmental Kuznets Curve လို့ ခေါ်ကြတယ်..။ ဒီဂရပ်ကပြောတာက စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုဖြစ်စဉ်မှာ သဘာဝပတ်ဝန်းကျင်ဟာ အစပိုင်းမှာ ထိခိုက်တာရှိမယ်၊ ဒါပေမယ့် …ဒီလိုနစ်နာဆုံးရှုံးမှုဟာ ဂရပ်ရဲ့ အောက်ဆုံးအမှတ်ကို ကျော်လွန်သွားပြီဆိုရင် စီးပွားရေးတိုးတက်လာလို့ ဝင်ငွေမြင့်လာတာနဲ့ အမျှ ပျက်ဆီးသွားတဲ့ သဘာဝပတ်ဝန်းကျင်ကို ပြန်လည်ဖာထေးပြီး ကောင်းမွန်အောင်လုပ်နိုင်တယ်ဆိုတဲ့သဘော။ ဒီအယူအဆနဲ့ သဘာဝရင်းမြစ်တွေကို လက်ကုန်နှုက် ထုတ်ယူသုံးစွဲကြတယ်..race to the bottom ။ ကံဆိုးချင်တော့ …နောက်ပိုင်းတွေ့ ရှိချက်တွေမှာ Kuznets Curve ဟာ ထင်ခဲ့သလို မဟုတ်ပဲ အောက်ခြေပြားနေတဲ့ ဂရပ်ပုံဖြစ်နေတယ်တဲ့..။ ဆိုလိုတာက သဘာဝပတ်ဝန်းကျင်ဆိုတာ မျိုးဟာ ပျက်ဆီးသွားရင် ငွေနဲ့ ပြန်ဖာလို့ ရတဲ့အရာမဟုတ်ဘူးပေါ့..။

ဒီလိုဆိုရင်…စီးပွားရေးအပြုအမူတွေနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကြား ဘယ်လို အကောင်းဆုံးဖြစ်အောင် စီမံခန့် ခွဲနိုင်မလဲ..။ ခက်တာက…ဒီလို သဘာဝပတ်ဝန်းကျင်စီမံခန့် ခွဲမှုနဲ့ ပတ်သက်ရင် Pareto Optimum လို့ ခေါ်တဲ့ ၂ ဘက်ကောင်းအဖြေ ဆိုတာ မရှိသလောက်ရှားနေပြန်ရော..။ အဆိုးထဲက အကောင်း ဆုံး better-off ကို အလျော့အတင်းလုပ်ယူ (compromise) ကြရတာပဲ..။ ဥပမာ…မြစ်ကြောင်းတစ်ခုပေါ်မှာ စက္ကူစက်ရုံတည်တယ်ဆိုပါဆို့ ။ ဒီစက်ရုံက ထွက်တဲ့ စက္ကူတိုင်းအတွက် ကုန်ကျစားရိတ် တွေရှိမှာ အသေအချာ… စီးပွားရေးကုန်ကျစားရိတ် economic cost ပေါ့..။ ဒါပေမယ့် …ဒီ စက်ရုံက စွန့် ထုတ်လိုက်တဲ့ အညစ်အကြေးတွေကြောင့် မြစ်ရေညစ်ညမ်းသွားတာ၊ မြစ်ရေသောက်သုံးသူတွေ ကျန်းမာရေးထိခိုက်ကုန်တာ၊ ငါးတွေ သေကုန်လို့ ဒီမြစ်ကို အမှီပြု အသက်မွေးနေတဲ့ တံငါတွေ ဘ၀ပျက်ကုန်တာ စသဖြင့် ထိခိုက်နစ်နာမှုတွေကိုကြတော့ ဘာပြောမလဲ..။ ဒါကိုကြတော့…စက်ရုံပိုင်ရှင်ရဲ့ ပြင်ပ လူ့ အဖွဲ့ အစည်းက ပေးလိုက်ရတဲ့ စားရိတ် Social Cost ပေါ့..။ ဒီစရိတ်ကြတော့… စက်ရုံပိုင်ရှင်ရဲ့ တွက်ရေးနယ်ပယ် ထဲမှာ အစလက်ဦးကတည်းက မပါခဲ့လို့ ပြင်ပ သက်ရောက်မှုများ externalities ခေါ်တယ်..။ တိတိကျကျဆိုရရင်.. သဘာဝ ပတ်ဝန်းကျင်ကို ဖျက်ဆီးတဲ့ ပြင်ပ သက်ရောက်မှုတွေမို့ Negative Externalities ..။

ဒီအခါမှာ…ဒီ Negative Externalities တွေကို စက်ရုံပိုင်ရှင်ရဲ့ အတွက်အချက်ထဲမှာ ပါအောင်ထဲ့ပေးဖို့ လိုတယ်..တနည်း... ဒီ ထိခိုက်နစ်နာမှုတွေကို စက်ရုံပိုင်ရှင်က ပေးလျော်ဖို့ သင့်တယ်ပေါ့…။ ဒါကို ညစ်ညမ်းသူပေးစေ ဆိုတဲ့ Polluter Pays Principle ခေါ်ကြတာပဲ..။ တနည်းအားဖြင့် ဒီစည်းမျဉ်းဟာ ပြင်ပထိခိုက်နစ်နာမှုတွေကို စက်ရုံပိုင်ရှင်ရဲ့ အရှုံးအမြတ် တွက်ရေးထဲမှာ ထဲ့သွင်းစေခြင်း Internalizing the externailities ပဲ….။ CSR (Co-operate Social Responsibility) ဆိုတာ ဒါပဲ။

ဒါပေမယ့်…အကြောင်းအရာဟာ ဒီတင် ရပ်နေလို့ မရ…တဆင့်တက် စဉ်းစားကြည့်မယ်ဆိုရင် ဒီစက္ကူစက်ရုံပိုင်ရှင်ဟာလည်းပဲ လူ့ အဖွဲ့ အစည်းထဲက ဖြစ်နေတော့ တက်လာတဲ့ စရိတ်တွေက သူ့ အပေါ်ထိခိုက်နစ်နာစေလေတော့…သူ့ စက္ကူတွေကို ဈေးတင်ရောင်းတော့တာပေါ့..။ ဒီအခါမှာ.. စားသုံးသူတွေဟာ ဈေးကြီးတဲ့ ကုန်စည်ကို ၀ယ်ယူရပြန်တော့တယ်…။ ဒါကြောင့်ပဲ သဘာဝပတ်ဝန်းကျင် အရည်အသွေး environmental quality ဆိုတာဟာ luxury good ဇိမ်ခံကုန်စည်လို့ သတ်မှတ်ကြတာ..။ အိုင်ဖုန်း၊ အိုင်ပက်တို့  လိုချမ်းသာတဲ့သူတွေသာ သုံးစွဲနိုင်၊တတ်နိုင်တဲ့ ကုန်စည်မျိုးဆိုတဲ့သဘော..။ လက်တွေ့ မှာလည်း ချမ်းသာတဲ့နိုင်ငံတွေသာ သဘာဝပတ်ဝန်းကျင်အရည်အသွေးမြင့်မားပြီးတော့ ဒီနိုင်ငံကြီးတွေကပဲ ဆင်းရဲတဲ့နိုင်ငံတွေဆီက အရင်းအမြစ်တွေကို စုပ်ယူစားသုံးနေကြတာကိုး…World System Theory.။

ဒီအတွက်နဲ့ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးဆိုတာ ဖွံ့ ဖြိုးရေးအကြောင်းပြောရင် မပါမဖြစ်ပါလာတော့တာပဲ..။ တနေ့ တခြားပဲ…သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဟာ နိုင်ငံရေးနဲ့ ထဲထဲဝင်ဝင် ပတ်သက်လာတဲ့ အကြောင်းတရားဖြစ်လာပြန်တော့တယ်....။ ကမ္ဘာ့နိုင်ငံအသီးသီးမှာ…နိုင်ငံရေးသမားတွေဟာ သူတို့ ရဲ့ ပြိုင်ဘက်နိုင်ငံရေးသမားတွေ၊ အထူးသဖြင့် အစိုးရတွေကို တိုက်ခိုက်တဲ့နေရာမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဟာ လက်နက်ဖြစ်လာနေတော့တယ်…။ ဒီလို သဘာဝပတ်ဝန်းကျင်အရေးကို ကိုယ့်နိုင်ငံရေးရည်မှန်းချက်အကောင်အထည်ဖေါ်ရေးအတွက် နိုင်ငံရေးလက်နက်အဖြစ် သုံးစွဲလာတဲ့သူကို ရည်ညွှန်းပြီ Eco-facisim ဆိုတဲ့ဝေါဟာရလည်းပေါ်ထွက်လာခဲ့တယ်…။ နေမျိုးနွယ်တွေ သာအမြတ်ဆုံး၊ အာရိယန်တွေသာ အမြင့်ဆုံး ဆိုသလို သဘာဝပတ်ဝန်းကျင်ကို မထိမတို့ ရ လို့ ဆိုချင်ကြဟန်တူပါတယ်…။

ဒီတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလို့ ဆိုလိုက်ရင် နိုင်ငံရေး၊စီးပွားရေး၊လူမှုရေး၊ သိပ္ပံနဲ့ နည်းပညာ စသဖြင့် ဘက်ပေါင်းစုံက ထဲ့သွင်းစဉ်းစားဖို့ လိုလာတာအမှန်ပဲ…။ မြန်မာနိုင်ငံလို သယံဇာတကျိန်စာ (Dutch Disease) မိနေတဲ့ စုတ်ပြတ်နေတဲ့တိုင်းပြည် (failed state) မှာ ခြစားတဲ့အစိုးရယန္တရား ရယ်၊ ရသလောက် အချောင်နှိုက်နေတဲ့ အိမ်နီးခြင်းတွေရယ်၊ တိုးပွားများပြားလာတဲ့ ရည်မှန်းချက်အမျိုးမျိုးနဲ့  နိုင်ငံရေးလှုပ်ရှားသူတွေရယ်၊ ပညာရေးစံနစ်နောက်ကျကျန်ခဲ့တာရယ် စတဲ့အမျိုးစုံ ခြိမ်းခြောက်မှုတွေအပြင် အခြားသော လစ်ဟာချက်တွေကလည်း အနမတဂ္ဂ...။ ဒီအတွက်ကြောင့်…သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုတဲ့ ကြီးမားကျယ်ပြန့် လှတဲ့ နယ်ပယ်ကြီးနဲ့ ပတ်သက်ပြီး တွေးမိ၊ ဖတ်မိတဲ့ ရောက်တတ်ရာရာလေးတွေကို ဖေါက်သည်ချလိုက်တာ...။ သဘာဝ ပတ်ဝန်းကျင်နဲ့ ဖွံ့ ဖြိုးရေးပေါ့ Development with Environment ပေါ့..။


by :
Athenian Ahnyarthar

No comments: