၂၀၁၄
ခုနှစ် ဖေဖော်ဝါရီ ၂ ရက်က မြန်မာ့အလင်းသတင်းစာမှာ “မြန်မာနိုင်ငံ၏
စီးပွားရေးတိုးတက်၊ မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေးအောင်မြင်”ဆိုတဲ့
ဆောင်းပါးတစ်ပုဒ်ကို ဖတ်ရှုလိုက်ရပါတယ်။ ဆောင်းပါးရှင်က
ဒေါက်တာမောင်မောင်သိမ်းဖြစ်ပြီး ဖတ်ရှုသူများက ဆောင်းပါးဖြစ်တဲ့အကြောင်းကို
အထူးသတိပြုမိကြစေဖို့ “ဆောင်းပါး”လို့ သီးခြားခေါင်းစဉ်တပ်ပေးထားတာလည်း
တွေ့ရပါတယ်။ ကြေးနန်းစာပုံစံ (သို့မဟုတ်) အထက်အကြီးအကဲတစ်ဦးလေသံနဲ့
အောက်ခြေအဆင့်ဆင့်ကို အမိန့်ချမှတ်သလို တိုတိုပြတ်ပြတ်ခေါင်းစဉ်တပ်ထားလို့
သတင်းတစ်ပုဒ်အဖြစ် ထင်မှတ်သွားမှာကို အယ်ဒီတာက စိုးရိမ်တဲ့အတွက်
ယခုလိုဖော်ပြပေးတာလို့ ယူဆမိပါတယ်။
ဆောင်းပါးမှာ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့(IMF)ရဲ့ဝန်ထမ်းများ အနီးကပ်ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (Staff Monitered Programme-SMP)အရ မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေ လေ့လာတွေ့ရှိချက်အစီရင်ခံစာ ပေါ်ထွက်လာကြောင်း၊ အဲဒီအစီရင်ခံစာမှာပါရှိတဲ့ အချက်များအနက် အရေးကြီးတဲ့အချက်များဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်း၊ ဘတ်ဂျက်လိုငွေပြမှုနဲ့ ငွေကြေးဖောင်းပွမှုနှုန်း စတဲ့ကိန်းဂဏန်းနှုန်းထားများအရ ဆောင်းပါးရှင်က “မြန်မာနိုင်ငံ၏စီးပွားရေးတိုးတက်၊ မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေးများအောင်မြင်”လို့ နိဂုံးကောက်ချက်ဆွဲပြီး ရေးသားထားခြင်းဖြစ်ကြောင်း တွေ့ရှိပါတယ်။
.

ဆောင်းပါးမှာ ဒေါက်တာမောင်မောင်သိမ်းက
မြန်မာနိုင်ငံရဲ့စီးပွားရေးတိုးတက်နှုန်းက ၂၀၁၂-၁၃ ခုနှစ်မှာ ၇ ဒသမ ၃
ရာခိုင်နှုန်းရှိပြီး မူလခန့်မှန်းထားတဲ့ ၆ ဒသမ ၂၅ ရာခိုင်နှုန်းထက်
သာလွန်နေတယ်လို့ နှုန်းထားတွေ နှိုင်းယှဉ်ဖော်ပြထားပါတယ်။ နောက်ပြီး
အမေရိကန်က ၂ ရာခိုင်နှုန်း၊ ဗြိတိန်က ၂ ဒသမ ၈ ရာခိုင်နှုန်း၊ နော်ဝေးက ၂ ဒသမ ၁
ရာခိုင်နှုန်း၊ ဂျာမနီက ၁ ဒသမ ၁ ရာခိုင်နှုန်းနဲ့ ဂျပန်က ၂ ဒသမ ၎
ရာခိုင်နှုန်း အစရှိတဲ့နှုန်းတွေထက် မြန်မာနိုင်ငံကသာပါတယ်လို့
ရေးသားထားတာတွေ့ရပါတယ်။
အမှန်က ၇ ရာခိုင်နှုန်းတိုးတာနဲ့ ၂ ရာခိုင်နှုန်းတိုးတာကို နှိုင်းယှဉ်ပြောရရင် မြန်မာနိုင်ငံက ချောက်ထဲကနေပြီး မြေပြင်ကိုရောက်ဖို့ တစ်နေ့ခုနစ်လှမ်းနှုန်း တိုးတက်လှမ်းနေရတာဖြစ်ပြီး စက်မှုဖွံ့ဖြိုးပြီး နိုင်ငံကြီးတွေက မြေပြင်ပေါ်ကနေပြီး တောင်ပေါ်ကို တစ်နေ့နှစ်လှမ်း တိုးတက်လှမ်းနေတာနဲ့တူပါတယ်။ သူတို့တက်လှမ်းနေတဲ့ “တောင်”ရဲ့အမည်က စီးပွားရေးတည်ငြိမ်မှု(Economic Stability)ဆိုတဲ့တောင်ဖြစ်ပါတယ်။ မြန်မာနိုင်ငံကတော့ အဆင်းရဲဆုံး (L.D.C)ဆိုတဲ့ ချောက်ထဲမှ လှမ်းတက်နေရတုန်းပါ။ အဲဒါကိုမသိဘဲ နှုန်းထားအရ တယ်ဟုတ်ပါလားလို့ ထင်ယောင်ထင်မှားဖြစ်အောင် နှိုင်းယှဉ်ပြသလိုဖြစ်သွားမှာ စိုးရိမ်မိပါတယ်။
.
နောက်ပြီး အာဆီယံနိုင်ငံတွေထဲက အင်ဒိုနီးရှား၊ ထိုင်းနဲ့ မလေးရှားတို့ထက် မြန်မာက စီးပွားရေးတိုးတက်မှုနှုန်းသာတယ်လို့ နှိုင်းယှဉ်ပြီးဖော်ပြထားပြန်ပါတယ်။ လက်တွေ့မှာ မြန်မာနိုင်ငံက အာဆီယံ ၁၀ နိုင်ငံထဲမှာ တစ်ဦးချင်းဝင်ငွေအနည်းဆုံးနိုင်ငံဖြစ်နေပါတယ်။
Jetro ခေါ်တဲ့ ဂျပန်နိုင်ငံ နိုင်ငံခြားကူးသန်းရောင်းဝယ်မှုအဖွဲ့ရဲ့ စစ်တမ်းအရ ကုန်ထုတ်လုပ်မှုကဏ္ဍမှာ ရန်ကုန်မြို့က လုပ်သားတစ်ဦးရဲ့ တစ်လတာပျမ်းမျှလစာဟာ အမေရိကန်ဒေါ်လာ ၆၈ ဒေါ်လာပဲရှိပါတယ်။ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့မှာ ၁၃၀ ဒေါ်လာရှိပြီး ကမ္ဘောဒီးယားနိုင်ငံမှာ ၈၂ ဒေါ်လာရှိနေပါတယ်။ ၀န်ဆောင်မှုကဏ္ဍကိုကြည့်ပြန်ရင်လည်း ရန်ကုန်မှာ အလုပ်သမားတစ်ဦးရဲ့ တစ်လပျမ်းမျှလစာဟာ ၁၇၃ ဒေါ်လာသာရှိပြီး ဟိုချီမင်းမှာ ၃၂၀ ဒေါ်လာရှိပါတယ်။ ကမ္ဘောဒီးယားက ဖနွမ်းပင်မှာတောင် ၂၆၆ ဒေါ်လာအထိ ရှိနေပါတယ်။ စင်ကာပူ၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားတို့နဲ့ယှဉ်ရင် မြန်မာနိုင်ငံက ပိုပြီးနိမ့်ကျနေတာ တွေ့ရပါလိမ့်မယ်။
နောက်ပြီး စီးပွားရေးတိုးတက်မှုနှုန်းကိုပြောရင် သမ္မတကြီးပြောတဲ့ ဆင်းရဲမွဲတေမှု ၂၆ ရာခိုင်နှုန်းက ဘယ်လောက်လျော့နည်းသွားအောင် ဆောင်ရွက်နိုင်ခဲ့ပြီလဲဆိုတာကို သုံးသပ်တင်ပြနိုင်ဖို့လိုပါတယ်။ ဆင်းရဲနွမ်းပါးမှုလျော့မှ စီးပွားရေးတိုးတယ်ဆိုတာ သိသာထင်ရှားမှာလည်းဖြစ်ပါတယ်။
.
ဒုတိယအချက်အနေနဲ့ ဘတ်ဂျက်လိုငွေပြမှုကိန်းဂဏန်းတွေကို ထပ်မံနှိုင်းယှဉ်ပြီးနောက် ဆောင်းပါးရှင်က မြန်မာနိုင်ငံဟာ ၂၀၁၃-၁၄ မှာ ဂျီဒီပီရဲ့ ၄ ဒသမ ၈၇ ရာခိုင်နှုန်းသာ လိုငွေပြကြောင်း၊ ဗြိတိန်မှာ ၂၀၁၃ က လိုငွေပြမှုဟာ ဂျီဒီပီရဲ့ ၁၁ ဒသမ ၃ ရာခိုင်နှုန်း၊ အမေရိကန်ပြည်ထောင်စုမှာ ၆ ဒသမ ၅ ရာခိုင်နှုန်း၊ ဂျပန်မှာ ၁၀ ရာခိုင်နှုန်း အသီးသီးရှိတဲ့အတွက် မြန်မာဟာ အညံ့ထဲမှာစာရင်းမ၀င်ကြောင်း ဖော်ပြထားပါတယ်။
ဒီနေရာမှာ 'သူဌေးရွှေခွက်ပျောက်တာ အရေးမကြီးဘူး။ သူတောင်းစားခွက်ပျောက်တာ ဆိုးတယ်' ဆိုတဲ့စကားကို အမှတ်ရမိပါတယ်။ အဲဒီနိုင်ငံကြီးတွေရဲ့ လိုငွေပြမှုဟာ သူဌေးရွှေခွက်ပျောက်သလိုပါပဲ။ ပြည်သူတွေအကျိုးစီးပွားအတွက် ပိုမိုပြီးသုံးစွဲဖြည့်ဆည်းပေးရလို့ လိုငွေပြကြတာဖြစ်တာကိုလည်း တွေ့မြင်နိုင်ပါတယ်။
မြန်မာနိုင်ငံမှာက ပြည်သူ့ဘဏ္ဍာကို ကိုယ့်အိတ်ထဲထည့်တာ၊ ခိုးတာဝှက်တာ၊ ပြည်သူအကျိုးမရှိတဲ့လုပ်ငန်းတွေမှာသုံးစွဲတာ၊ မလုပ်တတ်မကိုင်တတ်လို့ အဟောသိကံဖြစ်တာ၊Overhead Cost တွေများပြီးဆုံးရှုံးတာ စတဲ့အချက်တွေဟာ လိုငွေပြခြင်းရဲ့အဓိကအကြောင်းရင်းများထဲမှာ ပါဝင်နေဆဲဖြစ်တာ တွေ့ရှိနိုင်ပါတယ်။
ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ပြည်သူအတွက် ပိုသုံးလိုက်လို့ လိုငွေပြတာနဲ့ လုပ်ပိုင်ခွင့်အာဏာရှိတဲ့ လက်တစ်ဆုပ်စာလူတစ်စုရဲ့ ကိုယ်ကျိုးစီးပွားအတွက် သုံးလို့ဖြုန်းလို့လိုတာဆိုတဲ့ အချက်နှစ်ချက်ကွာခြားမှုရှိနေပါတယ်။ ဒါကို သတိပြုပြီး ခွဲခြားသိမြင်နိုင်ပါမှ သူတောင်းစားခွက်ပျောက်တဲ့အဖြစ်ကို မကြုံရမှာဖြစ်ပါတယ်။ အာရှပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(APEC)ရဲ့ ၂၀၁၃ ခုနှစ် လေ့လာတွေ့ရှိချက်အရ ဖွံ့ဖြိုးဆဲနိုင်ငံများမှာ အိမ်ထောင်စုတစ်စုရဲ့ နှစ်စဉ်ပျမ်းမျှစားသုံးမှုဟာ အမေရိကန်ဒေါ်လာ ၃,၁၁၁ သာရှိပြီး စက်မှုဖွံ့ဖြိုးပြီးနိုင်ငံတွေမှာရှိတဲ့ အိမ်ထောင်စုတစ်စုရဲ့ နှစ်စဉ်စားသုံးမှုက အမေရိကန်ဒေါ်လာ ၁၁,၇၃၈ ဒေါ်လာရှိတာမို့ ဆယ်ဆတိတိပိုပါတယ်။ အဲဒီလို ပြည်သူတွေ ပိုမိုစားသုံးနိုင်အောင် ဖန်တီးပေးတဲ့အတွက်ကြောင့် လိုငွေပြတာကိစ္စမရှိဘူးလို့ ပြောချင်ပါတယ်။
.
နောက်ဆုံးအချက်အနေနဲ့ ဆောင်းပါးရှင်က မြန်မာနိုင်ငံရဲ့ငွေကြေးဖောင်းပွမှုနှုန်းကို တင်ပြထားတာတွေ့ရပါတယ်။ ၂၀၁၃ ခုနှစ် ဒီဇင်ဘာမှာ ၆ ဒသမ ၇၅ ရာခိုင်နှုန်းအထိ ရှိနိုင်တယ်လို့ IMF က ဖော်ပြထားတဲ့အတွက် ၂၀၁၃ ခုနှစ် သြဂုတ်လကရှိတဲ့ ၇ ဒသမ ၃ ရာခိုင်နှုန်းထက် လျော့နည်းလာတာကိုတွေ့ရှိရကြောင်း ရေးသားတင်ပြထားပါတယ်။ အင်ဒိုနီးရှားမှာ ၂၀၁၃ ခုနှစ်က ၈ ဒသမ ၃၈ ရာခိုင်နှုန်းရှိပြီး အိန္ဒိယမှာ ၉ ဒသမ ၂၁ ရာခိုင်နှုန်းအထိရှိတာကြောင့် မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းဟာ နည်းပါးသေးတယ်လို့လည်း ဆိုထားပါတယ်။
စာရေးသူရဲ့လေ့လာတွေ့ရှိချက်အရ မြန်မာနိုင်ငံရဲ့ငွေကြေးဖောင်းပွမှုဟာ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှာ ၁ ဒသမ ၉၅ ရာခိုင်နှုန်းသာရှိရာမှ ၂၀၁၃ ဒီဇင်ဘာလမှာ ၆ ဒသမ ၇၅ ရာခိုင်နှုန်းအထိ လေးဆနီးပါး ခုန်တက်သွားတာဖြစ်တယ်ဆိုတာ သိရှိရပါတယ်။ ငွေကြေးဖောင်းပွမှုဖြစ်စေဖို့ အကြောင်းတစ်ရပ်ဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ငွေစက္ကူရိုက်နှိပ်မှုကို လေ့လာကြည့်ရင် ၂၀၁၀-၁၁ မှာ ၆,၃၃၁ ဒသမ ၈ ဘီလီယံရှိပြီး ၂၀၁၁-၁၂ မှာ ၆,၇၂၂ ဒသမ ၆၂ ဘီလီယံနဲ့ ၂၀၁၂-၁၃ မှာ ၉,၀၄၆ ဒသမ ၁၉ ဘီလီယံရှိတယ်လို့ သိရှိရပါတယ်။ IMF ရဲ့ S.M.P အကြီးအကဲ Mr.Matt Devies က ငွေစက္ကူရိုက်တဲ့အလေ့ကို အမြန်ဆုံးလျှော့ချဖို့ အကြံပေးခဲ့တယ်လို့လည်း သိရှိရပါတယ်။ အနှစ်ချုပ်လိုက်ရင် အဲဒီလိုငွေစက္ကူတွေရိုက်လို့ ငွေကြေးဖောင်းပွမှုတိုးတက်လာပြီး ငွေကြေးဖောင်းပွမှုတိုးလို့ G.D.P တိုးတာလည်း ဖြစ်နိုင်ပါတယ်ဆိုတာကို တွေ့မြင်နေရပါတယ်။
.
ဒါကြောင့် “မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်၊ မြန်မာအစိုးရပြုပြင်ပြောင်းလဲရေးအောင်မြင်”ဆိုတဲ့ကောက်ချက်ဟာ 'အညာသားခြင်ထောင်ပျောက်သလိုပါပဲ' လို့ ပြောချင်ပါတယ်။
.
စာရေးသူရဲ့အဘိုးဟာ ရေစကြိုနယ်က အညာသားပါ။ အဘိုးဟာ အောက်ပြည်အောက်ရွာကို ရေကြောင်းကစုန်ဆင်းပြီး ပြောင်းရွှေ့လာရာမှာ ကြားခဲ့ဖူးတဲ့အဖြစ်အပျက်တစ်ခုကို တစ်ဆင့်ပြန်ပြောပြခဲ့ဖူးပါတယ်။ အညာသားတစ်စုဟာ ဧရာဝတီမြစ်ကြောင်းအတိုင်း လှေနဲ့စုန်ဆင်းလာရာမှာ ညဘက်ရောက်ရင် မြစ်ကမ်းက သစ်ပင်လေးအောက် လှေထိုးကပ်ပြီး ခြင်ထောင်ကို သစ်ကိုင်းလေးတွေမှာ ချည်နှောင်ပြီး ထောင်လေ့ရှိပါတယ်။ မနက်မိုးလင်းရင် ခြင်ထောင်ကိုဖြုတ်ပြီး သိမ်းလိုက်ပါတယ်။ ဒီလိုနဲ့ အောက်အရပ်ဒေသ မြစ်ဝကျွန်းပေါ်ကိုရောက်လာတဲ့ ပထမဦးဆုံးညမှာ အရင်လိုပဲ သစ်ကိုင်းမှာ ခြင်ထောင်ကြိုးချည်ပြီး အိပ်လိုက်ကြတာ။ မနက်အရုဏ်ဦးစောစောနိုးတော့ ခြင်ထောင်ကို လက်နဲ့စမ်းလို့မရဘဲ ပျောက်နေကြပါတယ်။ မနက်အလင်းရောင်ကောင်းကောင်းရမှ အပေါ်ကိုမော့ကြည့်လိုက်တော့ ခြင်ထောင်က သစ်ပင်မှာချည်နှောင်ထားရက်နဲ့ လေထဲမှာ တလူလူလွင့်နေတာ တွေ့ရပါတော့တယ်။ ညကသစ်ကိုင်းကို လက်နဲ့လှမ်းဆွဲပြီးချည်ထားတာ။ အခုမမီတော့ပါလား။ ဘယ်လိုဖြစ်သွားပါလိမ့်ဆိုပြီး တအံ့တသြဖြစ်နေကြပါတယ်။
အဲဒီမှာ စာတတ်ပေတတ်အညာသားက အခြေအနေကိုသုံးသပ်ပြီး “အောက်ပြည်အောက်ရွာက သစ်ပင်များဟာ အလွန်အကြီးမြန်သကွ၊ နေ့ချင်းညချင်း လက်လှမ်းမမီအောင်မြင့်သွားသကွ”လို့ ကောက်ချက်ချလိုက်တော့ အားလုံးလက်ခံပြီး ခေါင်းတညိတ်ညိတ်ဖြစ်နေကြတာပါပဲ။ အမှန်က အထက်အညာမှာ ရေတက်ရေကျမရှိဘူး။ မြစ်ရေက မြောက်ဘက်ကနေတောင်ဘက်ကို တောက်လျှောက်စီးနေတာ။ အောက်ပြည်မြစ်ဝကျွန်းပေါ်မှာတော့ ပင်လယ်ရေအတက်အကျရှိတယ်လေ။ ညဘက်ခြင်ထောင်ထောင်တဲ့အချိန်မှာ ရေကတက်နေတာဖြစ်ပြီး သန်းခေါင်ကျော်မှာ ရေကတဖြည်းဖြည်းကျသွားတော့ လှေကကမ်းထက်နိမ့်ပြီး အောက်ရောက်သွားတာကို အိပ်မောကျနေလို့ လုံးဝမသိလိုက်ဘူး။ အတွေ့အကြုံကလည်းမရှိသေးတော့ သစ်ပင်တွေအကြီးမြန်လို့ မြင့်သွားတယ်ဆိုပြီး ကောက်ချက်ချလိုက်တာပါပဲ။
.
ယနေ့ မြန်မာနိုင်ငံမှာ ငွေစက္ကူများရိုက်နှိပ်မှုတိုးမြင့်၊ အစိုးရအသုံးစရိတ်မြင့်တက်၊ တရားမ၀င်ကုန်သွယ်မှုနယ်ပယ်ကျယ်ပြန့်၊ ကား (without) ၊ ဆိုင်ကယ်(without)နဲ့ လူ (without)တွေပါပျံ့နှံ့၊ တစ်နှစ် ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ဆီဂါလန် ၄၄၃ သိန်းခန့် တရားမ၀င်တင်သွင်း၊ လာဘ်ပေးလာဘ်ယူမှုမှာ အမြစ်ဖြာ၊ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုက ကမ္ဘာ့နံပါတ်(၂)၊ အလုပ်လက်မဲ့နဲ့ အိမ်ရာမဲ့ကတိုးပွား၊ လုပ်ခလစာနည်းလွန်းလို့ ဦးနှောက်ယိုစီးမှု (Brain Drain)သာမက ၃၂ ကောဋ္ဌာသအားလုံး ပြည်ပသို့ယိုစီး၊ စားသောက်ကုန်ဈေးနှုန်းများက တစ်နေ့တခြားတက်၊ သမ္မတကြီးရဲ့ ကောင်းမြတ်တဲ့အစိုးရဖြစ်အောင် ပြုပြင်ပြောင်းလဲရေးကို ၀န်ကြီးအဆင့်က ၀စီဒုစရိုက်နဲ့ဖျက်ဆီး စတဲ့အခြေအနေတွေကြားမှာ ... “မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်၊ မြန်မာနိုင်ငံအစိုးရ၏ ပြုပြင်ပြောင်းလဲရေးအောင်မြင်” ဆိုတဲ့ကောက်ချက်ဟာ “သစ်ပင်ကြီး နေ့ချင်းညချင်းအကြီးမြန်လိုက်တာ”ဆိုတဲ့ ခြင်ထောင်ပျောက်သူ အညာသားတစ်ဦးရဲ့ အကောင်းမြင်ကောက်ချက်နဲ့ မကွာခြားပါဘူးလို့ ခံစားမိပါတယ်ခင်ဗျား...။ ။
---
[PHOTO : Myanmar Alinn _ 2014 02 05 _ Dr Mg Mg Thein - Myanmar Economy _ Photo by Aung Shin]
---------------------------------------------------------------
အညာသားခြင်ထောင်ပျောက်မှု ကောက်ချက်
မြင့်မိုရ်ဆွေ
7Day News Journal
အတွဲ (၁၂)၊ အမှတ်(၅၀)
http://7daynewsjournal.com/article/13396

No comments:
Post a Comment