ပထမဆုံး အနေနဲ့ ဆရာ သန်းစိုး ( ဘောဂဗေဒ ) ရဲ့ "
အရင်းချို့တဲ့သူ SME များနှင့် တစ်ဦးချင်း စွန့်ထွင်ဦးစီးများအရေး " ဆိုတဲ့
ဆောင်းပါးကောင်း တစ်ပုဒ်ကို တင်ပေးလိုက်ပါတယ်ဗျာ ။
facebook ရဲ့ သဘောသဘာဝအရ ဒီလို စာရှည်ရှည်တွေဖတ်ရမှာ စိတ်ရှည်တဲ့လူ အလွန်နည်းတယ်လို့ ထင်မိပေမယ့်လည်း
အရေးတကြီး ဖတ်ဖို့လိုကို လိုတဲ့ အကြောင်းတွေလို့ ယုံကြည်လို့တင်ပေးလိုက်ရတာပါ ။
မိတ်ဆွေများ အေးအေးဆေးဆေးသိမ်းပြီး အချိန်ယူလေ့လာ ဖတ်ရှုပါ ခင်ဗျာ ။
ကျွန်တော်တို့ရဲ့ ငွေကြေးတွေ ဘယ်လို လည်ပတ်နေသလဲ ...?
ဘယ်သူတွေ လက်ထဲမှာ အိပ်နေသလဲ ...?
ဘယ်သူတွေက ဘယ်လို တွေ ရထားနိုင်လဲ ...?
ကျွန်တော်တို့တွေ ဘာတွေပြင်ဆင်ထားနိုင်မလဲ ...?
စသဖြင့် သိစရာ တွေးစရာတွေ ပေးသွားမှာပါ ။
လေးစားလျှက်
ကိုဇင်ဇေ ( SM Rep @ SME Myanmar Magazine )
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>.
ရှုထောင့်များကွဲပြားခြင်း၊ အရင်းချို့တဲ့သူ SME များနှင့် တစ်ဦးချင်း စွန့်ထွင်ဦးစီးများအရေးသန်းစိုး(ဘောဂဗေဒ)
၂၀၁၅ အေအီးစီ ကြောင့်ဖြစ်လာနိုင်ခြေရှိသောအကျပ်အတည်းများကို သုတေသနပြုချက်အရ Stakeholders များနှင့်စီးပွားရေးပညာရှင်များအကြား အချိန်အဆကိုတွေးဆရာ၌ အငြင်းပွားစရာ ရှိလာနိုင်သည်။ ထို ၂၀၁၅ အေအီး စီအတွက် ပြင်ဆင်သည်ဟု တင်စားခြင်းထက် မြန်မာစီးပွားရေးဦးမော့ရန် လိုအပ်သော အသေးစား၊ အလတ်စားဝန်ဆောင်မှု လုပ်ငန်းများ နှင့် အင်ဒီထရီလုပ်ငန်းများ၊ တစ်ဦးချင်းအင်တာပရီနာများမွေးထုတ်ရန် ပျက် ကွက်နေသည်ဟု ပွင့်ပွင့် လင်းလင်းပြောလျှင် ပိုသဘာဝကျပါလိမ့်မည်။
ထိုကဲ့သို့ပြောဆိုနိုင်ရန်အတွက် ရိုးရှင်းလှ သော မြန်မာ့စီးပွားရေးအဆောက်အအုံ တည် ဆောက်ပုံအား ပြန်လည်ဆန်းစစ်ရမည် ဖြစ် သည်။ ထိုအဆောက်အအုံဖြင့်လည်ပတ်နေသော ယနတ ရားမှာ စီးပွားရေးတိုးတက်မှုကို တွန်းတင်ရန် ဘဏ်စနစ်၊ ဘဏ်နှင့် အချိတ်အဆက်လုပ်သော စီးပွားရေးဓလေ့က များစွာခေတ်နောက်ကျနေသောကြောင့် ပို ရင်သပ်ရှုမောဖွယ် မြင်နေရသည်။
ဆိုရလျှင် ၂၀၁၅ အေအီးစီ အတွက် ဥပဒေပိုင်းဆိုင်ရာများ၊ လုပ်ငန်းပိုင်းဆိုင်ရာကိုယ်ခံတွန်းအားများ အတော်အသင့်ရှိနေပြီဟု ဆိုထားသူများက ယခုမြန်မာစီးပွားရေးတွင် အခြေကျလှည့်ပတ်နေသော လုပ်ငန်းရှင်များ၊ ကုန်သည်ကြီးများ၊ခရိုနီ အသိုင်းအ၀ိုင်းများ၊ စစ်ဘက်စီးပွားရေး ရပ်ဝန်းများ အထိုင်ချ၊ အနည်ကျနေသူများအတွက် ဟုတ်မှန်ပါလိမ့် မည်။ ပြဿနာမှာ ထိုသူတို့အပိုင်းမဟုတ် လူဦးရေ အချိုးအစားအရလည်းကောင်း၊ ဓနကို ခွဲဝေရာတွင် မညီမျှမှုကြောင့်လည်းကောင်း စီးပွားရေးနောက် ကျနေသူများ၊ SME များနှင့် တစ်ဦးချင်း အင်တာပရီနာ လက်သစ်များ ပေါပေါများများ ပေါ်ထွန်းလာရေးအတွက် မည်သို့အစီအစဉ်ရေးဆွဲ ပြုလုပ်ကြ မည်နည်း ဖြစ်သည်။
ထိုစီးပွားရေးလက်သစ်များအတွက် မည်သို့အရင်းအနှီးရှာ မည်သို့ ရှာဖွေမည် နည်း၊ မည်သည့်စီးပွားရေးလုပ်ငန်း များဖြင့် ပြုစုပျိုးထောင် မည်နည်း၊ မည်သည့်လက်မှုလုပ် ငန်း၊ ကုမ္ပဏီစီးပွားရေးလုပ်ငန်းအဆက်သွယ်ရှာဖွေ မည် နည်း၊ မည်သည့်စီးပွားရေးကျောနောက်ခံများကို ပံ့ပိုးပေးမည်နည်း ဆိုသည့်မေးခွန်းဖြင့် ၂၀၁၅ အေအီးစီကို ချိန်ထိုးကြည့်လိုက်လျှင် အားနည်းချက်ကို ထင်ရှားစွာတွေရပါမည်။
ထိုကဲ့သို့စီးပွားရေးလူသစ်များ ပေါ်ထွန်း လာမှသာ အစိုးရပေါ်လစီများဖြစ်သော ဆင်းရဲနွမ်းပါးမှု၊ အလုပ်လက်မဲ့ပြဿနာ၊ပြည်တွင်း ငြိမ်းချမ်းရေး စသည့်ရည်မှန်းချက်များအား တစိတ်ပိုင်း အကျိုးသက်ရောက်နိုင်မည် ဖြစ် သည်။ ခက်သည်မှာ စီးပွားရေးလူသစ်များ အတွက် အရင်းအနှီးချို့တဲ့၊ ရှားပါး၊ ပြတ်လတ်၊ အကူအညီမဲ့နေသည့်အကြောင်း ကိုစစ်တမ်းထုတ်ရာတွင် ပေါ်လစီ Maker များနှင့် ဘောဂဗေဒပညာရှင်အကြား အယူ အဆမတူရာမှ ယခုကဲ့သို့ ရှင်းရန် အကြောင်း ဖန် လာ ခြင်းဖြစ်သည်။
ဒုဝန်ကြီး၏ ရှင်းလင်းချက်
ပြီးခဲ့သည်ဇူလိုင်လ ၂၄ ရက်နေ့၊ ပြည်သူ့ လွှတ်တော်အတွင်းဘဏ္ဍာရေး ဒုဝန်ကြီး ဒေါက်တာလင်းအောင်မှ ဖွင့်ဆိုသော ဘဏ် စုဆောင်းသူများနှင့် ၎င်းတို့ ငွေပမာဏ အားရာခိုင်နှုန်းဖြင့် ဖော်ပြလာသောအခါ ထိုကိန်းဂဏန်း များက မြန်မာ့အရင်းအနှီးမည် မျှရှားပါးကြောင်းနှင့် ငွေများ (Cash) များဘဏ်ထဲတွင်အောင်းနေကြောင်း ပေါ် လွင် လာတော့သည်။
ဒေါက်တာလင်းအောင်ဖွင့်ဆို သောဘဏ်အပ်ငွေနှင့်၎င်းတို့၏ ငွေပမာဏအချိုးမှာ အောက် ပါ အတိုင်းဖြစ် သည်။
(၁) ကျပ် တစ်သိန်းအထိ ငွေအပ်နှံသူဦးရေရဲ့ ၆၅.၄၆ ရာခိုင်နှုန်း။ ငွေပမာဏက အပ်ငွေစုစုပေါင်း ၀.၃၆ ရာခိုင်နှုန်း
(၂)ကျပ်တစ်သိန်းမှ ၅ သိန်း ငွေအပ်နှံသူဦးရေ ရဲ့ ၁၂.၉၀ ရာခိုင်နှုန်း။ ငွေပမာဏက အပ်ငွေစုစု ပေါင်း ၁.၂၇ ရာခိုင်နှုန်း
(၃) ကျပ် ငါးသိန်း မှ ၁၀ သိန်း ငွေအပ်နှံသူဦးရေ ရဲ့ ၅.၃၂ ရာခိုင်နှုန်း။ ငွေပမာဏက အပ်ငွေစုစုပေါင်း ၁.၄၇ ရာခိုင်နှုန်း
(၄) ကျပ် ၁၀ သိန်းမှ ၅၀ သိန်း ငွေအပ်နှံသူဦးရေ ရဲ့ ၈.၆၁ ရာခိုင်နှုန်း။ ငွေပမာဏ က အပ်ငွေစုစုပေါင်း ၇.၁၂ ရာခိုင်နှုန်း။
(၅) ကျပ် ၅၀ သိန်းမှ ၁၀၀ သိန်း ငွေအပ်နှံသူဦး ရေ ရဲ့ ၃.၀၀ ရာခိုင်နှုန်း။ ငွေပမာဏက အပ်ငွေစုစုပေါင်း ၆.၈၉ ရာခိုင်နှုန်း။
(၆) ကျပ် ၁၀၀ သိန်းမှ ၅၀၀ သိန်း ငွေအပ်နှံသူဦး ရေ ရဲ့ ၃.၇၄ ရာခိုင်နှုန်း။ ငွေပမာဏက အပ်ငွေစုစု ပေါင်း ၂၆.၅၇ ရာခိုင်နှုန်း
(၇) ကျပ် ၅၀၀ သိန်း ၁၀၀၀ သိန်း ငွေအပ်နှံသူဦး ရေရဲ့ ၀.၆၁ ရာခိုင်နှုန်း။ ငွေပမာဏက အပ်ငွေစုစု
ပေါင်း ၁၉.၈၄ ရာခိုင်နှုန်း
(၈) ကျပ် သိန်း ၁၀၀၀ အထက် ငွေအပ်နှံသူဦးရေရဲ့ ၀.၃၆ ရာခိုင်နှုန်း။ ငွေပမာဏက အပ်ငွေစုစု
ပေါင်း ၃၆.၀၄ ရာခိုင်နှုန်း
ထိုကိန်းဂဏန်းဖော်ပြချက်အရ သိန်း ၅၀၀ အထက် အပ်နှံသူနှင့် ရာခိုင်နှုန်း အချိုးအရ အမှတ်စဉ် ၇ နှင့် ၈ နှစ်ခု ပေါင်းရာခိုင်နှုန်းမှာ ၅၅.၈ ရာခိုင်နှုန်းဖြစ်သည်။ သိန်း ၁၀၀ နှင့် ၅၀၀ ကြား အပ်ငွေပမာဏစုစုပေါင်း မှာ ၂၆. ၅၇ ရာခိုင်နှုန်း ဖြစ်နေသည်။ ထို ၆၊ ၇၊ ဂ အားပေါင်းလိုက်ပါက ၈၂.၃၇ ရာခိုင်နှုန်းထိရှိသည်။
ကျပ်သိန်း ၅၀၀ အထက် ငွေအပ်နှံသူဦးရေမှာ ၁ ရာခိုင်နှုန်းခန့် ရှိပြီး ငွေ ပမာဏက အပ်ငွေစုစုပေါင်း ရဲ့ ၅၅.၈၈ ရာခိုင်နှုန်း ရှိသည်ကိုအထက်ပါဇယားအရ တိကျစွာထွက်လာသည်။ ထိုရာခိုင်နှုန်းဖြင့် ၂၀၁၂ ခုနှစ်လွှတ်တော် ပဉ္ဖမ အကြီမ်အစည်းဝေးမှ မေးမြန်းချက်မှ ဘဏ္ဍာရေးအခွန်ဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်း ထုတ်ဖော်ပြောဆိုထား သည့် ကိန်းဂဏန်းအရ ဗဟိုဘဏ်က ထုတ်ဝေထားသော ငွေစက္ကူစုစုပေါင်းမှာကျပ် သန်းပေါင်း ၆၁၀၀ ဘီလီယံဖြစ်သည်ဟု သိရ သည်။
ဒေါက်တာလင်းအောင်ရှင်းပြသော လူဦးရေအချိုးနှင့်အပ်ငွေရာခိုင်နှုန်းအချိုး တွင် စုစုပေါင်းဘဏ်အပ်ငွေမည်မျှ ရှိသည်ကို ဖော်ပြ ထားသည်ကို မတွေရှိရသောကြောင့် ဘဏ်ထုတ်ငွေစက်္ကူ စုစုပေါင်းနှင့် ချိန်ထိုး ကြည့်ရခြင်းဖြစ်သည်။
အဆိုပါ ထုတ်ဝေထားသည် ငွေစက်္ကူပေါင်းနှင့် အမှတ် (၆)၊ (၇)၊ (၈) များ ပေါင်းထားသည့်ရာခိုင်နှုန်းဖြင့် ခြားနား လိုက်ပါက စုစုပေါင်း ကျပ်သန်းပေါင်း ၄၉၄၂.၂ ဘီလီယံ ထွက်လာသည်။ ဘဏ်တွင် အောင်းနေ သောငွေများကို စုနိုင်သူမှာ သိန်း ၁၀၀ အထက် စုနိုင်သူများဖြစ်ကြောင်း ကောက် ချက်ချရမည်။ ရိုးရိုးသင်္ချာနည်းအရဖော်ပြရလျင်
စုစုပေါင်းရာခိုင်နှုန်း ၈၂.၃၇။၁၀၀ x ထုတ်ဝေထားသည့်ငွေစက်္ကူပေါင်း ၆၀၀၀ ဘီလီယံကျပ်= ၄၉၄၂.၂ ဘီလီယံဖြစ်သည်။
ထိုကိန်းဂဏန်းဖြင့်ပင်သိန်း ၅၀၀ အထက် စုဆောင်းထားသည့်ငွေပမာဏအချိုးအားရာခိုင် နှုန်းဖြင့်ခြားနားလိုက်လျှင် ကျပ်သန်းပေါင်း ၃၃၄၈ ဘီလီယံထွက်လာသည်။ ထိုငွေများက
ကျန်ပြည်သူလူထုအတွက် အရင်းအနှီးဖြစ် မလာ ပေ။ ရိုးရိုးသင်္ချာနည်းအရဖော်ပြရလျှင်
စုစုပေါင်းရာခိုင်နှုန်း ၅၅.၈ ။၁၀၀ x ထုတ်ဝေထားသည့်ငွေစက်္ကူပေါင်း ၆၀၀၀ ဘီလီယံကျပ်= ၃၃၄၈ ဘီလီယံဖြစ်သည်။
ထိုခြားနားချက်များသည့် ဗဟိုဘဏ် ငွေ စက်္ကူများသာဖြစ်ပြီး အစိုးရနှင့်ဗဟိုဘဏ်မှ ထုတ်ဝေသော ငွေချေးစာချုပ်များ၊ Securities များ၊ bond များနှင့် ဘဏ်တို့၏ မူလရင်းနှီးမြုပ်နှံငွေနှင့်ဗဟိုဘဏ်တွင် သိမ်းဆည်းထားသောသီးသန့်ရန်ပုံငွေများကို ထည့်တွက်ထားခြင်း မရှိခြင်းကြောင့် ပြည့်စုံလုံလောက်သည့် အချက်အလက် မဟုတ်ဟု ဆို သော်ငြားလည်း မြန်မာ့အရင်းမည်ကဲ့သို့ ချို့တဲ့နေသနည်းကိုတော့ မီးမောင်းထိုးပြရာ ရောက်ပါသည်။
ထိုကိန်းဂဏန်းများအားသုံးသပ်ရာ တွင် မြန် မာ့ စီးပွားရေးတွင်အရင်းအနှီးရှားပါးနေ ကြောင်း၊ ဗဟိုဘဏ်က ငွေကြေးပေါ်လစီကိုထိရောက်စွာ အသုံးချရန် လိုအပ်လာကြောင်း၊ ကူးသန်းရောင်းဝယ်ရေးဘဏ်များက ၎င်းတို့၏ အနှစ်သာရကိုခပ်ပေါ့ပေါ့ သဘောထားပြီး မည်မျှအရေးကြီးပုံကို ဥပက်္ခာပြုရာ ရောက်နေသည်။
အဘယ်ကြောင့်ဆိုသော် စီးပွားရေးသီအိုရီသဘောမှာ ဈေးကွက်အတွင်း လည် ပတ်နေသောငွေ၊ ပြည်သူ၊စီးပွားရေးလုပ်ငန်း၊ အစိုးရ ထိုသုံးပွင်ဆိုင်လက်ထဲတွင် လည်ပတ်နေသောငွေက စီးပွားရေးတိုးတက်မှုကို တွန်းတင်ပေးသော ညွှန်းကိန်း များဖြစ်သော ကြောင့်ဖြစ်သည်။
ငွေကြေး၏ သဘောမှာလည်ပတ်မှု မြန်လေ၊သွက်လေ၊ စီးပွားရေးကောင်းလေဖြစ်ပြီး လည်ပတ်နေသောငွေများက လုပ်ငန်းတို့၏အရင်းအနှီးများ၊ စုဆောင်းငွေများ၊ ငွေကြေး ဈေးကွက်နှင့်ဘဏ္ဍာရေးဈေးကွက်တွင် ကစားနေ သောငွေများ၊ တစ်ဦးချင်းစီးပွားရေးလုပ်ငန်းရှင် များပေါ်ထွန်းလာရန် ချေးငွေများစသည့်ဖြင့် ဈေးကွက်စီးပွားရေး ယန်္တရား ကို အစစ်အမှန်များ ကိုပုံဖော်နိုင်မည်ဖြစ်သည်။
အရင်းချို့တဲ့ပုံအကြောင်း
ယခု မြန်မာစီးပွားရေးလုပ်ငန်းများ၏ တည်ဆောက်ပုံအား အနည်းငယ်ရှင်းပြမှသာ မြန်မာ့အရင်းချို့တဲ့မှုနှင့် ဖွံဖြိုးမှုသီအိုရီကို ချိတ်ဆက်စဉ်းစားနိုင်မည်ဖြစ်သည်။ မြန်မာ့စီးပွားရေးလုပ်ငန်းများ၏ အဆောက်အုံတည်ရှိ နေမှုတွင် ယခင်အစိုးရလက်ထက်စီးပွား ဖြစ်လာကြသူများ၊ စစ်ဘက်အနွယ်များနှင့် ခရိုနီများ စသည့်အုပ်စုသာဖြစ်သည်။ စီးပွား ရေးလုပ်ငန်းကို လည်ပတ်ရာတွင် ကုမ်္ပဏီများ၊ သွင်းကုန်ထုတ်ကုန်များ၊ အထည်ချုပ်နှင့် စက် မှု လုပ်ငန်းများ၊ သတ်္တုနှင့်သဘာဝသယံဇတ တူးဖော်ရေးလုပ်ငန်းများ၊ ပြည်တွင်းစားသောက်ကုန်လုပ်ငန်းများ၊ အေးဂျင့်များ စသည့်တခွင်တပြင်လုံးကို လက်ဦးမှု ရယူထား သည့်သူများသာဖြစ်သည်။ ထိုသူများက မည် သူတွေနည်း၊ မည်သည့်ရာဇ၀င်ရှိသနည်း၊ လုပ်ငန်းကိုမည်သို့ လည်ပတ်သနည်း ဆို သည်နောက်ကြောင်းကို လှန်လှောလိုက်ရာ ငွေ၊ လုပ်ပိုင်ခွင့်၊ အာဏာ နှင့် အဆက်အသွယ် ကြောင့်ကြီးထွားလာသူများဖြစ်သည်ကိုကွက်ကွက်ကွင်းကွင်း တွေ့ရမည်ဖြစ်သည်။
ထိုပုံသဏ္ဍာန်ကို အကြီး၊အလတ်၊ အသေး ဟုခွဲခြားလိုက်ရာအကြီးသည် ခရိုနီ များဖြစ်လာ သည်။ အလတ်သည် ခရိုနီငယ်များ၊ စစ်ဘက် နှင့် တနည်းတဖုံဆက်နွယ်နေသူများ၊ မျိုးခြားနိုင်ငံသားများ ဖြစ်လာသည်။ ထိုသူများလက် ထဲတွင် အထက်ဆိုခဲ့သောငွေများကိုဘဏ်အပ်ငွေအဖြစ် တည်ရှိနေသည် အချက်ကိုအလေးအနက်ထားရမည်။ သိန်း ၅၀၀ အထက် စုဆောင်းနိုင်သည့်လူတန်းစားမှာ ထိုလုပ်ငန်းနယ်ပယ်မှသာ ဖြစ်နိုင်သောကြောင့် ၎င်းတို့ တွင်အရင်းအနှီး လုံလုံ လောက်လောက်ရှိနေပြီး စီးပွားရေး resinstant ကောင်းနေ မည်မှာသေချာ နေသည်။
အသေးဆိုသည်မှာ အိမ်တွင်းလုပ်ငန်းများ၊ တပိုင်တနိုင်လုပ်ငန်းများ မည်သူနှင့်မျှအချိတ်အဆက်မရှိသော၊ မဆက်နွယ်သောသမာရိုး ကျလုပ်ငန်းများကိုဆိုလိုရမည်ဖြစ် သည်။
မြန်မာ့စီးပွားရေးလူသစ်များအရေး
ထိုလုပ်ငန်းပုံသဏ္ဍာန်သုံးရပ်ပြီးနောက် အစိုးရသစ်၏ တံခါးဖွင့်စီးပွားရေးမှုဝါဒ ကြောင့် အသေးစား၊ အလတ်စားဝန်ဆောင်မှုလုပ်ငန်း များနှင့် အင်ဒစ်ထရီလုပ်ငန်းများ၊ တစ်ဦးချင်း စွန့်ထွင်ဦးစီးလုပ်ငန်းရှင်များ၏ စီးပွားရေးနယ် ပယ်အလိုက် စက်ကုန်ဖွင့်ဝင်တိုးရန်တာစူနေ သည့်အုပ်စုများ ထွက်ပေါ်ရန်ဖြစ်နိုင်ခြေရှိနေသည်။ ယခုထွက်လာ သောအသေးစား၊ အလတ်စားဝန် ဆောင်မှုလုပ်ငန်းများနှင့် အင်ဒစ်ထရီလုပ်ငန်းများ၊ တဦးချင်းစွန့်ထွင်ဦးစီးလုပ် ငန်းရှင်လေးများ အတွက် အစိုးရမှဘဏ္ဍာရေးဖြည့်စည်းရန် လစ်ဟာချက်ကြောင့် အရင်းအနှီးရှာဖွေရာလမ်း ပြောက်နေခြင်း၊ အရင်းအနှီးရှားခြင်းကြုံနေရသည် အခက်အခဲကိုယခုဆောင်းပါးမှ ထောက်ပြရခြင်း ဖြစ် သည်။
လွှတ်တော်၏ အမေးတွင်ဘဏ်တိုးနှုန်း လျော့ခြင်းနှင့် ၀န်ကြီးဌာနမှဘဏ်တိုးနှုန်းလျော့ချရန် အစီအစဉ်မရှိ ကြောင်း သာပါလာသည်။ ၂၀၁၅ အမီ မြန်မာ့စီးပွားရေးတွင်အုံနှင့်ကျင်းနှင့် လျှံကျလာနိုင်သော SME လက်သစ် များနှင့် တစ်ဦးချင်းစွန့်ထွင်ဦးစီးများ အတွက် ဘဏ်ချေးငွေ၊ အစိုးရပံ့ပိုးမှု အမေးနှင့်အဖြေကား ထွက်မ လာခဲ့ပါ။
၂၀၁၅ အေအီးစီနှင့်အတူ မြန်မာစီးပွားရေး ဈေးကွက်သို့ပြုံတိုးလာမည့် စီးပွားရေး လုပ်ငန်းများမှာ ၀န်ဆောင်မှု လုပ်ငန်းအမျိုးမျိုး၊ ဘဏ်လုပ်ငန်း၊ ခရီးသွားလာရေးလုပ်ငန်း၊ ၎င်းင်းနှင့်ဆက်နွယ်သောလုပ်ငန်း၊ အလုပ်သမား ဈေးကွက် စသည့် အသေးနှင့်အလတ်အဆင့်ရှိ လုပ်ငန်းများတွင်ဖြစ်နိုင်သည်။ ထိုင်း၊မလေးရှား၊ စင်္ကာပူ၊အင်ဒိုနီးရှား စသည့်နိုင်ငံများတွင် SME များနှင့် တစ်ဦးချင်းအင်တာပရီနာများ သိန်းချီရှိသည်။ ထိုလုပ်ငန်းများကို ငွေချေးပေးမည့် ဘဏ်ခွဲများသောင်းချီရှိပြီးငွေချေးငှားနိုင် သည်။
ထိုလုပ်ငန်းများ၌ နိုင်ငံတကာဈေးကွက်နှင့် ဖောက်သည်ရှိပြီးဖြစ်သည်။ ၂၀၁၅ အေအီးစီကို ဖယ်ထုတ်ထားပြီး ထိုကဲ့သို့ အသေးစားနှင့် အလတ်စား ၀န်ဆောင်မှုလုပ်ငန်းများနှင့် အင်ဒစ်ထရီလုပ်ငန်းများ၊ တဦးချင်းစွန့် ထွင်ဦးစီးလုပ်ငန်းရှင် လက်သစ်များ မည်သို့ မည်ပုံ မွေးထုတ် ပေးကြမလဲဆိုသည်မှာ မြန်မာ့စီးပွားရေး
ပြဿနာဖြစ်သည်။
လာမည့်ကာလအတွင်းတဟုန်ထိုးတက် လာနိုင်သော ၀န်ဆောင်မှုလုပ်ငန်းများမှာ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ၊ ဘဏ် လုပ်ငန်းများ၊ ကျွမ်းကျင်လုပ်သားဈေးကွက် လုပ်ငန်းများဖြစ်ပေသည်။ မြန်မာပြည်အလုပ်လက်မဲ့ ရာခိုင်နှုန်းမှာ ၂၀၁၂ အေဒီဘီ အစီရင်ခံစာအရ ၆ ရာခိုင်နှုန်းရှိသည်။ စီးပွားရေးအကြီး၊အလတ် တွင်လည်ပတ်နေသောလုပ်ငန်းရှင်အရေအတွက်က မြန်မာ ပြည်လူဦးရေ သန်း ၆၀ ၏ ဆယ်ရာခိုင်နှုန်းသာ ဖြစ်လိမ့်မည်မထင်။
နိုင်ငံတကာတွင်နောက်ဆုံးကျန်ခဲ့သော သန်း ၆၀ လူဦးရေရှိသည်မြန်မာပြည်ဈေးကွက် အတွက် မွေးထုတ်ရန် အသေးစား၊ အလတ်စားဝန် ဆောင်မှုလုပ်ငန်းများနှင့် အင်ဒစ်ထရီလုပ်ငန်းများ၊ တဦးချင်း စွန့်ထွင်ဦးစီးလုပ်ငန်း ရှင်လက် သစ်များ မည်မျှအားယူ၊ အားခဲနေကြမည်မှာ မှန်းဆနိုင်ဖွယ်မရှိ။
သို့သော် အရင်းအနှီးကား အထက်ဖော်ပြပါ ကိန်းဂဏန်းအရ ရှားနေသည်။ ပျောက်နေသည်။ ဒုဝန်ကြီး ဒေါက် တာလင်းအောင် ပြောဆိုချက်အရ ငွေသိန်း ၅၀၀ အထက်ရှိသူ၏ ဘဏ်စုငွေသည် ကျပ်သန်းပေါင်း ၃၄၄၈ ဘီလီယံဖြစ်နေသည်။ ဆိုရလျင်လူဦးရေ ၅ ရာခိုင်နှုန်းမရှိသော လူတစ်စု၊ လူအုပ်စုတစ်စု၏ လက်ထဲတွင် ထို ငွေများရှိနေပြီး ဘဏ်များတွင်အောင်းနေသည့်ငွေသေများဖြစ်နိုင်သည်။
ထိုအောင်းနေသောငွေကျပ်သန်းပေါင်း ၃၄၄၈ ဘီလီယံအား အစိုးရမှလည်းကောင်း၊ စီးပွားရေးမဟာဗျူဟာ ချနေသာ Stakeholder များက မျှော်တလင့်လင့်ဖြစ်နေသော အသေးစား ၊ အလတ်စား ၀န်ဆောင်မှုလုပ်ငန်းများနှင့် အင်ဒစ်ထရီလုပ်ငန်းများ၊ တဦးချင်း စွန့်ထွင်ဦးစီး လုပ်ငန်းရှင် လက်သစ်များအတွက်ဘဏ်ချေးငွေ၊ အရင်းအနှီးပံပိုးမှုများ အဖြစ်ပြောင်းလဲရန် အစိုးရကမည် သို့မည်ပုံ လုပ်ဆောင်မည်ဆိုသည် မှာ ၎င်း၏ စေတနာ အတိမ်အနက် ပေါ်တွင် မှုတည်နေသည့် အချိန်ကာလသို့ကျရောက်နေပြီဖြစ်သည်။
ထိုကဲ့သို့ မလုပ်ဆောင်နိုင်ပါက လူတစ်စု၊ လူအုပ်စုတစုက မြန်မာ့စီးပွားရေး အဆောက်
အအုံအား လက်ဝါးကြီး အုပ်ခွင့်ကြုံနေမည်မှာ သေချာနေပြီး၊၂၀၁၅အေအီးစီအတွက် မြန်မာ့စီးပွားရေး အဆောက်အအုံကား လုံးပါး ပါးမည်ဟုမြေကြီး လက်ခတ်မလွဲ ဟောကိန်း ထုတ်လိုက်ရပေ သည်။
________________________________________
________________________________________
သေး၊လတ် စီးပွါး လုပ်ငန်းများအတွက် SME Myanmar Magazine <<<
No comments:
Post a Comment