Sunday, August 11, 2013

*** How about No? ___ “ဟင့်အင်း” ဆိုတာ ဘယ်လိုလဲ ***

-----------------------------------------------------------------------------
************************************************
Photo: *** How about No?  ___ “ဟင့်အင်း” ဆိုတာ ဘယ်လိုလဲ ***
-----------------------------------------------------------------------------
************************************************
လူတွေရဲ့ ဘ၀သက်တမ်းတစ်လျှောက် လူလားမြောက်တဲ့အရွယ်ကစလို့ သေဆုံးတဲ့ အချိန်အထိ မရှိမဖြစ် ပေါင်းသင်းဆက်ဆံရေးမှာ ပြောမထွက်တဲ့ အခက်အခဲတစ်စုံတစ်ရာ ကြုံခဲ့ဘူးကြပေလိမ့်မည်။ ထိုအရာကား အခြားမဟုတ် သင့်ထံ တောင်းဆိုလာသောအရာတစ်ခုကို သင်ငြင်းဆန်ချင်သော်လည်း ပြောမထွက်၊ ငြင်းဆန်ဖို့တွန့်ဆုတ်နေတတ်တဲ့ “ဟင့်အင်း” ဆိုတဲ့ စကားလုံးလေးပါဘဲ။ တောင်းဆိုမှုဆိုတဲ့ အကြောင်းတရား အခြေခံလာတာကြောင့် ငြင်းပယ်ခြင်းနဲ့ လက်ခံခြင်းဆိုတဲ့ အကျိုးတရားဖြစ်ပေါ်လာတာပါဘဲ။ 

သင်တစ်စုံတစ်ခုကို သင့်သူငယ်ချင်းမိတ်ဆွေထံက တောင်းဆိုလာတာကို သင်ငြင်းဆန်ပယ်ရှားဖို့ ဆန္ဒရှိသော်လည်း ဘယ်နှစ်ကြိမ် ငြင်းဆန်ပယ်ရှားခဲ့ဘူးပါသလဲ။ ကျွန်တော်တို့ရဲ့ ပင်ကိုစရိုက်တော်တော်များများမှာ အခြားမိတ်ဆွေတစ်ဦးတစ်ယောက်ရဲ့ ခံစားချက်တွေကို ရိုက်ချိုးပစ်ရမှာမျိုး၊ နာကျင်စေလိုက်ရမှာမျိုး၊ စိတ်ခုသွားစေမယ့်အဖြစ်မျိုး၊ တစ်ဦးတစ်ယောက်ရဲ့ ပန်းတိုင်လေးတွေ မဆွတ်ခူးလိုက်ရမှာမျိုးစတဲ့ အဖြစ်မျိုး မဖြစ်စေလိုကြပါဘူး။ သို့သော်လည်း ကျွန်တော်တို့ဟာ တခါတရံမှာ ကိုယ်မစွမ်းနိုင်တဲ့ အခြေအနေ အချိန်အခါ၊ ကိုယ့်တာဝန်တစ်ရပ်ကြီးကြီးမှားမှားရှိနေတဲ့အခါ၊ ကိုယ့်ရည်မှန်းချက်လမ်းကြောင်းအတွက် ရည်စူးထားတာနဲ့ သွေဖယ်နိုင်မယ့် အခြေအနေမျိုးမှာ စိတ်ထဲမှာ မပါလှသော်လည်း အောင့်ကာနမ်းရတဲ့ အဖြစ်မျိုးတွေ “အင်းလေ ကောင်းပြီ” စတဲ့ အကူအညီပေးလိုတဲ့ စကားမျိုး လွယ်လွယ်ကူကူ ပြောထွက်ခဲ့ကြပါတယ်။ ရလဒ်အနေနဲ့ အတ္တ ပရမမျှတဲ့ ရလဒ်မျိုး (Win-Lose) (Lose-Lose) Situation အခြေအနေမျိုး အားနာလို့ ခါးပါတဲ့ အဖြစ်မျိုးနဲ့ ကြုံတွေ့ရတတ်ပါတယ်။ တနည်းအားဖြင့် လွယ်လွယ်ကူကူ ခေါင်းညိမ့် ကတိပေးတာမျိုး၊ နှုတ်ချိုလွန်း၍ လက်တိုရမယ့်အဖြစ်မျိုး မဖြစ်စေဖို့ပါဘဲ။ အခုရေးသားမယ့်အဆိုဟာ အငြင်းကြီးပဲ ငြင်းရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ဆိုလိုရင်း အဓိပ္ပါယ်လွဲသွားတာနဲ့ “ဘူးတစ်လုံးဆောင် အိုတောင်မဆင်းရဲ” ဆိုတဲ့ စကားပုံကို အသက်သွင်းပေးမိသလို ဖြစ်နေပါဦးမယ်။

မြန်မာစကားပုံမှာ “ကြမ်းကျွံလျှင် နှုတ်လို့ရသည် စကားလွန်လျှင် နှုတ်လို့မရ” ဟူ၍ ရှိပါတယ်။ စကားမလွန်စေဖို့  ကျွန်တော်တို့ “ဟင့်အင်း” ဆိုတဲ့ အငြင်းလေးကို ကျွန်တော်တို့ စိတ်ဖိစီးမှုမသက်ရောက်စေဘဲ ဘယ်လိုပြောနိုင်မလဲ။ ပထမဦးစွာ ရိုးရိုးရှင်းရှင်းလေးပဲပြောလိုက်ပါ “No, thanks” ဟင့်အင်း ကျေးဇူးပါဘဲ။ ကိုယ်ကငြင်းလိုက်ပါပီ ကိုယ့်ရဲ့ အငြင်းနောက်ဆက်တွဲ ရလဒ်အနေနဲ့ တဖက်သားက စိတ်ထဲမှာ ဘ၀င်မကျဘဲ တဖန်မေးခွန်းထပ်မေးတာမျိုးနဲ့ ကြုံရတတ်ပါလိမ့်မယ်။ အဲဒါက “Why not?” ဘာကြောင့်ပါလဲ။ သင့်ရဲ့ကိုယ်ကျင့်တရား၊ စိတ်ပိုင်းဖြတ်ထားသော စံနမူနာ အလေ့အထတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေလျှင် ဥပမာအနေနဲ့ သင့်ကို တစ်ယောက်ယောက်က သင်ဆေးလိပ်မသောက်တတ်တာကို ဆေးလိပ်စမ်းသောက်ကြည့်ပါလားဟု မေးမြန်းလာခဲ့ရင် သင့်ရဲ့ အငြင်းကို ရှင်းပြနေဖို့ပင်မလိုပေ။ သင်အလိုမရှိသော၊ သင်မလုပ်ချင်သော အရာတစ်ခုကို အကျဉ်းအကျပ် အဓမ္မပြုလုပ်စေခိုင်းတာမျိုး ရှိခဲ့ရင် သင့်အငြင်းကို တစ်စုံတစ်ယောက်ထံ ခယတောင်းပန်ဖို့ပင် လိုမည်မထင်။ သာဓကအနေနဲ့ အရက်ဝိုင်းတွင် အရက်မသောက်တတ်သေးသော လူငယ်တစ်ယောက် ပထမဦးစွာ ထိုင်မိပြီဆိုပါစို့။ “အပေါင်းအသင်းတွေက အရက်တစ်ခွက်တော့ သောက်ကွာ။ ယောကျာ်း မဟုတ်တာကြနေတာပဲ” စသည်ဖြင့် တဖက်သားရဲ့ အပြစ်မရှိတာကို အပြစ်ရှာပြကာ မခံချင်စိတ်ဖြင့် နှိုးဆွတာမျိုးတွေရှိပါတယ်။ ဆွယ်ခံရသူတစ်ယောက်မှာ မိမိစိတ်ကို မထိန်းနိုင်တော့ ငြင်းဆန်ဖို့ အင်အားထက် မခံချင်စိတ်ဖြင့် အကျဉ်းအကျပ်ကိုကျော်လွှားဖို့ “ယောကျာ်းဘသား ဘာမို့လို့လည်း တခွက်လောက်ကတော့” စသဖြင့် အလွယ်တကူ စည်းရုံးသိမ်းသွင်းခြင်းခံရတော့တာပါဘဲ။ စကားနောက် တရားပါ တင်မကတော့ စကားနောက် လူကော စိတ်ကော အကျင့်စရိုက်ပါ ထပ်ပါနေပေဦးမည်။

တစ်စုံတစ်ယောက်က သင့်ကို သင်စိတ်မပါသော သူ့ရဲ့ လုပ်ဆောင်မှုထဲမှာ ပါဝင်လာစေဖို့ တိုက်တွန်းနှိုးဆော်ကောင်း နှိုးဆော်တာရှိခဲ့လိမ့်မယ်။ ဒါဆိုသင်ဟာ အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီး သင့်ရဲ့ မေးခွန်းတစ်ချို့ကို ပြန်မေးဖို့ အကောင်းဆုံး အချိန်ဖြစ်ပါတယ်။ သင်မေးရမှာက “ဘာကြောင့် ကျွန်တော့်ကို ဒီအရာလုပ်စေချင်တာပါလဲ (သို့) ကျွန်တော်တို့ လုပ်ခဲ့ပြီးလျှင် ဘာတွေ ဖြစ်ပျက်လာနိုင်ပါသလဲ” စတဲ့ အကျိုးနဲ့ အကြောင်းဆီလျော်တဲ့ မေးခွန်းနှစ်ခုကို မေးရပါမယ်။ ဒီမေးခွန်းနှစ်ရပ်ဟာ တဖက်သားကို အမျှော်အမြင်မရှိတဲ့ အကျိုးဆက်ရလဒ်ကို ပြန်လည်သုံးသပ်စဉ်းစားစေဖို့ တွန်းအားပေးတာမျိုး ဖြစ်ပါလိမ့်မယ်။  စစ်တပ် အသုံးအနှုန်း ရေဘူးပေါက်တာမပေါက်တာမလိုချင်ဘူး ရေပါတာပဲလိုချင်တဲ့ စတဲ့ အမိန့်ပေးခိုင်းစေမှုမျိုးဟာ ဦးဆောင်မှုလမ်းကြောင်းမမှန်တဲ့ အဓိပ္ပါယ်မရှိသော လုပ်ရပ်မျိုးပဲဖြစ်တယ်။ အခြေအနေအဆိုးအကောင်းကို မူတည်ပြီး ပါးနပ်စွာ ဥာဏ်နီဥာဏ်နက်ဖြင့် လှည့်ပတ် ကျော်လွှားရတာမျိုးလဲ လုပ်သင့်လျှင် လုပ်ရလိမ့်မယ်။ ဓားပြလာတိုက်တာမျိုးကို ဟင့်အင်းဆိုပြီးတော့ သွားပြီး ခေါင်းတော့ မခါနဲ့ပေါ့။ 

တစ်ချို့ တောင်းဆိုမှုတွေဟာ သင့်ရဲ့ ကျန်းမာရေး၊ ဂုဏ်သတင်း၊ တည်ငြိမ်နေသောစိတ်ကို ခြိမ်းခြောက်လှန့်တာမျိုး ရှိမယ်။ ဒီလိုအခြေအနေမျိုးမှာ သင်ငြင်းပယ်လိုက်ပါပြီဆိုတာနဲ့ သင့်မှာ ယုံကြည်ချက်တစ်ခုတော့ ခိုင်ခိုင်မာမာထွက်ပေါ်လာရမယ်။  သူ့ရဲ့ ရည်မှန်းချက်တွေကဲ့သို့ သင့်ရဲ့ ရည်မှန်းချက်တန်ဖိုးတွေ ဘယ်လောက်အရေးကြီးကြောင်း သတိဝင်ကြည့်ပါ။ ဆုံမှတ်မရှိတဲ့ လမ်းကြောင်းနှစ်ခု ဒွိဟဖြစ်စေမဲ့ အခြေအနေမှာ သူ့အကျိုးဆောင် ကိုယ့်အကျိုးအောင် စတဲ့ အတွေးမျိုး ပယ်ဖျက်ပါ။ သင့်ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသား ရပ်တည်ပါ။ ပုထုဇဉ်ဘ၀ ဖြတ်သန်းနေတာဖြစ်တဲ့အတွက် နုစဉ်ဘ၀ပေါင်း ၅၃၇ ဘ၀နဲ့ ပါရမီရင့် ၁၀ ဘ၀ ဖြည့်ကျင့်ခဲ့တဲ့ မြတ်စွာဘုရားရှင်ရဲ့ ဝေဿန္တရာဇာတ်လိုမျိုး ရပ်တည်ဖို့ လိုအပ်မည်မထင်။ 

ကြောင်းကျိုးဆီလျော်မှုရှိစွာ တောင်းဆိုလာတာရှိပေမဲ့ သင်ခွင့်ပြုပေးနိုင်ဖို့ မစွမ်းဆောင်နိုင်တဲ့ အခြေအနေမျိုးမှာ ရှေ့မှာလုပ်စရာရှိတဲ့ အစီအစဉ်တွေရယ်၊ နောက်ထပ် လုပ်ရမယ့် ကြီးမားတဲ့ စီမံကိန်းတွေမိမိမှာရှိနေတဲ့ အကြောင်း ဆီလျော်စွာ ဖြေကြည့်ပါ။ မိမိရဲ့ အဖြေဟာ ကြောင်းကျိုးဆီလျော်မှုရှိပြီး မှန်ကန်ကြောင်း အသေးစိတ်ရှင်းပြနေမယ်ဆိုရင် သင်ဟာ ငြင်းခုံမှု ကတောက်ကဆထဲကို အရှည်ဆွဲခေါ်နေသလို ဖြစ်နေပါလိမ့်မယ်။ စိတ်ထဲမပါလှသော ခေါင်းငြိမ့်မှုမျိုးကြောင့် တစ်ချို့ ငွေရေးကြေးရေးမှာ အခင်အမင်ပျက်၊ အမှုအခင်းဖြစ်စေတာမျိုးထိ ဖြစ်တတ်တာတွေလည်း တွေ့ရမှာပါ။  ဘာမှမဖြေဘဲနေခြင်းမျိုးဟာလည်း ဆိတ်ဆိတ်နေမူ သဘောတူဟု ခေါင်းငြိမ့် လက်ခံမယ့် အဖြေမျိုးပေးလိုက်သလိုဖြစ်ပြီး မရှင်းမပြတ်သားတဲ့ အဓိပ္ပါယ်လွဲကောက်မှု ရလဒ်တွေကြုံရပါလိမ့်မယ်။ 
 
“ဟင့်အင်း” လို့ပြောလိုက်ရတဲ့ အချိန်မှာ သင့်စိတ်ထဲမှာတော့ သက်သောင့်သက်သာမရှိ ဘ၀င်မကျဖြစ်ရပါတယ်။ သူတို့နဲ့ ရေရှည်မှာ လက်တွဲရဖို့ ငြင်းဆန်လိုက်တာဟာ 
အငြင်းအခုံတစ်ခုဖြစ်လာတာမျိုး ဒါမှမဟုတ် သူတစ်ပါးကို စိတ်ခုသွားရတာမျိုးထက်စာရင် ပိုပြီးသင့်လျော်ပေလိမ့်မည်။ ဘယ်လိုပဲဖြစ်ဖြစ် သင်ဟာ သင့်ဘ၀ကို လမ်းကြောင်းမှန်ပေါ်မှာ ကောင်းစွာထိန်းချုပ်နေနိုင်ဦးမှာ ဖြစ်သလို သင့်အပေါင်းအသင်းမိတ်ဆွေတွေနဲ့လည်း အခင်အမင် မပျက်ရှိနေပါလိမ့်ဦးမယ်။ သင့်ရဲ့ အချစ်ဆုံးမိဘတွေတောင်မှ သင်အလိုမတူတဲ့ တောင်းဆိုမှုမျိုး ရှိလာရင်တောင်မှာ လုံးလုံးလျားလျား ငြင်းဆန်ဖို့လိုပေလိမ့်ဦးမည်။ 
_____________________________________________________________
လူ့ပတ်ဝန်းကျင်မှာ တွေ့ရတတ်တဲ့ ဖြစ်ရပ်များကို ရေးသားထားတာဖြစ်တဲ့ အတွက်ကြောင့် မြင့်မြတ်လှတဲ့ ဘာသာရေးအဆုံးအမတွေနဲ့ ကွဲလွဲတာတွေရှိရင် ၀န္ဒမိပါ…. ကျွန်တော်ကိုယ်တိုင်လည်း ဟင့်အင်းဟု မငြင်းဆန်တတ်သေးပါ။ 
--------------------------------------------------------------------------------------
*** မှတ်ချက် - ဒေါ်အောင်ဆန်းစုကြည်၏ “ဟင့်အင်းကိုကျော်ဖြတ်ခြင်း”စာအုပ်ကို မှီငြမ်းရေးသားထားခြင်းမဟုတ်ပါ။

No comments: