Monday, July 22, 2013

Trust & Relationship




ဆက်ဆံရေးတစ်ခုရဲ့ တန်ဖိုးဟာ ယုံကြည်မူအပေါ်မှာတည်ဆောက်ထားတယ်။ ယုံကြည်မူဆိုတာ အားထားရခြင်းပဲဖြစ်တယ်။ ယုံကြည်မူဟာခိုင်မာလာလေလေ ဆက်ဆံရေးတွေဟာ အဆင်ပြေမူ၊ ရှင်းလင်းမြင်သာမူ၊ လိုက်လျောညီထွေမူတွေ ရှိလာလေပဲ ဖြစ်တယ်။

ယုံကြည်မူဟာ ဆက်ဆံရေးတစ်ခုရဲ့ ရေသောက်မြစ်ဖြစ်တယ်။ ယုံကြည်မူဆိုတဲ့ ရေသောက်မြစ်ကောင်းကောင်းအလုပ်မလုပ်ရင် ဆက်ဆံရေးဆိုတဲ့ သစ်ပင်ကြီးမှာ အသီးအပွင့်အရွက်တွေ မဝေဆာနိုင်ဘူး။ တစ်နည်းပြောရရင် ယုံကြည်မူမပါတဲ့ ဆက်ဆံရေးဟာ နှလုံးသားမပါတဲ့ ဆက်ဆံရေးပဲ။

ယုံကြည်မူဟာ အပြောနဲ့အလုပ်ညီညွတ်မူကလာတယ်။ အပြောနဲ့အလုပ် ညီညွတ်နိုင်စွမ်းကပဲ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာဖြစ်တယ်။ ကျွန်တော်အတွက်တော့ အပြောနဲ့အလုပ်မညီတဲ့လူတွေကို ပထမအကြိမ်မှာတော့ မသိသလိုနေပေးလိုက်တယ်၊ ဒုတိယအကြိမ်ထိ ခွင့်လွတ်ပေးတယ်၊ တတိယအကြိမ်ဆိုရင်တော့ ဒီလူအပေါ် ကျွန်တော်ဘယ်လိုမှ ယုံကြည်ပေးလို့မရတော့ဘူး။ ယုံကြည်မူဆိုတာမျိုးက ဆုံးရူံးဖို့အချိန်သိပ်မကြာပေမယ့် ပြန်တည်ဆောက်ဖို့ နှစ်ပေါင်းများစွာကြာတာမျိုး။

အပြောနဲ့အလုပ်မတည်သူတွေဟာ လူ့ဘ၀ရဲ့ မြင့်မားတဲ့အပိုင်းကို မရောက်နိုင်ကြဘူး။ တန်ဖိုးရှိတဲ့လူဆိုတာ အသေးအဖွဲကိစ္စမှာတောင် အပြောနဲ့အလုပ်ညီတတ်ကြတယ်။ အပြောနဲ့အလုပ်မညီခြင်းရဲ့ ရလာဒ်ကတော့ ယုံကြည်လေးစားမူ ပျောက်ဆုံးရခြင်းပဲ ဖြစ်တယ်။ ပြောသမျှတည်နိုင်အောင်ကြိုးစားပြီး၊ မလုပ်နိုင်တာ မပြောတာ အကောင်းဆုံး ဖြစ်တယ်။


by : Aung Myo Myat

No comments: