~Self-Imperfection and Guilt Sees in Others~
အခြားသူတွေထံမှာ မြင်တွေ့ရတဲ့ကိုယ့်ရဲ့ မကောင်းတဲ့စရိုက်နဲ့ အပြစ်တွေ
စိတ်ပညာအရပြောရရင် အခြားလူတစ်ယောက်မှာ တွေ့တဲ့ကိုယ်မကြိုက်တဲ့အချက်တွေ၊ အပြစ်တွေဟာ ကိုယ်ကိုတိုင်မှာရှိတတ်တဲ့ အရာတွေ၊ ကိုယ်ကိုယ်တိုင်မကြိုက်တဲ့ ကိုယ့်အကြောင်းတွေ၊ ကိုယ့်အပြစ်တွေဖြစ်တယ်။ လူဆိုတာကိုယ့်ဘ၀နဲ့ကိုယ် မကြိုက်တဲ့အပိုင်းလေးတွေရှိတတ်ကြတယ်။ လူ့သဘောသဘာဝအရ ကိုယ်မကြိုက်တဲ့ကိုယ့်ဘ၀၊ အပြစ်တွေနဲ့ပါတ်သက်သမျှ ဖုံးကွယ်တတ်ကြတယ်။ ကိုယ့်မှာရှိတဲ့ ကိုယ်မကြိုက်တာနဲ့ အပြစ်တွေရဲ့ ဆန့်ကျင်ဖက်တွေကိုတောင် ပြုမူပြောဆိုတတ်ကြတယ်။
ကိုယ့်မှာရှိတဲ့ ကိုယ်မကြိုက်တဲ့ အကြောင်းတွေ၊ အပြစ်တွေကို အခြားသူတွေထံမှာ မြင်တတ်ကြတယ်၊ ရှိသယောင် လွဲချမြင်တတ်ကြတယ်။ စာနာစိတ်မရှိဘူး၊ နားလည်မူမရှိဘူး ဆိုတာ အခြားသူတွေဆီမှာ လူတွေခဏခဏမြင်ကြတဲ့ မကောင်းတဲ့စရိုက်ပဲ။ သို့ပေမယ့် ထိုစရိုက်ဟာ ကိုယ့်ဆီမှာကိုယ်ကိုယ်တိုင်လည်း ဖုံးကွယ်ထားတဲ့ စရိုက်ဆိုတာတော့ လူတွေအတော်များများ လက်ခံလိုကြမှာမဟုတ်ဘူး။
ကိုယ်ဖြစ်သမျှကိုယ့်ဘ၀ကို ကိုယ်ကိုယ်တိုင်က လက်မခံနိုင်သမျှ အခြားသူတွေကိုလွဲချတတ်တာ လူ့စိတ်သဘာဝပဲဖြစ်တယ်။ ကိုယ်ကိုယ်၌ကိုက စာနာစိတ်၊ တာဝန်ယူစိတ်၊ အရှိအရှိအတိုင်း ဓမ္မဓိဋ္ဌာန်ကျလိုစိတ် မရှိပါလျက်၊ သူများကို စာနာစိတ်မရှိသယောင်၊ တာဝန်မဲ့သယောင်၊ ပုဂ္ဂလဓိဋ္ဌာန်ကျနေသယောင်ယောင် အရင်ဦးအောင်မြင်ပြစ်လိုက်တာ လူ့သဘာဝပဲ။ ဒီလိုစိတ်မျိုးဟာ လူ့သဘာဝဆိုပေမယ့် Value of Self-being မိမိကိုယ်ကိုဖြစ်သမျှ တန်ဖိုးရှိချင်သူတွေအတွက် ပယ်ဖျောက်ရမယ့် အနုတ်သဘော ဆောင်နေတဲ့ သဘာဝဖြစ်တယ်။
ကိုယ့်မှာရှိတဲ့ အပြစ်တွေနဲ့ မကောင်းတာတွေကို သူတစ်ပါးအပေါ်လွဲချမြင်တတ်တဲ့ စိတ်မျက်မှန်နဲ့လူတွေကို ကြည့်တဲ့အခါ အခြားသူတွေဟာ ကိုယ့်လောက်မှ မကောင်းဘူး၊ ကိုယ်ကသူများထက် ပိုကောင်းတယ် ပိုသာတယ်ဆိုတဲ့ ကိုယ့်ကိုယ်ကိုလှည့်ဖျားထားတဲ့ False Beliefs မှားနေတဲ့ ယုံကြည်ချက်အမြင်တွေပဲရလာတယ်။ ကိုယ့်ကိုယ်တိုင်ပြုပြင်သင့်တဲ့ ကိုယ့်ရဲ့ မကောင်းတာတွေကို သူများမကောင်းတာအဖြစ် မြင်နေတာ အမှန်တရားနဲ့ဝေးပြီး အမှားကိုဖက်တွယ်ထားတာပဲ။
ကိုယ့်မှာရှိတဲ့ကိုယ်မကြိုက်တဲ့ စရိုက်တွေ၊ စိတ်ထားအပြုအမူတွေကို စိတ်အားထက်ထက်သန်သန် ပြုပြင်လိုစိတ်ထားတာ ကိုယ်ပိုင်တန်ဖိုးတည်ဆောက်တာပါပဲ။ ကိုယ့်မှာကိုယ်မကြိုက်တွေရှိတယ်လို့ မြင်ရင်လက်ခံနိုင်ရင်ကိုပဲ ပြောင်းလည်းဖို့ရာ အစပြုလို့ရပါပြီ။ ပြောင်းလည်းနိုင်စွမ်းအားဟာ လူတိုင်းမှာရှိပါတယ်။ ပြောင်းလည်းလိုစိတ်သာ နည်းပါးကြတာပါ။
ကိုယ့်မှာရှိတဲ့ ကိုယ်မကြိုက်တဲ့စရိုက်နဲ့ အပြစ်တွေကို ပြုပြင်ပြောင်းလည်းဖို့လက်ခံတဲ့အခါ၊ ကိုယ့်ကိုယ်ကို အကဲဖြတ်ဝေဖန်ဖို့ (Judge) မဟုတ်ဘူး။ အကဲဖြတ်ဝေဖန်တယ်ဆိုတာ တစ်ခုခုကို ဘာပါလို့ တံဆိပ်တပ်ဝေဖန်လိုက်တာပဲ။ ကိုယ့်ကိုယ်ကို မကောင်းပါလို့ အကဲဖြတ်ဝေဖန် တံဆိပ်တပ်နေပြီး လက်ခံထားသရွေ့ ဘယ်တော့မှကောင်းလာအောင် ပြုပြင်နိုင်မှာမဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ်ပြုပြင်ချင်ရင်တော့ အကဲဖြတ်တာဝေဖန်တာ မလုပ်မှပဲ အောင်မြင်မယ်။
~AMM~
Greenhill
https://www.facebook.com/aungmm27?fref=ts
No comments:
Post a Comment