Tuesday, June 11, 2013

Motivation အရင်းခံအကြောင်းတရား စိတ်ဆန္ဒအားထက်သန်မှု၊ စိတ်ဓာတ်လှုံဆော်မှု ဆိုတာဘာလဲ ?

by Ucs Jugger (Notes) on Wednesday, 12 June 2013 at 01:22
Motivation အရင်းခံအကြောင်းတရား စိတ်ဆန္ဒအားထက်သန်မှု၊ စိတ်ဓာတ်လှုံဆော်မှု ဆိုတာဘာလဲ ?

မိမိကိုယ်ကို ပြောရမယ်ဆိုရင် စိတ်ဆန္ဒအားထက်သန်မှု ပေါ့ဗျာ။ သူတပါးကို ပြောတယ်ဆိုရင်တော့ စိတ်ဓာတ်လှုံဆော်မှု။ တနည်းအားဖြင့် လိုအပ်ချက် နဲ့ လိုအင်ဆန္ဒပေါ့။

မိမိလိုအင်ဆန္ဒပန်းတိုင်ကို ရှိရင်းစွဲ စွမ်းရည်ဖြင့် အသုံးချပြီး တာဝန်ကို ခရီးပေါက် ပြီးမြောက်စေခြင်း (သို့) တစ်စုံတစ်ရာကို ပြီးမြောက်ဖို့အတွက် လိုအပ်ချက်၊ စိတ်ဆန္ဒ နှင့် စိတ်ခံစားမှုတို့ကို မောင်းနှင်ပါတယ်။ ထိုအချိန်မှာ စိတ်အားထက်သန်မှုဆိုတဲ့ (Motivation) ဟာ ပေါ်ပေါက်လာရတော့တာပါဘဲ။ တကယ်တမ်းပြောရရင် ကားတစ်စီးမောင်းနှင်ရာမှာ လိုအပ်တဲ့ ဓာတ်ဆီကို ဖြည့်လိုက်ရတာဟာ (Motivation) ဥပမာပါဘဲ။ စိတ်အားထက်သန်မှုဟာ သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုကို ဦးဆောင်စေပြီး ကြိမ်းသေပေါက် လမ်းကြောင်းတစ်ခုပေါ်ကို တင်ဆောင်ပေးပါတယ်။ စိတ်အားထက်သန်သူတွေမှာ တွေ့ရတတ်တာကတော့ လိုအပ်ချက်နဲ့ လိုအပ်ဆန္ဒတွေရဖို့အတွက် စွမ်းရည်(Ability) နဲ့ ခွန်အား (Energy) တွေရှိနေတယ်၊ စိတ်ဓာတ်ကြံ့ခိုင်မှု(Determination) တွေကို တွေ့ရတယ်။


Motivated ပုံစံအမျိုးမျိုးကို အများအားဖြင့်တွေ့ရတတ်တာက(၁) တကယ်ပဲ အလုပ်တစ်ခုကို လိုလိုလားလားလုပ်ချင်တဲ့ ပုံစံ(၂) အကြောင်းကိစ္စ တစ်ခုခုကြောင့် ထလုပ်လိုက်ရတဲ့ ပုံစံ(၃) အဖွဲ့အစည်းတစ်ခုရဲ့ ပန်းတိုင်ကို ရှဉ့်လည်း လျှောက်သာ ပျားလည်းစွဲသာ လုပ်တတ်တဲ့ ပုံစံ(၄) ၀တ်ကျေတန်းကျေပဲ လုပ်တတ်တဲ့ ပုံစံ(၅) ဆန္ဒတစ်ခုကို အောင်မြင်အောင် လုပ်ချင်တဲ့ ပုံစံ(၆) စိတ်အား လူအား နှစ်မြုပ်ပြီး လုပ်တတ်တဲ့ ပုံစံ(၇) စိတ်ပိုင်းဖြတ်ပြီး ခိုင်ခိုင်မာမာ လုပ်ချင်တဲ့ ပုံစံ(၈) မိမိ ဆန္ဒအလျှောက် လုပ်တတ်တဲ့ ပုံစံ(၉) ခိုင်မာတဲ့ ရည်ရွယ်ချက် ရှိသောကြောင့် လုပ်ချင်တဲ့ ပုံစံ(၁၀) မပြီးမချင်းကို လုပ်တတ်တဲ့ ပုံစံ

စိတ်အားထက်သန်မှု (Motivation) တော့ရှိပါရဲ့။ လုပ်ငန်း ဆောင်ရွက်မှု အခြေအနေ (Job Performance) ဟာ စိတ်အားထက်သန်မှု တစ်ခုတည်းနဲ့ ဖြစ်တည်တာမဟုတ်ပါဘူး။ 

(၁) စိတ်အားထက်မှုရှိမရှိ (Motivation)(၂) စွမ်းရည်ပြည့်စုံမှုရှိမရှိ (Ability) (၃) ပတ်ဝန်းကျင်အခြေအနေပေးခြင်း မပေးခြင်း၊ ကံကြမ္မာ ကောင်းခြင်း မကောင်းခြင်း (Situation constraints) ပေါ်မှာလည်း မူတည်ပါတယ်။ 

1) တစ်ချို့ Motives တွေက (Organic) ရုပ်အင်္ဂါပိုင်း လိုအပ်ချက်အရ ဖြစ်ပေါ်လာရတာတွေလည်းရှိတယ်။ဗိုက်ဆာခြင်း၊ ရေငတ်ခြင်း၊ မျက်စိမှုန်ခြင်း၊ လေကောင်းလေသန့်မရခြင်း၊ ရာသီဥတု ပူခြင်းအေးခြင်း စတာတွေ ဖြစ်ပေါ်နေတယ်ဆိုရင် ရုပ်အင်္ဂါပိုင်းဆိုင်ရာ လိုအပ်ချက်အရ (Organic Motives) တွေဖြစ်ရတာပါ။

2) နောက်ထပ် Motives က (Emotional) စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်အရ ဖြစ်ပေါ်လာရတယ်။ဥပမာ ဘ၀မလုံခြုံမှု၊ ကြောက်ရွံမှုစတာတွေကို ကာကွယ်ချင်သောကြောင့် Motivation တွေ ဖြစ်လာရတယ်။ မိမိရဲ့စိတ် မခံချင်စိတ်ကြောင့် ဖြစ်လာရတာတွေဟာ (Emotional Motives) တွေပါ။

3) Social Motives တစ်ချို့ကတော့ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ချင်လို့ ကြိုးစားလုပ်ဆောင်လာရတာတွေ၊ လူတွေအပေါ်မှာ သြဇာလွှမ်းမိုးချင်တာကြောင့် ဖြစ်ပေါ်လာရတာတွေ၊ မိမိရဲ့ ရှိရင်းစွဲ မြောက်ကြွမြောက်ကြွစိတ် ကြွားဝါချင်စိတ်တွေဟာ (Social Motives) တွေပဲ ဖြစ်တယ်။ 

4) နောက်ထပ် (Activity Motives) ကတော့ အတွေ့အကြုံလိုအပ်ချက်အရ လှုပ်လှုပ်ရှားရှားဆောင်ရွက်ရတာ၊ မိမိရဲ့သိချင်တတ်ချင် စပ်စုချင်စိတ်ကြောင့် ဖြစ်ပေါ်လာရတာ၊ ကစားကွင်းမှာ ရိုလာကောစတာစီးတာ သရဲကားကြည့်ရတာတွေဟာ စိတ်လှုပ်ရှားချင်သောကြောင့် ဖြစ်ပေါ်လာရတာပါ၊ ဆန်းသစ်တီထွင်ချင်စိတ်ကြောင့် တွေးတောကြံဆရတာတွေဟာ (Activity Motives) ပါဘဲ။ 

ခေါင်းဆောင်ကြီးတွေ ပေါ်ထွန်းလာရတာ အောင်မြင်လာရတာတွေဟာလည်း Motivation ကြောင့်ပါဘဲ...


သင်ဟာ လူတွေကို စိတ်အားထက်သန်မှုရှိလာအောင် လှုံဆော်ပေးနိုင်ပါတယ်။

* လူတွေရဲ့ လိုအပ်ချက်ဟာ ဘာလဲဆိုတာသိအောင်မေးပါ။
* လူတွေ ဘာတွေလိုအပ်နေသလဲ ဆိုတာကို သိအောင် စောင့်ကြည့်ပါ။
* လူတွေရဲ့ မျှော်လင့်ချက် အလင်းရောင်ကို ရှင်သန်ပေးပါ။
* လူတွေရဲ့ စားဝတ်နေရေး လိုအပ်ချက်ကို ကျေနပ်အောင် ဖန်တီးပေးပါ။
* လူတွေ ကြုံတွေ့ခံစားခဲ့ရသမျှ ကျေနပ်ပီတိတွေကို ဥပမာပေး ပြန်ပြောင်း အောက်မေ့ပေးပါ။
* အပြုသဘောဆောင်တဲ့ စကားမျိုး မကြာခဏပြောကြားပေးပါ။
* လုပ်ငန်းဆောင်တာ ပြီးမြောက်အောင်မြင်မှုအပေါ် ထိုက်တန်သော ဆုချီးမြှင့်မယ်လို့ မက်လုံးပေးပါ။
* တကယ်ပေးမယ်ဆိုတဲ့ အတိုင်း ဖြစ်မြောက်အောင်ပေးပါ။
* လူတွေမှာ ရှိနေတဲ့ အဟန့်အတား အနှောက်အယှက်တွေကို ဖယ်ရှားပေးပါ။
* လူတွေကို မိမိကိုယ်တိုင် စံပြသဘော ရှေ့ထွက် လုပ်ဆောင်ပေးပါ။
* သင့်တော်ရာ လူကို ရွေးချယ်ပြီး သူ့နေရာနဲ့ သူတော်ကြောင်း တာဝန်ကျေကြောင်း ချီးမွမ်းပေးပါ။
* လူကို လူလို တန်ဖိုးထားပြီး ဆက်ဆံပေးပါ။
* လက်တွေ့ကျတဲ့ စိန်ခေါ်မှုတွေနဲ့ ပန်းတိုင်ကို သတ်မှတ်ပေးပါ။
* ပျော်ရွှင်စရာ ပတ်ဝန်းကျင်လေးတစ်ခုကို ဖန်တီးပေးပါ။
* အသိအမှတ်ပြုပေးပါ။

အမှားပါ တောင်းပန်ပါ၏ သည်းခံဖတ်ကြပါရန်။
Motivation Notes များကို ထုတ်နှုတ်ရေးသားသည်
Ucs Jugger 

No comments: