Tuesday, June 11, 2013

~Ism Vs Society~



ဝါဒနဲ့ လူ့အဖွဲ့အစည်း

လူရယ်လို့ဖြစ်လာရင် ဘ၀မှာကောင်းတာတွေပဲဖြစ်ချင်ကြုံချင်ကြတယ်၊ ကောင်းတာတွေရဲ့ အကြောင်းအရင်းတွေဟာလည်း အမှန်တရားနဲ့ယှဉ်တွဲနေရမယ်လို့ ယုံကြည်လက်ခံကြတယ်။ 
ကောင်းတယ်မှန်တယ်ဆိုရာမှာလည်း တစ်ဦးတစ်ယောက်ခြင်းစီအလိုက် ဒေါင်လိုက်သဘောဆောင်ပြီး ကောင်းတာမှန်တာဖြစ်လိုစိတ်ကနေ၊ ကိုယ်နေထိုင်ရာ လူ့အဖွဲ့အစည်းတစ်ခုခြင်းစီအလိုက် အလျားလိုက်သဘော တစ်ခုလုံးကို ကောင်းတာမှန်တာဖြစ်စေလိုတယ်။

ကောင်းတာမှန်တာဖြစ်စေလိုတယ်ဆိုတဲ့ စိတ်ဆန္ဒတစ်ခုနဲ့တော့ ဒေါင်လိုက်သဘောအတွက်ကော၊ အလျားလိုက်သဘောမှာကော ကောင်းတာမှန်တာဖြစ်လာမှာမဟုတ်ဘူး။ ကောင်းတာမှန်တာကို ဆောင်ကျဉ်းပေးမယ်နည်းစနစ်တွေလိုတယ်လို့ ယူဆကြတယ်။ ဒေါင်လိုက်သဘောဖြစ်တဲ့ လူတစ်ဦးတစ်ယောက်ခြင်းစီအတွက် ကောင်းခြင်းတွေဖြစ်စေဖို့နဲ့ အလျားလိုက်သဘောဖြစ်တဲ့ လူ့အဖွဲ့အစည်းတစ်ခုလုံးကောင်းစေမယ်လို့ ထင်မြင်ယူဆရတဲ့ စနစ်တွေဟာ ၀ါဒတွေပဲဖြစ်တယ်။

ဝါဒဆိုတာလူတွေအတွက် ဒေါင်လိုက်သဘောကော၊ အလျားလိုက်သဘောအတွက်ပါ ကောင်းတာတွေမှန်တာတွေဖြစ်စေပြီး၊ မကောင်းတာတွေ အမှန်တရားမဟုတ်တာတွေကနေ ဝေးကွာစေမယ်လို့ ယုံကြည်ပြီး လူတွေယုံကြည်ကျင့်ကြံကြတဲ့စနစ်တွေကို ဆိုလိုတယ်။

ဝါဒတွေကိုယုံကြည်ကြရတဲ့အကြောင်းအရင်းကတော့ အမှန်တရားနဲ့ ကောင်းခြင်းတွေဖြစ်ပေါ် စေဖို့နဲ့ အမှားတွေ၊ မမှန်တာတွေ၊ မကောင်းတာတွေနဲ့ ဝေးဖို့လိုဆိုခဲ့ပြီးဖြစ်ပေမယ့်၊ ၀ါဒတစ်ခုခြင်းစီအလိုက် အမှန်တရားကိုဆောင်ကျဉ်းပေးနိုင်စွမ်း၊ အကောင်းတွေကိုဖြစ်ပေါ်နိုင်စွမ်း တွေကို ပညာရှင်တွေဟာ အမြဲမေးခွန်းထုတ်နေရတယ်။ ဘာလို့လည်းဆိုတော့ လူ့သမိုင်းမှာ ပိုကောင်းတဲ့ဝါဒပဲရှိတယ်၊ အမှန်ဆုံးဝါဒရယ်လို့တော့ သက်သေပြထားနိုင်တာမရှိသေးလို့ပဲ။

ဝါဒဆိုတာယုံကြည်လိုက်နာဆောင်ရွက်ရတာဆိုတော့၊ မမှန်တဲ့အယူဝါဒကို ယုံကြည်နေသူဟာ အမှန်ကနေသွေဖယ်ပြီး၊ ကောင်းခြင်းတွေကနေဝေးကွာတယ်လို့ ဆိုလို့ရတယ်။ တစ်ချိန်ထဲမှာပဲ အမှားတွေဖက်တွယ်ပြီး၊ မကောင်းတာတွေကို ဖြစ်နေစေတယ်လို့လည်း ပြောလို့ရတယ်။

ဝါဒဆိုတာ လူတွေရဲ့ လောကကိုမြင်ပုံတွေကို ဘယ်လိုမြင်ပါ ဆိုပြီးမျက်မှန်တပ်ပေးလိုက်တာပါပဲ။
ဝါဒမျက်မှန်စိမ်းတပ်သူတွေက လောကကိုအစိမ်းရောင်မြင်ကြရင်၊ အနီသမားက အနီမြင်တာပေါ့။
တစ်နည်းပြောရရင်တော့ ၀ါဒမျက်မှန်တပ်ကြည့်ကြတော့ လောကကို အရှိအရှိအတိုင်းမမြင်နိုင်ကြ တော့ဘူးပေါ့။

ဝါကကလူတွေရဲ့ စိတ်ခံစားချက်တွေ၊ ခံယူပုံတွေ၊ လောကကိုတုံ့ပြန်ပုံတွေကိုလည်း ပြဋ္ဌာန်းပေးသေးတယ်။ ဒါကြောင့်ဝါဒလွမ်းမိုးမူအလိုက် လူတွေရဲ့ ပြုမူပြောဆိုပုံတွေ၊ လောကကိုတုံ့ပြန်ပုံတွေ ကွာကြတယ်။

ဝါဒဘာလို့လိုလည်းမေးရင်တော့ ပညာဥာဏ်ဟာလိုက်ရခက်လို့ပဲဖြစ်တယ်။ ပညာဥာဏ်သာပြည့်စုံ ကြရင် အမှန်တရားနဲ့ ကောင်းမွန်မူဆိုတာ ဒေါင်လိုက်သဘောမှာကော၊ အလျားလိုက်သဘောမှာပါ စည်ပင်ပျံ့ ပွားမှာပဲ။ ဒါပေမယ့် ပညာဥာဏ်ဆိုတာ တစ်ဦးတစ်ယောက်ခြင်းစီအလိုက် အားထုတ်မူနဲ့သက်ဆိုင်တဲ့အတွက်၊ တစ်ဦးတစ်ယောက်ခြင်းစီ အလိုက်ဘ၀ပေးအခြေနေနဲ့ သက်ဆိုင်တဲ့အတွက်၊ လူတွေရဲ့ မောဟဖုံးလွယ်ပြီး၊ ကိုယ်ကျိုးကြည့်လိုစိတ်တွေကြောင့် အလွယ်နည်းဖြစ်တဲ့ လမ်းပြမြေပုံဆန်ဆန်ဝါဒတွေ ပေါ်ထွန်းလာတာပဲဖြစ်တယ်။

ဝါဒပေါင်းစုံဟာ လူ့လောကနေရာအနံ့ပျံ့ နှံ့နေတယ်၊ လူတွေကိုအသက်အရွယ်မရွေး၊ အချိန်ခါမရွေး၊ ဆင်းရဲချမ်းသာမရွေး လွမ်းမိုးထားတယ်။ ၀ါဒလွမ်းမိုးခံရသူတွေ ၀ါဒသားကောင်တွေ ဟာ အမြင်တွေ၊ ခံယူချက်တွေ၊ ပြောဆိုပြုမူပုံတွေ တစ်ဖက်စွန်းရောက်တတ်ကြတယ်။ ၀ါဒကြောင့်ကောင်းတာဖြစ်တာထက်၊ ဆိုးတာဖြစ်ကြတာများတယ်။

ဒါကြောင့်ပဲ အသိဥာဏ်ပညာထွန်းကားတဲ့ ခေတ်ကြီးမှာ ၀ါဒသားကောင်မဖြစ်ရအောင် ပညာရေးအဖွဲ့အစည်းတွေမှာ ဆင်ခြင်ဥာဏ်နဲ့ ဝေဖန်ပိုင်းခြားဆန်းစစ်နိုင်တဲ့ဥာဏ်တွေ ကိုဗဟိုပြုသင်ကြားပေးကြတယ်။

~AMM~
Greenhill

https://www.facebook.com/aungmm27?fref=ts

No comments: