Friday, April 26, 2013

ပျော်ကြရဲ့ လား



ပျော်ကြရဲ့ လား

တစ်နေ့က ပျော်ရွှင်မှုနဲ့ပါတ်သက်ပြီး စိတ်ပညာရူထောင့်ကနေဆွေးနွေးထားတဲ့ ပို့ချချက်တစ်ခု
နားထောင်လိုက်ရတယ်။ စိတ်ပညာရှင်အချို့ ရဲ့ လက်တွေ့ကွင်းဆင်းလေ့လာချက်တစ်ခုကရလာတဲ့ လူတွေကိုဘာတွေက ပျော်ရွှင်စေသလည်းဆိုတာကို ဆွေးနွေးတင်ပြထားတာလေးပါ။

လေ့လာမှုအရ ပျော်ရွှင်တဲ့လူတွေမှာရှိတဲ့ ကိုယ်ရည်ကိုယ်သွေးသုံးချက်ကို စိတ်ပညာရှင်တွေတင်ပြထားတယ်။

ပထမဆုံးကိုယ်ရည်ကိုယ်သွေးကတော့ ပျော်ရွှင်တဲ့လူတွေဟာ သူတို့ဘ၀ကို ကျေနပ်လက်ခံကြတယ်။ ဆိုလိုတာကတော့ ဘ၀မှာဖြစ်လာသမျှကို ကျေကျေနပ်နပ် လက်ခံကြတယ်။ ရှိသမျှနဲ့ပျော်ရွှင်တတ်ကြတယ်။ ပျော်ရွှင်နေတဲ့လူတိုင်းတော့ သူတို့ဘ၀မှာရှိသမျှကို နှစ်သက်ခံချင်မှ လက်ခံမယ်။ ရုပ်ရည်အားဖြင့် ချောမောချင်မှလည်း ချောမောမယ်၊ အနည်းငယ်ဝနေတာလည်းဖြစ်နိုင်တယ်၊ ၀င်ငွေကောင်းတဲ့ အလုပ်ရှိချင်မှ လည်းရှိမယ်၊ ချမ်းသာချင်မှ ချမ်းသာမယ်။ ဒါပေမယ့် ပျော်ရွှင်ဖို့အတွက်ဒါတွေပြောင်းလည်းမှ ဖြစ်မယ်လို့ မယူဆကြဘူး။ သူတို့မှာရှိတဲ့ ကျေနပ်ဖို့ကောင်းတဲ့ အရာတွေကိုသာ အာရုံထားကြတယ်။ မပြောင်းလည်းနိုင်တဲ့ အရာတွေနဲ့ ပြောင်းလည်းဖို့မဖြစ်သေးတဲ့ အရာတွေကိုသိပ်ပြီးစိတ်ထဲမှာ စွဲလမ်းမထားတတ်ကြဘူး။ ဆိုလိုချင်တာကတော့ ဒီလိုစိတ်ချမ်းသာပျော်ရွှင်မှုမျိုးဆိုတာ ပြင်ပကရုပ်ဝတ္ထအကြောင်းတရားတွေ ကနေလာတာမျိုးမဟုတ်ဘူး၊ စိတ်ထဲကလက်ခံနိုင်စွမ်းတွေကနေလာတဲ့ ပျော်ရွှင်မှုမျိုးကိုဆိုလိုတယ်။

ပျော်ရွှင်တဲ့လူတွေဟာ သူတို့ဘ၀နဲ့ သူတို့ကျေနပ်ကြတဲ့အချိန်မှာ မပျော်နိုင်တဲ့လူတွေအတွက်ကတော့ သူတို့ဘ၀ကို မကျေမနပ်ဖြစ်တတ်ကြတယ်၊ မရောင့်ရဲတတ်ကြဘူး။ အပြောင်းလည်းတွေဖြစ်လာမှ ပျော်ရွှင်မယ်လို့ ထင်မြင်ယူဆ ကြတယ်။ ဆိုလိုတာ ၀နေရင်လည်း ပိန်သွားမှပဲ ပျော်ရွှင်လာနိုင်မယ်ထင်တယ်၊ ၀င်ငွေကောင်းတဲ့ အလုပ်ရှိမှပဲ ပျော်ရွှင်လာနိုင်မယ်ထင်တယ်၊ ချမ်းချမ်းသာသာနေရမှ ပျော်ရွှင်ရမယ်ထင်ကြတယ်။ သူတို့မှာမရှိတဲ့အရာတွေ၊ မပိုင်ဆိုင်နိုင်သေးတဲ့ အရာတွေ၊ ပိုင်ဆိုင်လိုတဲ့အရာတွေကို အမြဲမျှော်လင့်နေတတ်ကြပြီး အဲ့တာတွေရလာမှ ပျော်ရွှင်ရမယ်ထင်ကြတယ်။ တစ်ကယ်တန်းတော့ အဲ့လိုဘ၀အမြင်မျိုးရှိနေတဲ့အတွက် သူတို့ဘ၀မှာဘာတွေကို ဘယ်လောက်ရရ အမြဲတမ်းလို ပိုမိုကောင်းမွန်တာတွေကို လိုချင်တဲ့လိုအင်တွေနဲ့ အမြဲမပျော်မရွှင်
ဖြစ်နေတတ်ကြတယ်။

ပျော်ရွှင်တဲ့သူတွေရဲ့ ဒုတိယကိုယ်ရည်ကိုသွေးကတော့ သူတို့ဟာ အကောင်းမြင်တတ်ကြတယ်။ ဘ၀ရဲ့ အကောင်းအဆိုးနှစ်ဖက်ထဲက၊ အကောင်းဖက်ကိုဗဟိုပြုနေတတ်ကြတယ်။ ပျော်တဲ့လူတွေကော၊ မပျော်ရွှင်နိုင်တဲ့လူတွေကော ပြဿနာတွေကတော့ရှိကြတာပါပဲ။ ပျော်တဲ့သူတွေပြဿနာရှိလာရင်၊ အခြေနေတွေက ကောင်းလာမှာပါလို့ စိတ်ထားတတ်ကြတယ်။ ဖြစ်လာနိုင်တဲ့ အဆိုးတွေကိုတွေးကြောက်ပြီး စိတ်ပူပန်မနေဘူး။ အပြုသဘောဆောင်တဲ့စိတ်ထားတတ်ကြတယ်။

မပျော်ရွှင်တဲ့သူတွေကြတော့ ဒီကိစ္စမှာပျော်ရွှင်တဲ့သူတွေနဲဆန့်ကျင်ဖက်ပဲ။ အကောင်းမမြင်တတ်ကြဘူး။ သင့်သင့်လျောက်ပါတ်အောင် နှလုံးမသွင်းတတ်ကြဘူး။ ပြဿနာတစ်ခုတက်ရင် အစစအရာရာကိုအဆိုးမြင်ပြစ်တတ်ကြတယ်။ ပြဿနာကိုရှိတာထက် ပိုဆိုးလာမှာပဲလို့ ယူဆတယ်။ ဖြစ်လာနိုင်သမျှအဆိုးတွေအကုန်ကို ပူပန်လွန်းတတ်တော့ ပိုပြီးစိတ်မချမ်းသာဖြစ်ကြရတယ်

နောက်ဆုံး ကိုရည်ကိုယ်သွေးကတော့ ပျော်ရွှင်တဲ့သူတွေမှာ အများနဲ့ကောင်းမွန်ပြေပြစ်တဲ့ဆက်ဆံရေး ရှိကြတယ်။ သူတို့နဲ့ သူတို့ရဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ အကြားမှာ နွေးထွေးလှိုက်လည်းတဲ့ ဆက်ဆံရေးတည်ဆောက်တတ်ကြတယ်။ လေ့လာမှုအရတော့ နွေးထွေးလှိုက်လည်းတဲ့ ဆက်ဆံရေးဟာ ပျော်ရွှင်မှုရဖို့အရေးကြီးဆုံးအချက်ဖြစ်တယ်။ ဒါကြောင့် ပျော်ရွှင်ချင်ရင်တော့ ပိုက်ဆံကုန်းရုန်းရှာနေယုံ၊ အောင်မြင်အောင်ဘ၀ကို တည်ဆောက်နေယုံနဲ့ မပြီးသေးဘူး။ မိသားစုတွေ၊ မိတ်ဆွေအပေါင်းသင်းတွေနဲ့ ရင်းရင်းနှီးနှီးပျော်ပျော်ရွှင်ရွှင်နေဖို့လည်းလိုသေးတယ်။

ဘ၀မှာမပျော်နိုင်သူတွေကိုကြည့်ရင် သူတို့မှာရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးတွေသိပ်မရှိတာ တွေ့ရမယ်။ ဒုက္ခပေးမယ့် မိတ်ဆွေမျိုးတွေပဲရှိရင်လည်းရှိနေနိုင်တယ်။ အလုပ်တွေနဲ့ ဖိစီးနေပြီး အထီးကျန်နေတတ်ကြတယ်။ တစ်ခြားအကြောင်းတွေလည်းရှိနိုင်သေးတယ်။ ဘာပဲဖြစ်ဖြစ် သူတို့မှာ ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးတွေမရှိကြဘူး။ ဒါဟာသူတို့ကို အဓိကမပျော်ရွှင်စေတာပဲ။

အချုပ်ပြောရရင်တော့ ပျော်ချင်ရင် ပျော်စရာမရှာပဲ၊ ပျော်ပျော်နေတတ်အောင်လုပ်ပါပေါ့။

~~ ခရီးသည် ~~
https://www.facebook.com/aungmm27

No comments: