Aik Sai
Reading is to the MIND what exercise is to the BODY. (Joseph Addison)
Pages
စီးပွားရေး
ဘ၀အောင်မြင်ရေး
Thursday, February 21, 2013
နိုင်ငံရေးဘောဂဗေဒ၏အနိုင်ကျင့်မှု ပါမောက္ခ ဒန်နီရိုးဒရစ် translated by khin maung nyo economist
by
Khin Maung Nyo
on Friday, 22 February 2013 at 08:50 ·
ဘောဂဗေဒပညာရှင်တွေက နိုင်ငံရေးနယ်ပယ်နှင့် ခပ်ခွာခွာနေခဲ့ သည့် ခေတ်တစ်ခေတ် ရှိခဲ့ဖူးသည်။ ဘောဂဗေဒပညာရှင် (သို့) စီးပွားရေးပညာရှင်တွေ၏ အလုပ်သည် ဈေးကွက်စီးပွားရေးအဆောက်အအုံများမည်သို့အလုပ်လုပ်သည်၊ မည်သည့် အခါတွင် မအောင်မမြင်ဖြစ်ရသည်၊ စွမ်းရည်မြင့်မားစေရန်အတွက် မူဝါဒတွေ မည်သို့ချမှတ်ရေးဆွဲရမည်တို့ကိုဖော်ပြရန်သာဖြစ်သည်ဟု ရှုမြင်ခဲ့ကြ သည်။ စွမ်းရည်မြင့်မားရေးနှင့် တန်းတူညီမျှရေးတို့ကဲ့သို့သောတစ်ခုခုကိုရွေးချယ်ရမည့် ကိစ္စများ၊ ရည်ရွယ် ချက်အမျိုးမျိုးဖြစ်နေသောကိစ္စများ၌ ဘာတွေရ၍ ဘာတွေစွန့်လွှတ်လိုက်ရမည်ကိုဖော်ပြဆွေးနွေးသည်။ လိုချင်သောစီးပွားရေးရလဒ်တွေ ပေါ်ထွက်လာအောင် လုပ်ဆောင်ပေးနိုင်မည့် မူဝါဒတွေကို ညွှန်းသည်။ ဝင်ငွေတွေ မည်သို့မည်ပုံ ပြန်လည်ခွဲဝေကြမည် ဆိုသည့်ကိစ္စမျိုးတွေကိုပါ ညွှန်ပြလေ့ ရှိသည်။ ထိုအကြံညဏ်တွေကိုနိုင်ငံရေးသမားတွေကလက်ခံချင်လျှင် လက်ခံ၊ လက်မခံချင်လျှင် စွန့်ပစ်နိုင်သည်။ လက်တွေ့အကောင်အထည်ဖော်ရမည့်ကိစ္စမှာအုပ်ချုပ်ရေးနယ်ပယ်ကဝန်ထမ်းတွေ ဗျူရိုကရက်တွေနှင့် သက်ဆိုင်သည်။
ထို့နောက် အချို့သောဘောဂဗေဒပညာရှင်တွေကပိုပြီးရည်မှန်းချက်ကြီးမားလာကြသည်။ လွတ်လပ် သောဈေးကွက်နှင့်ပတ်သက်သောအကြံပြုချက်အတော်များများကိုယခုထိမည်သူမျှ ဂရုမစိုက်ကြသေး။ ကိုယ်ပေးသည့်အကြံတွေ အတော် များများကိုဘယ်သူကမျှ ဂရုမစိုက် ကြောင်း၊ လက်တွေ့အခြေအနေကိုသဘောပေါက်လာသောအခါ ပျာယာခတ်ကုန်ကြသည်။ ကိုယ်သုံးနေ ကျ စိစစ်နည်း၊ ခွဲခြမ်းစိတ်ဖြာနည်းတွေကိုအသုံးပြု၍ နိုင်ငံရေးသမားတွေ၊ ဗျူရိုကရက်တွေ၏ လုပ်ပုံကိုင်ပုံကိုလေ့လာရန် ကြိုးစားအားထုတ် လာကြသည်။ ဈေးကွက်စီးပွားရေးအဆောက်အအုံတစ်ခုတွင် စားသုံးသူတွေ၊ ထုတ်လုပ်သူတွေ မည်သို့ ဆုံး ဖြတ်ချက်ချကြသည်ဆိုသည့်သဘောတရားကိုအခြေခံကာ နိုင်ငံရေးလုပ်ပုံကိုင်ပုံတွေကိုစိစစ်လေ့လာကြသည်။ ထိုအခါ နိုင်ငံရေးသမားတွေကိုမူဝါဒတွေ ချမှတ်ရာမှ ဝင်ငွေအများဆုံးရအောင် အားထုတ်သူတွေ၊ ထုတ် လုပ်ရောင်းချသူတွေလို မြင်လာရသည်။ နိုင်ငံသားတွေကိုအကျိုးအမြတ်အများဆုံးရအောင် အားထုတ်ကြသောအုပ်စုတွေ မိမိတို့၏ အကျိုးစီးပွားအတွက် ဝိုင်းဝန်းအားထုတ်ကြသောသူတွေအဖြစ် မြင်လာသည်။ နိုင်ငံရေးစနစ်ဆိုသည်မှာ ဆန္ဒမဲတွေ၊ နိုင်ငံရေးသြဇာတွေကိုစီးပွားရေးအကျိုးအမြတ်တွေနှင့် ဖလှယ် သောဈေးကွက်တစ်ခုအဖြစ် ရှုမြင် လာကြသည်။
ဤသို့ဖြင့် ဆင်ခြင်တုံတရားဖြင့် ရွေးချယ်မှုပြုလုပ်ခြင်း၊ နိုင်ငံရေးဘောဂဗေဒဘာသာရပ်နှင့် အခြားဆက်နွယ်နေသောသဘောတရားတွေ အမျိုးမျိုးပေါ်ပေါက်လာသည်။ စီးပွားရေးရှုထောင့်မှကြည့်လျှင် အကြောင်းအကျိုးမညီညွတ်သောကိစ္စတွေ အများကြီးကို နိုင်ငံရေးသမားတွေကအဘယ့်ကြောင့် ပြုလုပ်နေကြကြောင်းရှင်းပြ နိုင်လာကြသည်။ စီးပွားရေးပြဿနာအတော် များများကိုဆွေးနွေးသည့် အခါ 'ကိုယ်ကျိုးစီးပွား'' ဟူသောဝေါ ဟာရကမပါမဖြစ် ဖြစ်နေသည်။
တကယ်တမ်းမပြိုင်ဆိုင်ကြဘဲလုပ်ငန်းစုအတော်များများကအခြားသူတွေ ဝင်လာလို့မရအောင် အဘယ့်ကြောင့် ပိတ်ထားကြသနည်း၊ နိုင်ငံရေးသမားတွေကထိုအခြေအနေမှ အကျိုးအမြတ်ရှိမည့်သူများ၏ အိတ်ထောင်ထဲတွင် ရောက်နေကြ၍ဖြစ်သည်။ အဘယ့်ကြောင့် အစိုးရက နိုင်ငံတကာကုန်သွယ်ရေးကိုပိတ်ပင်တားဆီးရသနည်း။ ထိုသို့ ကိုယ်ကျိုးစီးပွားကာကွယ်ရေး၏ အကျိုးကျေးဇူးကိုခံစားမည့်သူများမှာတစ်စုတစ်စည်းတည်းရှိနေပြီး နိုင်ငံရေးသြဇာကြီးမားသောသူများ ဖြစ်နေကာစားသုံးသူတွေကစုစုစည်းစည်းမရှိ၊ ပြန့်ကျဲနေသောကြောင့်ဖြစ်သည်။ စီးပွားရေးတိုးတက်မှုနှင့် ဖွံ့ဖြိုးမှုရစေမည့် ပြုပြင်ပြောင်းလဲရေးတွေကို နိုင်ငံရေးသမားတွေကအဘယ့်ကြောင့်ပိတ်ဆို့ကြသနည်း။ တိုးတက်မှုနှင့် ဖွံ့ဖြိုးမှုကသူတို့၏ နိုင်ငံရေးသြဇာအာဏာကိုထိပါးမည်စိုး၍ဖြစ်သည်။ ဘဏ္ဍာရေးအကျပ်အတည်းများအဘယ့်ကြောင့် ပေါ်ပေါက်ဖြစ် ပွားလာရသနည်း။ ခံစရာရှိလျှင် အများပြည်သူကခံရမည့် အလွန်အကျွံ စွန့်စားမှုများကိုဘဏ်တွေက ပြုလုပ်နိုင်စေရန် မူဝါဒချမှတ်သည့် လုပ်ငန်းစဉ်များကိုဘဏ်များကထိန်းချုပ်ထားနိုင်ခြင်းကြောင့် ဖြစ်သည်။
ကမ္ဘာကြီးကိုပြောင်းလဲပစ်မည်ဆိုလျှင် ထိုအခြေအနေတွေကိုနားလည်ရန်လိုသည်။ ဤသုံးသပ်စိစစ်ပုံတွေကြောင့် စီးပွားရေးနှင့် နိုင်ငံရေးရလဒ်တွေကိုပိုမိုနားလည်စေရန် အထောက်အကူဖြစ်သည်။
သို့သော် ပြောနိုင်တာ၊ မြင်နိုင်တာနှင့် လုပ်နိုင်တာမတူ။ ပိုပြီးရှင်းပြနိုင်သော်လည်းပိုပြီးကောင်းအောင် လုပ်နိုင်သည့် နယ်ပယ်တွေကကျဉ်းကျဉ်းလာသည်။ နိုင်ငံရေးသမားများ၏ အပြုအမူကိုသူတို့၏ ကိုယ်ကျိုးစီးပွားကအဆုံးအဖြတ်ပေးသည်ဟုဆိုလျှင် ဘောဂဗေဒပညာရှင်တွေ ပေးသမျှ အကြံတွေကိုနားဝင်ကြ တော့မည်မဟုတ်ပေ။ လူမှုရေးသိပ္ပံဘာသာရပ်တွေ တိုးတက်လာလေ၊ မူဝါဒဆိုင်ရာစိစစ်သုံးသပ်မှုတွေကအံမဝင်လေဖြစ်လာသည်။
ဤနေရာတွင် သဘာဝသိပ္ပံနှင့် လူမှုသိပ္ပံတို့ ကွာခြားခြင်းဖြစ်သည်။ သိပ္ပံပညာနှင့် အင်ဂျင်နီယာပညာ၏ အဆက်အစပ်ကိုဥပမာပြုပြီး ကြည့်ပါ။ သဘာဝ၏ ရုပ်ပိုင်းဆိုင်ရာဥပဒေသတွေကိုသိပ္ပံပညာကပိုပြီးနားလည်သဘောပေါက်လာလေ၊ အင်ဂျင်နီယာတွေကပိုကောင်းသောတံတားတွေ၊ အဆောက်အဦတွေကိုဆောက်နိုင်လေလေဖြစ်သည်။ သဘာဝသိပ္ပံ၏ တိုးတက်ဖြစ်ထွန်းမှုက ရုပ်လောကပတ်ဝန်းကျင်ကိုပုံသွင်းရာတွင် အဟန့်အတားအဖြစ် အထောက်အကူသာဖြစ်သည်။
သို့သော် နိုင်ငံရေးဘောဂဗေဒ နှင့် မူဝါဒစိစစ်သုံးသပ်မှုတို့၏ ဆက်သွယ်ပုံမှာဤသို့မဟုတ်ပေ။ နိုင်ငံရေးဘောဂဗေဒတွင် နိုင်ငံရေးသမားများ၏ အပြုအမူတွေကိုအဓိကထား၍ စဉ်းစားရာ နိုင်ငံရေးခွဲခြမ်းစိတ်ဖြာသူတွေကိုဘေးဖယ်ထားသည်။
ရုပ်လောက၏သဘာဝကို ရူပဗေဒသမားတွေကရှင်းပြသောသဘောတရားတွေ ထုတ်ရုံမျှသာမက ဘယ်လိုတံတားတွေ၊ အဆောက်အဦးတွေ ဆောက်သင့်သည်ကိုပါ အကြံပေးပုံမျိုးနှင့်မတူပေ။ အင်ဂျင်နီယာကျောင်းပင် ဖွင့်စရာမလိုသည့် ပုံစံမျိုးမဟုတ်။
လက်တွေ့တွင် နိုင်ငံရေးဘောဂဗေဒ၏ လက်ရှိအခြေခံမူဘောင်၌ ယူဆချက်တွေရှိသည်။ ထိုယူဆချက်တွေကိုထုတ်ပြောမထားပေ။ နိုင်ငံရေးစနစ်များလည်ပတ်ပုံနှင့်ပတ်သက်၍ အခြေခံသောသဘောတရားတွေ ရှိနေသည်။ ထိုယူဆချက် တွေကိုထုတ်ပြလိုက်လျှင် ကိုယ်ကျိုးစီးပွား၏ အရေးပါသောအခန်းကဏ္ဍ ပျောက်သွားမည်။ မူဝါဒချမှတ်ပုံ၊ နိုင်ငံရေးခေါင်းဆောင်မှုနှင့် လူသားတို့က ပြန်ပြီးအသက်ဝင်လာမည်။
သဘောတရားများကနည်းလမ်းသုံးသွယ်ဖြင့် အကျိုးစီးပွားများကို ဖြစ်စေသည်။
ပထမဦးစွာသဘောတရားများကိုအခြေခံ၍ ထိပ်တန်းနိုင်ငံရေးခေါင်းဆောင်တွေကသူတို့ကိုယ်သူတို့ အဓိပ္ပာယ်သတ်မှတ်ကြ၊ ဖွင့်ဆိုကြသည်။ သူတို့ဘာသာသူတို့ ရည်ရွယ်ချက်တွေ ချမှတ်ကြသည်။ ငွေကြေး၊ ဂုဏ်သိက္ခာ၊ အဆင့်အတန်း၊ ကြာရှည် အာဏာရရှိမှု၊ သို့မဟုတ် သမိုင်းအတင်ခံချင်ခြင်းဟူသောရည်ရွယ်ချက်တွေရှိသည်။ ထိုသဘောတရားတွေ၊ ရည်မှန်းချက်တွေအပေါ်မူတည်ပြီးလုပ်ပုံကိုင်ပုံတွေကိုရွေးချယ်ကြ သည်။ လုပ်ပုံကိုင်ပုံတွေ ဖြစ်လာသည်။
ဒုတိယအချက်အနေဖြင့် သဘောတရားတွေကထိုနိုင်ငံရေးဇာတ်ကောင်တို့၏ လောကအမြင်၊ လောကကြီးမည်သို့လည်ပတ်လှုပ် ရှားနေသည်ဟု ရှုမြင်မှုတို့ကိုအဆုံးအဖြတ်ပေးသည်။ အစိုးရ၏ ငွေကြေးသုံးစွဲကာစီးပွားရေးလှုံ့ဆော်ရန် အားထုတ်ကြိုးပမ်းမှုများသည် စုစုပေါင်းဝယ်လိုအားကိုတိုးပွားစေကာငွေဖောင်းပွမှုကိုသာ ဖြစ်စေမည်ဟုအင်အားကောင်းသောစီးပွားရေးသမားတွေကအခြားသောမူဝါဒတွေ ပေါ်ပေါက်လာအောင် အားပေးကြ၊ ကြိုးစားကြသည်။ ဝင်ငွေလိုအပ်နေသောအစိုးရကအခွန်ရှောင်မှာမပူ၊ အခွန် မရှောင်နိုင်ဟုတွက်လျှင် အခွန်နှုန်းခပ်နိမ့်နိမ့်သတ်မှတ်သည်။
တတိယနည်းအရသဘောတရားတွေ၊ အကြံညဏ်တွေက နိုင်ငံရေးသမားတွေ မိမိတို့ဆောင်ရွက်နိုင်သည်ဟုယူဆသောမဟာဗျူဟာတွေကိုချမှတ်စေသည်။ လက်ရှိအာဏာရနေသူတွေအတွက် အာဏာမြဲနေစေရန် ဆောင်ရွက်နိုင်သည့် နည်းလမ်းတစ်ခုမှာစီးပွားရေးလုပ်ငန်းတွေအားလုံးကို နှိပ်ကွပ်ထားခြင်းဖြစ်သည်။ အခြားနည်းတစ်ခုမှာမိမိ၏ စီးပွားရေးအခြေခံတွေကို ဖြန့်ကျက်ထားပြီးစီးပွားရေးဖွံ့ဖြိုးမှု ပေါ်ပေါက်လာစေရန် အားပေးနိုင်သည်။ စီးပွားရေးအချိတ်အဆက်တွေလုပ် အုပ်စုတွေဖွဲ့မည်၊ နိုင်ငံတော်ကဦးဆောင်ကာစက်မှုလက်မှုထူထောင်ရေးတွေလုပ်မည်။ သို့မဟုတ် သူတို့ စိတ်ကူးစိတ်သန်းတွေအပေါ် မူတည်ပြီးအခြားမဟာဗျူဟာအမျိုးမျိုးချမည်။ ဖြစ်နိုင်သည့် မဟာဗျူဟာတွေ အမျိုးမျိုးရအောင်၊ မူဝါဒချမှတ်တတ်သူတွေ၊ ခေါင်းဆောင်တွေကဆောင် ရွက်တတ်ကြသည်။ ရွေးချယ်စရာမဟာဗျူဟာတွေ များလာသည်နှင့် အမျှ လုပ်ပုံကိုင်ပုံတွေ၊ ရလဒ်တွေကလည်းအမျိုးမျိုးဖြစ်လာမည်။
လွန်ခဲ့သောဆယ်စုနှစ်များအတွင်းစီးပွားရေးစွမ်းဆောင်ရည်တွေ အလှည့်အပြောင်းဖြစ်ခဲ့ရသည်များကိုအထက်ပါ အချက် (၃) ချက် က ရှင်းပြနိုင်သည်။ ၁၉၆ဝ ပြည့်လွန် နှစ်များကတောင်ကိုရီးယား၊ ၁၉၇ဝ ပြည့်လွန်နှစ်များနောက်ပိုင်းတွင် တရုတ်နိုင်ငံတို့၏ အပြောင်းအလဲကိုအထက်ပါ အချက် (၃) ချက်ဖြင့် ရှင်းပြနိုင်သည်။ ထိုနှစ်နိုင်ငံစလုံးတွင် ကိုရီးယားစီးပွားရေးလုပ်ငန်းများနှင့် တရုတ်ကွန်မြူနစ်ပါတီတို့ကဲ့သို့သောအမြစ်တွယ်နေသည့် အကျိုးစီးပွားတွေကအနိုင်ရရှိခဲ့ကြသည်။ ပြုပြင်ပြောင်းလဲရေးတွေ ဖြစ်ရသည်မှာ နိုင်ငံရေးပါဝါတွေ အပြောင်းအလဲကြောင့်မဟုတ်။ မဟာဗျူဟာသစ်တွေကြောင့်ဖြစ်သည်။ အမြစ်တွယ်နေသောအကျိုးစီးပွားတွေ ထိခိုက်အောင် လုပ်နိုင်၍ စီးပွားရေးအပြောင်းအလဲတွေ ဖြစ်ရခြင်းမဟုတ်၊ ထိုအကျိုးစီးပွားတွေ ဆက်လက်ရယူနိုင်ရန် ကွဲပြားခြားနားသောမဟာဗျူဟာတွေကိုအသုံးပြုခြင်းကြောင့်သာဖြစ်သည်။
နိုင်ငံရေးဘောဂဗေဒသည် သံသယဖြစ်စရာမလိုလောက်အောင် အရေးပါဆဲဖြစ်သည်။ လက်ရှိအခြေအနေအတိုင်းမပြောင်းမလဲရှိနေသည့်အတွက် မည်သူတွေ အကျိုးရှိ၊ မည်သူတွေ နစ်နာသည်ကိုသေသေချာချာမသိလျှင် လက်ရှိမူဝါဒတွေကိုသဘောပေါက်နားလည်ရန် ခက်ခဲမည်။ သို့သော် အမြစ်တွယ်နေသောအကျိုးစီးပွားတွေကိုအလွန်အကျွံ အာရုံစိုက်လွန်းလျှင် မူဝါဒစိစစ်မှုတွေ၊ နိုင်ငံရေးအကွက်သစ် တီထွင်မှုတွေကိုအာရုံလျော့ပါးသွားမည်။ စီးပွားရေးအပြောင်းအလဲတွေ ဖြစ်ပေါ်နိုင်စွမ်းသည် နိုင်ငံရေးအာဏာ၏ ပကတိအခြေအနေကကန့်သတ်ထားခြင်းကိုသာခံရမည်မဟုတ်၊ အကြံတုံး၊ ညဏ်တုံးဖြစ်နေလျှင်လည်းအပြောင်းအလဲမဖြစ်နိုင်။
(DaniRodnik- The Tyranny of Political Economy)
No comments:
Post a Comment
Newer Post
Older Post
Home
No comments:
Post a Comment