Friday, December 21, 2012

အေမာမ်မာလစ်က် ဒိုင်နာရ် ၏ ဟဂ်ျ အတွေ့အကြုံ

မိုး သိမ်း
တနေရာမှာ ဟဂ်ျ နဲ့ ပတ်သက်တဲ့သဘောတရားလေး တစ်မျိုးဝေမျှဘူးပါတယ်။ဒီထဲမှာ နောက်တစ်မျိုးထပ်ဝေမျှပါရစေခင်ဗျာ။
အေမာမ်မာလစ်က် ဒိုင်နာရ် ၏ ဟဂ်ျ အတွေ့အကြုံ

တခါသော် အေမာမ်မာလစ်က်ဒိုင်နာရ်(ရ.ဟ) သခင်ကြီးသည် ဟဂ်ျပြုရန် အသွား ကန္တာရခရီးတွင်လုလင်ပျိုတဦး ထီးမပါ ဖိနပ်မပါ ရိက္ခာမပါ နေပူကျဲကျဲ သဲပူထဲသွားနေသည်ကို တွေ့ရသည်။
အေမာမ်သခင်ကြီးက ဆလာမ်မေတ္တာပို့ဆက်ရာ လုလင်ပျိုက ဆလာမ်ပြန်ကြားပြီးနောက် သခင်ကြီးနှင့်လုလင်ပျိုတို့သည် အောက်ပါအတိုင်း ဓမ္မ စကားများဆိုကြသည်။
• အေမာမ် အေး.....လုလင်ပျို အသင်ဘယ်အရပ်ကလာသနည်း။
• လုလင်ပျို သူ့ထံမှလာတာပါ။
• အေမာမ် ဘယ်ကိုသွားနေပါသနည်း။
• လုလင်ပျို သူ့ထံသို့ပဲပြန်နေတာပါ။
• အေမာမ် ခရီးလမ်းတွင်စားသုံးဖို့ ရိက္ခာများလည်း မဆောင်ထားပါလား။
• လုလင်ပျို ရိက္ခာလည်း သူ့ထံပါးမှာ ရှိပါသည်။
• အေမာမ် ဤခရီးမျိုးကို ရိက္ခာနှင့်ရေ မပါဘဲသွားလို့ ခရီးဘယ်သို့မှမ မရောက်နိုင်ပါ။
• လုလင်ပျို ကျွန်တော်ခရီးစထွက်ကတည်းက ရိက္ခာသဘောမျိုးနှင့် အက္ခရာ ၅ လုံးဆောင်လာပါသည်။
• အေမာမ် အက္ခရာ ၅ လုံးသည် မည်သည့်အက္ခရာများ ဖြစ်သနည်း။
• လုလင်ပျို အက္ခရာ ၅ လုံးဆိုသည်မှာ အလ္လာဟ်အသျှင်မြတ်၏ မုက္ခပတ်တော်ဖြစ်သည့် ကာဖ်-ဟာ-ယာ-အိုင်(န)-ဆွာဒ် ဖြစ်ပါသည်။
• အေမာမ် အက္ခရာ ၅ လုံးရဲ့ အဓိပ္ပါယ်များ မည်သို့ လာရှိပါသနည်း။
• လုလင်ပျို ကာဖ်-ကဖွာယတ်=ပြည့်ဝဖူလုံစေသူ
ဟာ-ဟာဒီ=တရားလမ်းညွှန်သူ
ယာ-ယုအဒီ=နေရာအတည်တကျပေးသနားသူ
အိုင်န်-အာလာမ်=အလုံးစုံသောကိစ္စတို့ကို အကြွင်းမဲ့သိတော်မူသောသူ
ဆွာဒ်-ဆွာဒစ်က်=ပေးထားသောကတိအတိုင်း ပြည့်ဝအောင်စွမ်းဆောင်ဖြည့်စွက်သူ
စသည့်ဂုဏ်တော် အနတ္တနှင့် ပြည့်ဝကုံလုံတော်မူထသော သူကို အဖော်ပြု၍ သွားနေသော ကျွန်တော်မှာ အဘယ်ကဲ့သို့ပျက်စီးဆုံးရှုံး ၍ အသက်အန္တရာယ်ရောက်နိုင်အံ့နည်း။ ဤမည်သော ခရီးသည်မျိုးအား မည်သို့သော ကြောက်မက်ထိတ်လန့်ဖွယ်ရာ အန္တရာယ်တို့က ပိတ်ပင်ဟန့်တားကာစီးနိုင်အံ့နည်း။ ဤမည်သော ခရီးသည်အတွက် ရိက္ခာသယ်ဆောင်ဖို့လိုအပ်ပါမည်လော။
မာလစ်က်ဒိုင်နာရ်သခင်ကြီးက လုလင်ပျို၏ ဖြေကြားချက်ကိုကြားနာရသောအခါ မိမိနှလုံးသား၌ သနားကြင်နာစိတ်များ ယိုဖိတ်လာကာ မိမိထံ၌ အပိုပါလာသည့် ၀တ်စုံတစ်စုံအားလူငယ်ကိုပေးလှူသော်လည်း သူက လက်မခံပဲ ဆက်လက်ပြောဆိုသည်မှာ..
လုလင် လူကြီးမင်းခင်ဗျား “ဒွန္နယာကွရ်တာ” လောကီ အ၀တ်တန်ဆာတို့ကို ၀တ်ဆင်သည်ထက် ၀တ်လစ်စလစ်နေခြင်းသည် ကျွန်တော့် အတွက် ပို၍ မြင့်မြတ်ပါလိမ့်မည်။ ဒွန္နယာလောက၌ သမာအာဇီဝနည်းဖြင့် ရှာဖွေထားသောတရားဝင် ဟလာဟ် ပစ္စည်းများ အတွက်ပင်လျှင် နောင်တမလွန်၌ စစ်ဆေးမေးမြန်းခြင်းခံရမည်ဖြစ်ရာ တရားမ၀င်သော ဟရာမ်ပစ္စည်းများဖြစ်နေလျှင် ယင်းအတွက်ကြောင့် အပါယ်ငရဲသို့ လားရပေအံ့။
ဤသို့ပြောဆိုနေချိန်တွင်ပင် ညချမ်းအချိန်အမှောင်ထုလွှမ်းမိုးလာရာ လုလင်ပျိုက မိုးပေါ်သို့ကြည့်၏။
လုလင် အို သန့်ရှင်းစင်ကြယ်တော်မူထသောအသျှင် ဖြစ်ပေါ်ထင်ရှားခံ ဘန္ဒာများက ကိုးကွယ်ခ၀တ်ခြင်းအတွက် ၀မ်းမြောက်ရွှင်လန်းတတ်ပြီး အမိန့်တော်များကို ဖီဆန်ပုန်ကန်သူများ၏လုပ်ရပ်ကြောင့် စိုးစဉ်းမျှ အကျိုးတော်ဆုတ်ယုတ်လျော့နည်းခြင်းမရှိတော်မူသောအသျှင် ကျွန်တော်မျိုးအား အသျှင်ဝမ်းမြောက်ကြည်နူးတော်မူသည့် အမိန့်နာခံသူဖြစ်နိုင်ရန် စွမ်းအားကို ပေးသနားတော်မူပါ ။ အသျှင့်အကျိုးတော်ကို မည်သို့မျှ ယုတ်လျော့နိုင်ခြင်းမရှိစေသည့် ကျွန်တော်မျိုး၏ ဂိုနာများကို ခွင့်လွှတ်တော်မူပါ ဟု ဆုပန်လေသည်။
ဤသို့ဖြင့် လုလင်ပျိုနှင့်အေမာမ်ကြီးတို့ပြောရင်းဆိုရင်း ဟဂ်ျပြုရန်ရောက်ရှိလာကြသည့် ဟာဂျီများနှင့် မက္ကာရွှေမြို့တော်အနီး၌
ဆုံမိကြ၏။အဲဟ်ရာမ် ဟုခေါ်သည့် ပိတ်ဖြုပိုင်း ၂ စ ကိုဝတ်ဆင်ကာ “အရှင့်ရှေ့တော်မှောက်သို့အခစားရောက်ပါပြီ။” ဟုအဓိပါယ်ရသည် လဘ်ဘိုက် အစချီသည့် ဂါထာတော်တို့အား ရွတ်ဆိုနေကြသည့် ဟာဂျီများနှင့်အတူ ရွတ်ဆိုမှုမပြုဘဲ ဆိတ်ဆိတ်နေသောလုလင်ပျိုအား-
• အေမာမ် အေး..လုလင်ပျို အများနည်းတူ အသင်က အဘယ့်ကြောင့် လဘ်ဘိုက် ဂါထာတော်ကို မရွတ်ဆိုသနည်း။
• လုလင်ပျို ကျွန်တော်အများတကာလိုမဆိုခြင်းမှာ ကျွန်တော်၌ သံသယရှိသောကြာင့် ဖြစ်ပါသည်။အသျှင်မြတ်က မောင်မင်းလျှောက်ထားချက်ကို ငါမကြား ငါအသျှင်အာရုံမပြုဟု ပြန်ကြားတော်မူမည်ကို စိုးရိမ်ကြောင့်ကြသောကြောင့် ဖြစ်ပါသည်။
ဤသို့ဖြေကြားပြီးနောက် လုလင်ပျိုသည် ထွက်ခွာသွား၏။အေမာမ်သခင်ကြီးသည် သူ့အားလမ်းတလျောက်လုံးမတွေ့တော့ပေ။
မီနာအရပ်သို့ရောက်ခါမှ လုလင်ပျိုအား ဓမ္မလင်္ကာတပုဒ်ကို သီဆိုနေသည်ကို တွေ့ရပြန်၏။ လင်္ကာသဘောမှာ
“ လူအပေါင်းတို့သည် မိမိတို့၏ ရုပ်ကြမ်းခန္ဓာကိုယ်ဖြင့် အလ္လာဟ့်အိမ်တော်ဟုသမုတ်ခြင်းခံရသော ဘိုင်သွလ္လာကာဘာကျောင်းတော်ကို လှည့်ပတ်ခါ တ၀ါဖ်လုပ်နေကြပါတယ်။ အကယ်၍များ၎င်းတို့ခန္ဓာအိမ်အတွင်းမှ အသဲပလ္လင်ထက်၌ကိန်းဝပ်စံပယ်နေတော်မူထသော အလ္လာဟ်ဘက်မှချီးမြှင့်ထားသည့် အလ္လာဟ်ဗီဇာအသင်္ခတဓါတ်ဖြစ်သည့်ရူဟွလ္လာဟ်ဖြင့် စင်္ကြာဝဠာအန္တကို တစတစတိုးတက်ဖြစ်ပေါ်ထင်ရှားစေတော်မူသော “ရဗ်ဗွလ်အာလမီးန်” အားတ၀ါဖ်လှည့်ဖြင်းပြုပါက ဘိုင်သွလ္လာကျောင်းတော်ကို အားထားဖို့လိုတော့မှာ မဟုတ်ပါ။
လူအပေါင်းတို့သည် အီဒ်နေ့၌ သိုး၊ ဆိတ်၊ များကို စွန့်လွှတ်ခြင်းပါရမီဖြည့်ဆည်းရန်အလို့ငှာ ကွရ်ဘာနီပြုကြ၏။
သို့ရာတွင် မာအရွတ်က အချစ်ခံသည် မိမိအသက်ကို အသျှင့်အတွက် ဆက်ကပ်လှူဒါန်းကာကွရ်ဘာနီလုပ်သည်။
(ဘာသာပြန်သူမှတ်ချက်။ ။အစ္စလာမ့်ဝိပသနာဘာဝနာခန်း၏ အထွတ်အထိပ်ဖြစ်သည့် ၀ါဟဒါနိယတ်သ် (ဧကောဓမ္မော)စခန်းတွင် ချစ်သူ အာရှစ်က်၊ အချစ်ခံ မာရွတ်က် နှင့် အချစ်တရားအစ်ရှ် ပြုလုပ်သူ၊ ပြုလုပ်ခံ၊ပြုလုပ်ခြင်းအမှု တနည်းအားဖြင့် ကံ၊ ကြိယာ၊ ကတ္တားတို့သည် ကွဲပြားခြားနားမှုလုံးဝမရှိတော့ဘဲ တသားတည်း ဖြစ်သွားကြောင်း ဥာဏ်ပွင့်ပေါ်လာ၏။ အချစ်ခံ မာရွတ်က်မှာ အနတ္တသာဖြစ်၍ ကိုယ်ပိုင်တသီးတခြားရပ်တည်မှုလုံးဝမရှိကြောင်းသိလာသောအခါတွင်
မိမိရပ်တည်မှု ၀ဂျဒ်သည် အစ်ရှ်တည်းဟူသော အချစ်မီးအတွင်း၌ လောင်ကျွမ်းပြာကျကာ ချစ်သူ၏စခန်းတွင်ရောယှက် ပေါင်းဖက်သွားတော့၏။)
လူအများဟဂ်ျပြုလုပ်ကြသည်။
ကျွန်ုပ်ဟဂ်ျကားကျွန်ုပ်၏ စိတ်တွင် ထာဝရမြဲနေသည့် ကစ္စသာဖြစ်သည်။ အင်ရှာအလ္လာဟ်ဟိုတအားလာ မိုမင်၏နှလုံးဥာဏ်သည် မြတ်အသျှင်၏ ဗိမာန်ဖြစ်သည့်အတိုင်း တရားစခန်းဆုံးကို ပေါက်မြောက်အောင်မြင်တော်မူထသော အင်စန်နွလ်ကာမီလ် ပြီးပြည့်စုံသည့်မဟာလူသားများ ဖြစ်သည့် ရဟန္တာပုဂ္ဂိုလ်မြတ်တို့သည် မိမိတို့၏ နှလုံးသားပလ္လင်ထက်၌ ကိန်းဝပ်စံမြန်းနေတော်မူသော အလ္လာဟ်ဗီဇအသင်္ခတဓါတ်ကိုသာလျင် တကယ်အစစ်အမှန်ရှိသည့် တခုတည်းသောသစ္စာအဖြစ်ခံယူကြ၏။
လူအများသည်တိရစ္ဆာန်သားကောင်တို့ကိုကွရ်ဘာနီလုပ်ကြ၏။ကျွန်ုပ်ကား ကျွန်ုပ်၏အသက်ကို အသျှင့်ထံပါး၌ ဆက်ကပ်လှူ၍ ကွရ်ဘာနီလုပ်မည်သာဖြစ်ပါသည်။
ယင်းသို့ပြောဆိုပြီးနောက် လုလင်ပျိုသည် အောက်ပါဒိုအာကို တောင်း၏။
ယာအေလာဟီ လူအများတို့သည် တိရစ္ဆာန်သားကောင်တို့ကို ကွရ်ဘာနီပြုလုပ်ခြင်းဖြင့် အရှင့်အနီးအပါးသို့ ချဉ်းကပ်ခွင့် ကွရ်ဘာ ရအောင်ကြိုးပမ်းကြ၏။
အို အသျှင် ကျွန်တော်မျိုးထံပါး၌ ကျွန်တော်မျိုး၏ အသက်မှအပ အသျှင့်ထံပါးပေါက်ရောက်အောင် စွန့်လွှတ်ရန် ဘာမှမရှိပါ။ ကျွန်တော်မျိုး၏ အသက်ဇီဝိန်ကို အသျှင့်ရှေ့တော်မှောက်၌ တင်ဆက်ပါသည်။ အလိုတူတော်မူပါ။
ဆုမွန်ဒိုအာတောင်းပြီးနောက် လုလုင်ပျိုသည် သက်ပြင်းတချက်ချလိုက်သည်နှင့် မြေသို့ယိုင်လဲကျကာ ကွရ်ဘာဖြစ်သွားလေ၏။
ထိုအချိန်၌ အကွယ်မှ အသံတခုအားဤသို့ကြားရ၏။
(အစ်ရှ်ကေမောင်လာ) အသျှင့်အချစ်မှ စိုက်ပျိုးထားသူဖြစ်၍ ၄င်းမှပင် ရှဟီးဒ်လုပ်လိုက်ခြင်းဖြစ်၏။

No comments: