by Moenge Aung on Thursday, November 1, 2012 at 2:42pm ·
ဒီဇိုင်းတစ်ခုအတွက် အရောင်ရွေးချယ် သုံးစွဲတတ်ခြင်းသည် ကောင်းမွန်သည့်
ဒီဇိုင်းဖြစ်လာရန်အတွက် အခြေခံအကျဆုံး အချက်တစ်ချက်ဖြစ်သည်။ လူတစ်ယောက်၏
စိတ်ခံစားချက်အတိုင်း ဖန်တီးလိုက်သည့် အရောင်တစ်ရောင်သည်
တခြားတစ်ယောက်အတွက် ကွဲပြားသည့် စိတ်ခံစားမှု (လှုံ့ဆော်မှုမျိုး)
ဖြစ်စေနိုင်သည်။
တစ်ခါတစ်ရံတွင် လူတစ်ဦး၏ ခံစားချက်ကို အရောင်ဖြင့် ကိုယ်စားပြုဖော်ပြပေးနိုင်သကဲ့
အချို့အရာဝတ္ထုများတွင် မူလအရောင်၏ အရောင်စစ် (hue) နှင့်
တောက်ပမှုနှုန်း (saturation) ကို အနည်းငယ်မျှ ပြောင်းလဲပေးလိုက်ရုံဖြင့်
ရရှိလာသည့် အရာင်သစ်သည် မူလအရောင်နှင့် ကွဲပြားခြားနားသော ခံစားမှုမျိုး
ဖြစ်ပေါ်စေနိုင်သည်။ အရောင်တစ်ရောင်ဖြင့် လူမှုအခြေအနေကိုလည်း
ဖော်ပြပေးနိုင်သည်ဟု ဆိုလိုခြင်းမှာ အချို့အရောင်များသည်
နိုင်ငံတစ်နိုင်ငံ၊ သို့မဟုတ် အဖွဲ့အစည်းတစ်ခုအတွက် ပျော်ရွှင်မှုကို
ကိုယ်စားပြုသော်လည်း အခြားနိုင်ငံ၊ အဖွဲ့အစည်းအတွက်မူ ပူဆွေးဝမ်းနည်းခြင်း
အနက်အဓိပ္ပါယ်ဟု ယူဆသောကြောင့် ဖြစ်သည်။
ဤအပိုင်းတွင် အရောင်အတွဲ တစ်ခုချင်းစီ၏ အနက်အဓိပ္ပါယ်များ၊
ထိုအရောင်တွဲများကို အသုံးပြု၍ ဖန်တီးထားသည့် နမူနာပုံများ၊ ဘာကြောင့်
တွဲစပ်သုံးသင့်သည်ဆိုသည့် အကြောင်းပြချက်များကို ဖော်ပြထားပါသည်။
(၁). အပူရောင် (Warm Colour)
အပူသဘောဆောင်သည် အရောင်များတွင် အနီရောင်၊ အ၀ါရောင်၊
လိမ္မော်ရောင်နှင့် ထိုအရောင်သုံးရောင် ပေါင်းစပ်ရာမှ ရရှိလာသည့်
အရောင်ရောများ ပါဝင်သည်။ မီးတောက်မီးလျှံများ၊ သစ်ရွက်ကြွေများကို
အပူရောင်ဖြင့် ဖော်ပြသကဲ့သို့ စိတ်အားထက်သန် ပြင်းပြမှု၊ အင်အားရှိမှု၊
အပေါင်းလက္ခဏာဆောင်မှုတို့ကို ဆိုလိုသည့်အခါ အပူရောင်များဖြင့်
ဖော်ပြလေ့ရှိသည်။
အပူအရောင်တွင် အနီရောင်နှင့် အ၀ါရောင်တို့သည်
မူလအရောင်များဖြစ်ပြီး ထိုနှစ်ရောင်၏ကြားတွင် ရှိသော ဒုတိယအရောင်ဖြစ်သည့်
လိမ္မော်ရောင်သည်လည်း အပူရောင်ပင်ဖြစ်သည်။ ဆိုလိုသည်မှာ အပူရောင်နှစ်ခုကို
ရောစပ်ခြင်းဖြင့်သာ ဆင့်ပွားအပူရောင် ဖြစ်စေနိုင်သည်။ ဒီဇိုင်းတစ်ခုတွင်
အပူရောင်များကို အသုံးပြုထားသည့်အခါ ထိုဒီဇိုင်းသည် ပျော်ရွှင်မှု၊ တက်ကြွမှု၊
စိတ်အားထက်မှု၊ အင်အားရှိမှု သဘောကို ဆောင်ပါသည်။
(၂). အနီရောင်-မူလအရောင် (Primary Colour)![]()
အနီရောင်သည် အလွန်ပူလောင်သည့်သဘောဆောင်သည်။ မီးလျှံမီးတောက်များ၊
အကြမ်းဖက်မှုများ၊ စစ်ပွဲများကို ဖော်ပြရာတွင် အနီရောင်ကို
အသုံးပြုနိုင်သည်။ ထို့အပြင် အချစ်၊ အမုန်းနှင့် စိတ်အားထက်သန်
ပြင်းပြမှုကို ဖော်ပြရာတွင်လည်း အနီရောင်ဖြင့် ကိုယ်စားပြုဖော်ပြလေ့ရှိသည်။
ရှေးဒဏ္ဍာရီတွင် မကောင်းဆိုးဝါးနှင့် မြားနတ်မောင် ရုပ်ပုံတို့ကို
အနီရောင်ဖြင့်ပင် ဖော်ပြထားသည်။ အနီရောင်သည် လူသားများအတွက်
ရုပ်ပိုင်းဆိုင်ရာအရ (သွေးဖိအား မြင့်စေခြင်း၊ အသက်ရှူမြန်ခြင်း စသည့်)
အကျိုးသက်ရောက်မှုများ ဖြစ်စေသည်။
ဆိုလိုသည်မှာ အရောင်များသည် လူသားများ၏ ကိုယ်တွင်း ပြောင်းလဲမှုအတွက် အကျိုးသက်ရောက်မှု ရှိကြောင်း ပြဆိုင်ခြင်းပင်ဖြစ်သည်။
အနီရောင်ကို ဒေါသဖြစ်သည့်အခါနှင့်
ခမ်းနားကြီးကျယ်သည့်ပွဲလမ်းများ ကျင်းပသည့်အခါ
အရေးကြီးသည့်အနက်အဓိပ္ပါယ်ဖြင့် (ခမ်းနားသည့် ပွဲလမ်းသဘင်များတွင်
ကော်ဇောအနီရောင် ခင်းထားသည်) အနီရောင်ကို အသုံးပြုသည်။ ထို့အပြင်
အန္တရယ်ရှိသည့် သင်္ကေတများကိုလည်း အနီရောင်ဖြင့်သာ ဖော်ပြလေ့ရှိသည်။
အနောက်နိုင်ငံမဟုတ်သည့် နိုင်ငံများတွင်မူ အနီရောင်ကို
ကွဲပြားခြားနားသည့် အဓိပ္ပါယ်များဖြင့် အသုံးပြုကြသည်။ ဥပမာအားဖြင့်
တရုတ်နိုင်ငံတွင် အနီရောင်ကို ပျော်ရွှင်သည့် အမှတ်အသား၊ အောင်မြင်မှု
အမှတ်အသားအဖြစ် အသုံးပြုသည်။ ထို့အပြင် ကံကောင်းသည့် အတိတ်နိမိတ်အဖြစ်လည်း
အနီရောင်ကိုပင် အသုံးပြုပါသည်။ အရှေ့နိုင်ငံများ၏ ထုံးတမ်းစဉ်လာများတွင်
သတို့သမီး၏ မင်္ဂလာဝတ်စုံ အရောင်သည်လည်း အနီရောင်ပင်ဖြစ်သည်။
တောင်အာဖရိကနိုင်ငံတွင်မူ အနီရောင်ကို ပူဆွေးသောကရောက်ခြင်းအတွက်
ကိုယ်စားပြု သုံးစွဲကြသည်။ (အနီရောင်ကို ကွန်မြူနစ်ဝါဒများအတွက်လည်း
အသုံးပြုပါသည်။ ထို့အပြင် အာဖရိကနိုင်ငံတွင် AIDS ရောဂါတိုက်ဖျက်မှုကို
အလေးအနက်ထား ထင်ရှားစေလိုသည့် အနေဖြင့် အမှတ်အသားကို အနီရောင်ဖြင့်
ဖော်ပြသည်။)
ဒီဇိုင်းများတွင် အနီရောင်သုံးခြင်းဖြင့် အင်အားရှိသည့်သဘော
ဖြစ်စေသည်။ အထူးသဖြင့် အနီရောင်စစ်ကို သုံးသည့်အခါတွင်ဖြစ်သည်။
ဒီဇိုင်းတစ်ခုတွင် အင်အားရှိသည့်သဘော၊ လှုံ့ဆော်လိုသည့် သဘောမျိုး
ပြလိုသည့်အခါ အနီရောင်သည် အကောင်းဆုံးအရောင် ဖြစ်သည်။ ဒီဇိုင်းများအတွက်
အနီရောင် အမျိုးမျိုးကို ရွေးချယ် အသုံးပြုနိုင်သည်။ တောက်ပသည့်
အနီရောင်ကို အင်အားရှိသည့် ဒီဇိုင်းများအတွက် အသုံးပြုပြီး
အနီရောင်ရင့်များကိုမူ ဩဇာရှိသော၊ ခန့်ညားသော ဒီဇိုင်းများအတွက်
သုံးနိုင်သည်။
(၃). လိမ္မော်ရောင်-ဒုတိယအရောင် (Secondary Colour)
လိမ္မောရောင်သည် မတည်ငြိမ်သည့်သဘော၊ အားအင်ရှိသည့်သဘောဆောင်သည်။
ကမ္ဘာမြေနှင့် ဆောင်းရာသီတို့ကို လိမ္မော်ရောင်ဖြင့် ဖော်ပြသည်။
အဘယ်ကြောင့်ဆိုသော် ရာသီဥတု အကူးအပြောင်းနှင့် အရာဝတ္ထုများ
ပြောင်းလဲသည့်အခါတွင် လိမ္မော်ရောင်ဖြင့် ကိုယ်စားပြု
ဖော်ပြသောကြောင့်ဖြစ်သည်။
လိမ္မော်ရောင်သည် အသီးတစ်မျိုးနှင့် နာမည်အတူတူပင်ဖြစ်သည်။
ထိုအသီး၏ အရောင်သည်လည်း လိမ္မော်ရောင်ပင်ဖြစ်သည်။ ထို့ကြောင့်
လိမ္မော်ရောင်သည် ကျန်းမာခြင်းနှင့် ခွန်အားရှိမှုတို့ကိုလည်း
ကိုယ်စားပြုပါသည်။ ဒီဇိုင်းများတွင် လိမ္မော်ရောင်အသုံးပြုသည့်အခါ
အနီရောင်ကို အသုံးပြုသကဲ့သို့ပင် အားအင်ရှိမှုကို ဖြစ်စေသည်။ ထို့ပြင်
ရင်းနှီးကျွမ်းဝင်မှုနှင့် ဖိတ်ခေါ်ကမ်းလှမ်းမှုတို့အတွက်လည်း လိမ္မော်ရောင်ကိုပင် အသုံးပြုသည်။
(၄). အ၀ါရောင်-မူလအရောင် (Primary Colour)
အပူရောင်များထဲမှ အ၀ါရောင်ကို တောက်ပမှုနှင့် အင်အားရှိမှုအတွက်
အသုံးပြုသည်။ အ၀ါဗေရာင်သည် ပျော်ရွှင်မှုနှင့် နွေးထွေးမှုကိုလည်း
ကိုယ်စားပြုသည်။ ထို့အပြင် လိမ်ညာမှု၊ သတ္တိနည်းမှုတို့ကို ပြဆိုလိုသည့်အခါ
အ၀ါရောင်ဖြင့် ဖော်ပြသည်။
အ၀ါရောင်သည် မျှော်လင့်ခြင်းကိုလည်း ကိုယ်စားပြုသည်။ အ၀ါရောင်သည်
အန္တရာယ်ရှိသည့် သဘောဆောင်သော်လည်း အနီရောင်လောက် ပြင်းထန်မှုမရှိပါ။
အချို့နိုင်ငံများကမူ အ၀ါရောင်ကို သီးခြားအနက် အဓိပ္ပါယ်ဖြင့်
ယူဆအသုံးပြုသည်။ အီဂျစ်နိုင်ငံတွင် အ၀ါရောင်သည် ပူဆွေးမှုကို
ကိုယ်စားပြုသည်။ ဂျပန်နိုင်ငံကမူ သတ္တိရှိခြင်းအတွက် အ၀ါရောင်ကို
အသုံးပြုသည်။ အိန္ဒိယတွင်မူ အ၀ါရောင်သည် ကုန်သည်များကို ကိုယ်စားပြုပါသည်။
ဒီဇိုင်းတွင် အ၀ါရောင်သည် ပျော်ရွှင်မှုနှင့် ချစ်စရာကောင်းသည့်
အဓိပ္ပါယ်မျိုး ဖြစ်စေသည်။ အ၀ါရောင် ဖျော့ဖျော့ကို ကလေးကိုယ်စား
(ယောက်ျားလေးနျင့် မိန်းကလေးဟူ၍ အပြာနှင့် ပန်းရောင် မခွဲခြားဘဲ ယေဘုယျ
ဖော်ပြသည့်အခါ) နှင့် လူငယ်များအတွက် ကိုယ်စားပြု ဖော်ပြသည်။
အ၀ါရောင်ဖျော့ဖျော့သည် အ၀ါရောင်ရင့်ထက် ပျော်ရွှင်မှုနှင့် စိတ်တည်ငြိမ်မှုကို
ပိုမိုပေးစွမ်းနိုင်သည်။ အ၀ါရောင်ရင့်နှင့် ရွှေဝါရောင်တို့ကိုမူ
ရှေးဆန်သည့်အနက်၊ လေးနက်တည်ငြိမ်မှု အနက်ဖြင့် ကိုယ်စားပြုသုံးစွဲလေ့ရှိသည်။
(၅). အအေးရောင် (Cool Colour)
အအေးရောင်တွင် အစိမ်း၊ အပြာနှင့် ခရမ်းရောင်တို့ ပါဝင်သည်။
ထို့အပြင် ထိုအရောင် သုံးရောင်နှင့် အပူရောင်တို့ ပေါင်းစပ်ရာမှ ရရှိလာသော
အရောင်ရောများလည်း ပါဝင်သည်။ ညအရောင်၊ ရေ၊ သဘာဝတရားနှင့်
တည်ငြိမ်အေးချမ်းမှု၊ သက်သောင့်သက်သာရှိမှုတို့ကို ပြလိုသည့်အခါ
အအေးရောင်များကို အသုံးပြုသည်။
အအေးရောင်စဉ်တန်းတွင် အပြာရောင်တစ်ရောင်တည်းသာ မူလအရောင်ဖြစ်ပြီး
တစ်ခြားအရောင်များ မှာ ဆင့်ပွားရရှိလာသော ဒုတိယအရောင်များဖြစ်သည်။
ဥပမာအနေဖြင့် အပြာရောင်နှင့် အ၀ါရောင် ရောစပ်ရာမှ အစိမ်းရောင်ရရှိလာပြီး
အနီရောင်နှင့် အပြာရောင် ရောစပ်ရာမှ ခရမ်းရောင်ရရှိသည်။ အစိမ်းရောင်သည်
အ၀ါရောင်၏ အရည်အသွေးများကို ရရှိထားပြီး ခရမ်းရောင်သည် အနီရောင်၏
ဂုဏ်သတ္တိအချို့ ရရှိထားသည်။ သင့်ဒီဇိုင်းတွင် အအေးရောင်များ
အသုံးပြုခြင်းဖြင့် တည်ငြိမ်မှုနှင့် အထက်တန်းဆန်သည့် ခံစားမှုမျိုး
ဖြစ်စေသည်။
(၆). အစိမ်းရောင် (ဒုတိယအရောင်)
အစိမ်းရောင်သည် ကမ္ဘာမြေ၏ အရောင်ဖြစ်သည်။ ၎င်းသည် အသစ်စတင်ခြင်းနှင့်
ကြီးထွားခြင်း၊ ဖွံ့ဖြိုးခြင်းကို ကိုယ်စားပြုသည်။ ထို့အပြင် အသစ်တစ်ဖန်
ပြန်ဖြစ်ခြင်းနှင့် ပေါများခြင်း အဓိပ္ပါယ်လည်း ဆောင်သည်။ အခြားဆန့်ကျင်ဘက်
အဓိပ္ပါယ်အနေဖြင့် မနာလိုဖြစ်ခြင်း၊ စိမ်းကားခြင်းနှင့် မပြည့်ဝသည့်
သဘောကိုလည်း ဖော်ပြနိုင်သည်။
အစိမ်းရောင်သည် အပြာရောင်ကဲ့သို့ပင် တည်ငြိမ်လေးနက်မှု
သဘောဆောင်ပြီး အ၀ါရောင်၏ အားအင်ရှိမှုကိုလည်း ပေါင်းစပ်ရရှိထားသည်။
ဒီဇိုင်းတွင် အစိမ်းရောင်သုံးခြင်းဖြင့် ညီမျှမှုနှင့် လိုက်လျောညီထွေရှိမှု၊
တည်ငြိမ်မှုတို့ ပေးစွမ်းနိုင်သည်။ ထို့အပြင် ကြွယ်ဝခြင်း၊ တည်ငြိမ်ခြင်း၊
အသစ်ပြန်လည်စတင်ခြင်းနှင့် သဘ၀တရားကိုလည်း အစိမ်းရောင်ဖြင့်
ညွှန်းဆိုဖော်ပြသည်။ တောက်ပသော အစိမ်းရောင်သည် အင်အားရှိမှုနှင့် လှုပ်ခတ်သော
သဘောဆောင်သည်။ အစိမ်းရောင်ပုပ်ပုပ် (သံလွင်ပင် အရောင်မျိုး) သည်
သဘာဝအရောင်ကို ညွှန်းဆိုသည်။ အစိမ်းရောင်ရင့်ရင့်ကို တည်ငြိမ်မှုနှင့်
ဓနစည်းစိမ်တို့ အတွက် အသုံးပြုနိုင်သည်။
(၇). အပြာရောင် (မူလအရောင်)
အင်္ဂလိပ်ဘာသာစကားတွင် အပြာရောင်သည် ၀မ်းနည်းသည့်သဘောဆောင်သည်။
ထို့အပြင် တည်ငြိမ်လေးနက်မှုနျင့် တာဝန်ယူတတ်မှုကို ညွှန်းဆိုဖော်ပြသည်။
တောက်ပသည့် အပြာရောင်သည် လန်းဆန်တတ်ကြွပြီး ခင်မင်နှစ်လိုဖွယ်
အသွင်ဆောင်သည်။ အပြာရောင် အရင့်သည် သန်မာမှုနှင့် ယုံကြည်မှုကို ညွှန်းဆိုသည်။
ထို့အပြင် အပြာရောင်သည် ငြိမ်းချမ်းရေး၏ အမှတ်လက္ခဏာ အရောင်ပင်ဖြစ်သည်။
နိုင်ငံအများအပြားတွင် အပြာရောင်ကို တမန်တော်များနှင့်၊ ဘာသာရေးနှင့်
ဆက်နွှယ်သော သင်္ကေတများတွင် အသုံးပြုသည်။ ဥပမာအနေဖြင့် မယ်တော်မာရီဝတ်ရုံကို
အပြာရောင်ဖြင့် ရေးခြယ်လေ့ရှိသည်။
အပြာရောင်အနုအရင့်အလိုက် အဓိပ္ပါယ်အမျိုးမျိုး ကွဲပြားယူဆကြသည်။
အပြာရောင်ဖျော့ဖျော့သည် အပန်းပြေမှုနှင့် တည်ငြိမ်မှုကို ဖော်ပြသည်။
တောက်ပသည့် အပြာရောင်သည် လန်းဆန်းတတ်ကြွမှုနှင့် အင်အားရှိမှုကို ဖော်ပြသည်။
အပြာရောင်ရင့်ရင့်ကို သန်မာမှုနှင့် ယုံကြည်စိတ်ချရမှုကို ဖော်ပြလိုသည့်
ဒီဇိုင်းများအတွက် အဓိကအရောင်အဖြစ် အသုံးပြုနိုင်သည်။
(၈). ခရမ်းရောင် (ဒုတိယအရောင်)
ခရမ်းရောင်သည် တော်ဝင်ဆန်သည့် အရောင်ဖြစ်သည်။ ၎င်းကို အနီရောင်နှင့်
အပြာရောင် ပေါင်းစပ်ခြင်းဖြင့် ရရှိသည်။ ခရမ်းရောင်တွင်
ထိုအရောင်နှစ်ရောင်စလုံး၏ အရည်အသွေးများ ပိုင်ဆိုင်ထားသည်။ ခရမ်းရောင်သည်
တီထွင်ဖန်တီးမှုနှင့် စိတ်ကူးစိတ်သန်းတို့ ကိုယ်စား အသုံးပြုနိုင်သည်။
ထိုင်းနိုင်ငံတွင် ခရမ်းရောင်သည် မုဆိုးမ၏ ပူဆွေးဝမ်းနည်းမှုကို
ကိုယ်စားပြုသည်။ ခရမ်းရောင် ရင့်ရင့်သည် အစဉ်အလာအားဖြင့် ကြွယ်ဝ ချမ်းသာမှု၊
ခမ်းနားမြင့်မြတ်သည့် တော်ဝင်အခမ်းအနားများကို ကိုယ်စားပြု ညွှန်းဆိုသည်။
ခရမ်းရောင်ဖျော့ဖျော့ (လာဗင်ဒါပန်းအရောင်) ကိုမူ အချစ်၏ သင်္ကေတအဖြစ်
အသုံးပြုသည်။
သင့်ဒီဇိုင်းတွင် ခရမ်းရောင်ရင့်ရင့်ကို ကြွယ်ဝမှုနှင့်
စည်းစိမ်တို့ကိုယ်စား အသုံးပြုနိုင်ပြီး ခရမ်းရောင် ဖျော့ဖျော့ကိုမူ
သက်သောင့် သက်သာရှိမှုနှင့် အချစ်သင်္ကေတအဖြစ် အသုံးပြုနိုင်သည်။
မည်သည့်အရောင်နှင့်မဆို တွဲဖက်အသုံးပြုနိုင်သည့်အရောင် များ
သဘာဝအရောင်များကို ဒီဇိုင်းတစ်ခု၏ နောက်ခံအရောင်အဖြစ်
အသုံးပြုလေ့ရှိသည်။ သဘာဝအရောင်များကို အခြားပေါ်လွင်ထင်ရှားသည့်
အရောင်များနှင့်လည်း တွဲစပ်အသုံးပြုလေ့ရှိသည်။ သဘာဝအရောင်များ
သက်သက်ဒီဇိုင်း ဖန်တီးနိုင်သကဲ့သို့ အခြားအရာများနှင့် တွဲစပ်၍
ရှုပ်ထွေးဆန်းပြားသည့် ဒီဇိုင်းမျိုးဖြစ်အောင် ဖန်တီးနိုင်သည်။
ဘာဝအရောင်များ၏ အနက်အဓိပ္ပါယ်နှင့် ဖော်ပြမှုသည် အပူရောင်နှင့်
အအေးရောင်တို့ကို အသုံးပြုခြင်းထက် ပို၍ အကျိုးသက်ရောက်မှု ရှိသည်။
အမည်းရောင်
အမည်းရောင်သည် သဘာဝအရောင်များအနက် အင်အားအရှိဆုံးအရောင်ဖြစ်သည်။
အရှိန်အ၀ါရှိခြင်း၊ ခမ်းနားကြီးကျယ်ခြင်းနှင့် ရှေးဆန်ခြင်းတို့ကို
ဖော်ညွှန်းလိုသည့်အခါ အမည်းရောင်ဖြင့် ရည်ညွှန်းဖော်ပြသည်။ ထို့အပြင်
အမည်းရောင်၏ အနက်အဓိပ္ပါယ်ကို ဆန့်ကျင်ဘက်အားဖြင့် မကောင်းဆိုးဝါး၊
သေခြင်းတရားနှင့် လျှို့ဝှက်ဆန်းကျယ်မှုသဘောတို့ကို ဖော်ပြရာတွင်လည်း
အသုံးပြုလေ့ရှိသည်။ အနောက်နိုင်ငံများတွင်မှု အနက်ရောင်ကို ပူဆွေးသောက
ရောက်နေသည့် အနက်အဓိပ္ပါယ်ဖြင့် ယူဆသုံးစွဲကြသည်။ အချို့နိုင်ငံများတွင်မူ
အမည်းရောင်ကို ပုန်ကန်သည့် အနက်အဓိပ္ပါယ်ဖြင့် သုံးစွဲကြသည်။ Halloween
ပွဲများတွင်လည်း အမည်းရောင်ကို အသုံးပြုကြသည်။
အမည်းရောင်ကို အများအားဖြင့် ခမ်းနားကြီးကျယ်သော၊ ရှေးဆန်သော
ဒီဇိုင်းများတွင် အသုံးပြုလေ့ရှိသည်။ အမည်းရောင်နှင့်အတူ တွဲစပ်
အသုံးပြုသည့် အရောင်အတွဲအစပ်ပေါ်မူတည်ပြီး သင့်ဒီဇိုင်းသည်
ကွန်ဆာဗေးတစ်ဒီဇိုင်း၊ မော်ဒန်ဒီဇိုင်း၊ ရှေးဆန်သည့် ဒီဇိုင်းနှင့်
အခြားကွဲပြား ခြားနားသော ဒီဇိုင်းများအဖြစ် ပြောင်းလဲသွားနိုင်သည်။
ဒီဇိုင်းအများအပြားတွင် စာသားများ၏အရောင်ကို အမည်းရောင် အသုံးပြုလေ့ရှိပြီး
အရေးပါသော အစိတ်အပိုင်းများကိုလည်း အမည်းရောင်ဖြင့် ဖော်ပြသည်။
အဘယ့်ကြောင့် ဆိုသော် အမည်းရောင်သည် မည်သည့်အရောင်နှင့်မဆို
တွဲဖက်အသုံးပြုနိုင်သောကြောင့် ဖြစ်သည်။
အဖြူရောင်
အဖြူရောင်သည် အသွေး အနုအရင့် အစဉ်ထဲတွင် အမည်းရောင်၏
အခြားတစ်ဘက်စွန်း၌ရှိသည်။ သို့သော် အဖြူရောင်ကိုလည်း အမည်းရောင်ကဲ့သို့ပင်
မည်သည့်အရောင်နှင့်မဆို တွဲဖက်အသုံးပြုနိုင်သည်။ အဖြူရောင်ကို
ရိုးသားခြင်း၊ ဖြူစင်ခြင်း၊ သန့်ရှင်းစင်ကြယ်ခြင်း အနက်ဖြင့်
အသုံးပြုကြသည်။ အများအားဖြင့် မင်္ဂလာဆောင်များတွင် သတို့သမီးဝတ်စုံအရောင်ကို
အဖြူရောင်ဝတ်လေ့ရှိသည်။ ထို့ပြင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ
အထူးသဖြင့် ဆရာဝန်များနှင့် သူနာပြုများသည်လည်း အဖြူရောင်ဝတ်စုံကိုပင်
ဝတ်ဆင်ကြသည်။ အဖြူရောင်သည် ကောင်းမြတ်သည့် သဘောဆောင်ပြီး နတ်သမီးများကို
သရုပ်ဖော်ရာတွင် အဖြူရောင်ဖြင့်သာ ကိုယ်စားပြု ဖော်ပြကြသည်။
ဒီဇိုင်းတစ်ခုတည်းတွင် အခြားအရောင်များကို ပမာဏတော်တော်များများ
သုံးစွဲထားသည့်အခါ နောက်ခံအရောင်အဖြစ် အဖြူရောင်ကို သုံးစွဲကြသည်။ ထိုသို့
သုံးစွဲခြင်းဖြင့် ပေါ်လွင်ထင်ရှားစေလိုသည့် အရာများကို
ပိုမိုပေါ်လွင်စေမည်ဖြစ်သည်။ ထို့အပြင် တွဲစပ်အသုံးပြုသည့် အရောင်များနှင့်
ခြယ်မှုန်းမှုအပေါ် မူတည်ပြီး နွေဦးရာသီနှင့် ဆောင်းဦးရာသီ တို့ကိုလည်း
အဖြူရောင်ဖြင့်ပင် ဖော်ညွှန်းရေးဆွဲနိုင်သည်။
မီးခိုးရောင် (အနက်ရောင်ဖျော့ဖျော့)
မီးခိုးရောင်သည်လည်း သဘာဝအရောင်ထဲတွင် ပါဝင်ပြီး
အအေးရောင်စဉ်တန်း၏ အဆုံတွင်ရှိသည်။ စိတ်ဓါတ်ကျသည့်အခြေအနေနှင့်
စိတ်လှုပ်ရှား၊ ဒေါသထွက်နေသည့် အခြေအနေများကို မီးခိုးရောင်ဖြင့်
ဖော်ပြလေ့ရှိသည်။ အဖြူရောင်ဒီဇိုင်းထဲတွင် မီးခိုးရောင်ဖျော့ဖျော့ကို
တွဲစပ်အသုံးပြုလေ့ရှိပြီး၊ မီးခိုးရောင်အရင့်ကိုမူ
အမည်းရောင်ဒီဇိုင်းထဲတွင် တွဲဖက်သုံးစွဲကြသည်။
မီးခိုးရောင်သည် ယေဘုယျအားဖြင့် ရှေးဆန်သော၊ သမားရိုးကျဖြစ်သော
သဘောဆောင်သော်လည်း မောဒန်ဒီဇိုင်းမျိုးကို မီးခိုးရောင်သုံးပြီး
ဖန်တီးနိုင်သည်။ အဆင့်အတန်းမြင့်မားမှုနှင့် ရှေးဆန်မှုကို ဖော်ပြလိုသော
ဒီဇိုင်းများတွင် မီးခိုးရောင်ကို အသုံးပြုကြသည်။ မီးခိုးရောင်ကို
မည်သည့်အရောင်နှင့်မဆို တွဲဖက်အသုံးပြုနိုင်သည်။ မီးခိုးရောင်သည်
အမည်းရောင်ဘက်သန်းပြီး အခြားအရောင်များအနေဖြင့် အပြာ သို့မဟုတ်
အညိုဘက်သန်းသော အရောင်ပျက်ကို ဒီဇိုင်းများတွင် အသုံးပြုလေ့ရှိသည်။
ဒီဇိုင်းများ၏ နောက်ခံအရောင်အဖြစ် မီးခိုးရောင်ကို အသုံးပြုကြပြီး အချို့
ဒီဇိုင်းများတွင် စာသား၏အရောင်ကိုလည်း မီးခိုးရောင်ဖြင့် ဖော်ပြတတ်သည်။
အညိုရောင်
အညိုရောင်ကို ကမ္ဘာမြေကြီး၊ သစ်သားနှင့် ကျောက်ခဲအရောင်များအဖြစ်
အသုံးပြုသည်။ အညိုရောင်သည် မည်သည့်အရောင်နှင့်မဆို လိုက်ဖက်သည့်
အရောင်ဖြစ်ပြီး အနည်းငယ်ပူသည့် သဘောရှိသည်။ လိုက်လျောညီထွေရှိသော၊
သက်ဝင်ယုံကြည်သော၊ လေးနက်တည်ကြည်သော သဘောကို ဖော်ပြလိုသည့်အခါ အညိုရောင်ကို
အသုံးပြုသည်။ အညိုရောင်သည် တစ်ခါတစ်ရံတွင် ပျင်းရိငြီးငွေ့ဖွယ်
အသွင်ဆောင်သည်။
ဒီဇိုင်းများတွင် အညိုရောင်ကို နောက်ခံအရောင်အဖြစ်
အသုံးပြုကြသည်။ အညိုရောင်သက်သက် ဒီဇိုင်းအပြင် သစ်သားကွက်ဒီဇိုင်း၊
ကျောက်တုံးဒီဇိုင်းများအဖြစ်လည်း ဖန်တီးအသုံးပြုကြသည်။ အညိုရောင်
အသုံးပြုထားသည့် ဒီဇိုင်းများသည် လက်တွေ့ဆန်သည့် ခံစားမှုမျိုး ဖြစ်စေသည်။
ထို့အပြင် အမည်းရောင်ဘက်သန်းသည့် အညိုကို နောက်ခံအရောင်များနှင့်
စာလုံးများ၏ အရောင်အဖြစ် အမည်းရောင် နေရာတွင် အစားထိုး အသုံးပြုကြသည်။
အ၀ါရောင်ဖျော့ဖျော့နှင့် အညိုရောင်ဖျော့ဖျော့
သဲကျောက်ရောင် (အညိုပျက်၊ အ၀ါပျက်) သည် ရောင်စဉ်တန်းထဲတွင်
ရှိသော အရောင်များအနက် တစ်မူထူးခြားသည့် အရောင်တစ်ရောင် ဖြစ်သည်။
၎င်းအရောင်သည် တွဲဖက် သုံးစွဲသည့် အရောင်ပေါ်မူတည်ပြီး အပူရောင် သို့မဟုတ်
အအေးရောင်အဖြစ် ပြောင်းလဲသွားနိုင်သည်။ သဲကျောက်ရောင်သည်
အညိုရောင်၏နွေးထွေးမှုနှင့် အဖြူရောင်၏အေးမြမှုကို ပိုင်ဆိုင်ထားသည်။
သို့သော် အညိုရောင်ကဲ့သို့ပင် တစ်ခါတစ်ရံ၌ ပျင်းရိသည့်အသွင်ဆောင်သည်။
ဤအရောင်ကို အများအားဖြင့် ရှေးဆန်သည့် သဘောအဓိပ္ပါယ်ဖြင့် အသုံးပြုကြပြီး
နောက်ခံအရောင်အဖြစ်သာ အသုံးပြုလေ့ရှိသည်။ ဘာသာရေး၏
အမှတ်သင်္ကေတအရောင်အဖြစ်လည်း အသုံးပြုကြသည်။
သဲကျောက်ရောင်သည် စက္ကူအရောင်နှင့် ဆင်တူသောကြောင့်
ဝက်ဘ်ဆိုက်များတွင် စက္ကူနောက်ခံမျိုးအဖြစ် အသုံးပြုကြသည်။ ဤအရောင်ကို
အခြားအရောင်များနှင့် တွဲဖက်အသုံးပြုသည့်အခါ အရောင်၏ အနက်အဓိပ္ပါယ်နှင့်
ဆိုလိုရင်းတို့ မရှိတော့ဘဲ တွဲဘက်အရောင်များ၏ အဓိပ္ပါယ်အတိုင်းသာ
သက်ရောက်သွားသည်။
ကရင်မ်အရောင်နှင့် ဆင်စွယ်ရောင်
ဤအရောင်များကို အဓိပ္ပါယ်အမျိုးမျိုးဖွင့်ဆိုနို င်သည်။
ခရင်မ်ရောင်နှင့် ဆင်စွယ်ရောင်တို့သည် အညိုရောင်၏ ပူနွေးခြင်းနျင့်
အဖြူရောင်၏ အေးမြခြင်းကို ပိုင်ဆိုင်ထားသည်။ ထိုအရောင်များသည်
တိတ်ဆိတ်ငြိမ်သက်သည့် သဘောရှိပြီး တစ်ခါတစ်ရံတွင် သမိုင်းကြောင်းကို
ဖော်ညွှန်းနိုင်သည်။ ဆင်စွယ်ရောင်သည် ငြိမ်သက်သည့်သဘောဆောင်ပြီး
အဖြူရောင်ကဲ့သို့ပင် သန့်စင်သည့် အနက်အဓိပ္ပါယ်ဖြင့်လည်း
ယူဆသုံးစွဲနိုင်သည်။ သို့သော အနည်းငယ် အပူသဘောဆောင်သည်။
ဒီဇိုင်းများတွင် ဆင်စွယ်ရောင်ကို အသုံးပြုခြင်းဖြင့်
သပ်ရပ်ခန့်ညားသည့်ခံစားမှုမျိုး ဖြစ်စေပြီး တည်ငြိမ်အေးချမ်းမှုကို
ပေးစွမ်းနိုင်သည်။ ဆင်စွယ်ရောင်ကို သစ်သော့သီးရောင်နှင့် အညိုရောင်ကဲ့သို့
မြေကြီးဆန်သည့်အရာင်များဖြင့် တွဲဖက်ပြီး သုံးစွဲနိုင်သည်။ အဖြူရောင်စစ်စစ်
မသုံးလိုသည့် ဒီဇိုင်းများအတွက် အနည်းငယ် မီးခိုးရောင်သန်းသည့်
ဆင်စွယ်ရောင်ကို အစားထိုး အသုံးပြုနိုင်သည်။
ခြုံငုံသုံးသပ်ချက်
ဤဆောင်းပါးတွင် ဖော်ပြထားသော အချက်အလက်များသည် အရောင်များ၏ အနက်အဓိပ္ပါယ်ကို ယေဘုယျအနေဖြင့် ခြုံငုံဖော်ပြပေးခြင်းသာဖြစ်သည် ။
အရောင်သဘောတရားသည် အခြားအရာအားလုံးထက် လူတစ်ဦးချင်းစီ၏ စိတ်ခံစားမှုပေါ်တွင်
အဓိက အခြေခံပြီး ယူဆ သုံးစွဲခြင်းသာဖြစ်သည်။ ဤအပိုင်းတွင် ဖော်ပြခဲ့သည့်
အရောင်များ၏ အနက်အဓိပ္ပါယ်ကို အောက်တွင် အကျဉ်းချုံ့ ဖော်ပြထားသည်။
Red: Passion, Love, Anger
Orange: Energy, Happiness, Vitality
Yellow: Happiness, Hope, Deceit
Green: New Beginnings, Abundance, Nature
Blue: Calm, Responsible, Sadness
Purple: Creativity, royalty, Wealth
Black: Mystery, Elegance, Evil
G***: Moody, Conservative, Formality
White: Purity, Cleanliness, Virtue
Brown: Nature, Wh***someness, Dependability
Tan or Beige: Conservative, Piety, Dull
Cream or Ivory: Calm, Elegant, Purity
ဦးသစ်လွင်စိုး
တွဲဖက်ပါမောက္ခ (ပန်းချီ)
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ
တက္ကသိုလ် (ရန်ကုန်)။
Ref: Computer Journal, March 2010.