Tuesday, October 23, 2012

အယူအဆတစ်ခု





သူငယ်ချင်းများအားလုံးမင်္ဂလာပါ
သူငယ်ချင်းတစ်ယောက်က ပြောပါတယ် အခုခောတ်လူငယ်တော်တော်များများက တွေးမှာပဲတဲ့ (အဓိက က သူတွေးမိတာပေါ့နော်)
အကယ်လို့ ဗိုလ်ချုပ်သာ မြန်မာနိုင်ငံကိုလွတ်လပ်ရေးရအောင်မကြိုးပမ်းခဲ့ဖူးဆိုရင် မြန်မာနိုင်ငံဟာ အခုချိန်လောက်ဆို အရမ်းကိုတိုးတတ်ဖွင့်ဖြိုးနေပြီလို့ဆိုပါတယ်
ရုတ်တရက် အဲဒီစကားကြားလိုက်ချိန်မှာ ဗိုလ်ချုပ်အတွက်စိတ်မကောင်းသလို ရင်ထဲလဲ နင့်ခနဲဖြစ်သွားရပါတယ်...
သူငယ်ချင်းတို့ ဒီအမြင်ကိုဘယ်လိုများမြင်မိပါသလဲ သိချင်မိပါတယ်
-- 
Choyi


..................................................................................................................................

ညီမလေး ချိုရီ ရေ..

အကို မြင်တာ နည်းနည်း ပြောပါရစေနော်။ ဗိုလ်ချုပ် တို့ လွတ်လပ်ရေးယူခဲ့ တာ က တော့ အမှား မဟုတ်ဘူး။
ဒုတိယ ကမ္ဘာ စစ်ကြီး အပြီး စစ်နိုင်ပေမဲ့ စစ်ပန်းနေတဲ့ အင်္ဂလန် ဟာ သူ့ ကိုလိုနီတွေ ကို မထိန်းနိုင်တော့ ဘူး ဆို တော့ လွတ်လပ်ရေး က တော့ ရမှာ ပဲ..။
ဒါပေမဲ့ အက်တလီ ပြော သလို ဗြိတိသျှ ဓန သဟာယ British Commonwealth ထဲ မှာ ဆက် မနေ ပဲ သီးခြားလွတ်လပ် ရေး ယူခဲ့ တာ အမှား ပါပဲ။ ဥပမာ မလေးရှား စင်္ကာပူ သြစတေးလျှ စတဲ့ တိုင်းပြည်တွေ ဟာ British Commonwealth ထဲ မှာ ဆက် နေခဲ့ တယ်..တိုင်ပြည် တည်ငြိမ် ရင့်ကျက်မှ လုံးဝလွတ်လပ်ရေး ကို ကူးပြောင်း ခဲ့ ကြတယ်။

တို့ နိုင်ငံမှာ တော့ စလယ်မ၀င် ဖင်မမဲခင် က အကြီးအကျယ် ကွဲ ခဲ့ ကြတယ်။ တိုင်းပြည်က နုနု မှာ မုန်တိုင်း ထန်ခဲ့ တယ်။ နိုင်ငံရေးခေါင်းဆောင်တွေ အချင်းချင်း မညီညွတ်လို့ ပြည်တွင်းစစ်မီးကြီးတောက်ခဲ့ တယ်။ ဦးနု က ဘ၀ရှင်မင်းတရားကြီးလုပ် ပြီး ဘာသာရေး ကို အလွန်အကျွံရှေ့တန်းတင် လို့ တိုင်းရင်းသားတွေ ယုံကြည်မှု ပျက်ပြား ဖယ်ဒရယ်မူ ကိစ္စ တွေ ပေါ်လာ လို့ နောက်ဆုံး မြန်မာနိုင်ငံရေး ဟာ ပါလီမန် ပါတီစုံ ဒီမိုကရေစီ စနစ် ကနေ စစ် အာဏာရှင် စနစ် အောက် ကို ပြားပြားမှောက်ကျခဲ့ တာ လေ..အကို တို့ ဘ၀ တစ်လျှောက်လုံး အမှောင်ထဲ မှာ ပဲ ကြီးပြင်း ခဲ့ ရတယ်..။ ၁၉၆၂ က နေ ဒီနေ့ ၂၀၁၂ ထိ ဆိုရင် နှစ်ပေါင်း (၅၀) ရှိ ပါပြီ။ ဒါတွေ က မဟာဗမာ လူမျိုးကြီးဝါဒ နဲ့ မဟာ ဗုဒ္ဓဘာသာကြီး ၀ါဒ တွေ အတုအယောင် ဆိုရှယ်လစ် စနစ်တွေ သန်းရွှေစစ်အာဏာရှင် စနစ်တွေ က အဆင့်ဆင့် ဖျက်ဆီး ခဲ့ လို့ ဒီနေ့ ညီမလေး မြင် ရတဲ့ ဆင်းရဲမွဲတေ ညီညွတ်ရေးပျက်ပြား နေ သော ရွှေပြည်ကြီး ရဲ့ ပုံရိပ်ပါပဲ ချို ရီရေ။


Lynn Htet Swe


..................................................................................................................................


Yes or No ဖြေစေချင်ရင်တော့ ဒုတိယကမ္ဘာစစ်ပြီးခါစမှာ လွတ်လပ်ရေးအရယူလိုက်တာ မှားတယ်လို့ ပြောပါ့မယ်... တကယ်တော့ ဒုတိယကမ္ဘာစစ်ပြီးပြီးခြင်းအနေအထားမှာ လွတ်လပ်ရေးယူဖို့ ဗိုလ်ချုပ်အောင်ဆန်း (အဲ့ဒီအချိန်က ဦးအောင်ဆန်းပေါ့) မှာ စိတ်ကူးမရှိသေးဘူးလို့ သူ့ခေတ်ပြိုင်တွေရေးတဲ့ စာအုပ်တွေမှာဆိုပါတယ်... ဦးနုရဲ့ တာတေစနေသားအမည်နဲ့ထုတ်ထားတဲ့ သူ့ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိမှာရေးထားပုံအရတော့ လွတ်လပ်ရေးယူဖို့ အကြံစပေးတာ ဦးနုကိုယ်တိုင်ပဲဖြစ်ပြီး ဖဆပလအဖွဲ့ချုပ်ကသဘောတူလို့ တောင်းဆိုကြတာပါ... ကျနော်ထင်တာတော့ဂျပန်လက်အောက်မှာ ဂျပန်ကအမည်ခံ လွတ်လပ်ရေးပေးခဲ့ဖူးတာကြောင့် အင်္ဂလိပ်လက်အောက်မှာ ကိုလိုနီနယ်အဖြစ်ဆက်မနေချင်တာကြောင့်လည်း ပါမယ်ထင်တယ်... 

လွတ်လပ်ရေးရပြီး တိုင်းပြည်ဖရိုဖရဲဖြစ်တာကတော့ ဟိုဝါဒ ဒီဝါဒတွေပြောတာထက် နိုင်ငံရေးကိုကျွမ်းကျွမ်းကျင်ကျင်မလုပ်တတ်သူတွေ ထိပ်တန်းပိုင်းမှာနေရာယူထားတာကြောင့်လို့ ထင်ပါတယ်... အထူးသဖြင့်တော့ ဆိုရှယ်လစ်နဲ့ ကွန်မြူနစ်အရမ်းအားကောင်းပြီး ဝါဒပြိုင်ရာက အဓိကခေါင်းဆောင်ပိုင်းနဲ့ စစ်တပ်ပြိုကွဲမှုက စစ်အာဏာရှင်စံနစ်ဆီကို တွန်းပို့တယ်လို့ ကျနော်တော့ သုံးသပ်ပါတယ်... တစ်ဦးတစ်ယောက်တည်းကိုအပြစ်ပုံချတာထက် အဲ့ဒီအချိန်က နိုင်ငံရေးအသိုင်းအဝိုင်းကြီးတစ်ခုလုံးက ဝါဒကိုဖက်တွယ်လွန်းပြီး တိုင်းပြည်အကျိုးကိုရှေ့တန်းမတင်တဲ့ရလဒ်လို့ ပိုပြီးယူဆမိပါတယ်... ပိုပြီးသိသာအောင်ပြောရရင်တော့ ဆိုရှယ်လစ်နဲ့ ကွန်မြူနစ်က အချင်းချင်းသာမတည့်တာ အရင်းရှင်ဝါဒနဲ့ အရမ်းနီးစပ်တဲ့ တောင်တန်းဒေသတွေ ဖယ်ဒရယ်ယူပြီး ခွဲထွက်သွားမှာကိုလည်းအရမ်းကြောက်တာကြောင့် တိုင်းရင်းသားလူမျိုးစုတွေရယ် ကွန်မြူနစ်ရယ် (နစ်ဖြူရော နစ်ဝါပါ) ဆိုရှယ်လစ် (ဆိုရှယ်နီရော ဆိုရှယ်ဝါပါ) ၃ဦး၃ဖလှယ် ထိပ်တိုက်တွေ့လိုက်တဲ့ မီးတောက်ကြီးထဲမှာ ကျနော်တို့တိုင်းပြည်နစ်နာသွားတာပါ... ဦးနုတစ်ယောက်တည်းကြောင့်လည်းမဟုတ်သလို ဦးနေဝင်းတစ်ယောက်တည်းကြောင့် သခင်သန်းထွန်း သခင်စိုးတို့ကြောင့်လည်းမဟုတ်ပါဘူး... အားလုံးအားလုံးရဲ့ နိုင်ငံရေးကိုကျွမ်းကျွမ်းကျင်ကျင် မကိုင်တွယ်တတ်တာရယ် တိုင်းပြည်ချစ်စိတ်ထက် ဝါဒစွဲအင်အားကြီးမားလွန်းကြတာရယ်ကြောင့်လို့ပဲထင်ပါတယ်... 

ဗိုလ်ချုပ်အောင်ဆန်းကို အက်တလီတို့ပေးခဲ့တဲ့မှတ်ချက် အင်္ဂလိပ်တွေပေးခဲ့တဲ့မှတ်ချက်နဲ့ သူ့ခေတ်ပြိုင်တွေပြောတဲ့စကားရယ် သူ့ရဲ့မိန့်ခွန်းတွေရယ်ကိုပြန်ကြည့်ရင် ကျနော်ကတော့ ဂျော့ဝါရှင်တန်၊ မဟာသီ၊ လီကွမ်ယူးတို့ထက် အများကြီးအထင်ကြီးပါတယ်... ဒါပေမဲ့အဖွဲ့အစည်းနဲ့အလုပ်လုပ်ရာမှာ ဗိုလ်ချုပ်လည်း တစ်ဦးတစ်ယောက်တည်းချွန်ပြီး သူလုပ်ချင်တာလုပ်လို့မရခဲ့ဘူးလို့ပဲယူဆပါတယ်... မစ္စတာအက်တလီပြောသလိုပဲ ဗိုလ်ချုပ်ဟာ အောင်ဆန်း-အက်တလီစာချုပ်အတွက်ဆွေးနွေးစဉ်မှာ Commonwealth ထဲမှာမနေဘူးဆိုတဲ့ဆုံးဖြတ်ချက်ကို သူတစ်ဦးတစ်ယောက်တည်းရဲ့ အလိုဆန္ဒအတိုင်းဆိုရင် လက်မခံဘူးလို့ ကျနော်လည်း ယူဆနေဆဲပါ...

Thantsin  Phyoe

..................................................................................................................................

အင်း...ပြောရရင် အနာဂတ်ကို ခန့်မှန်းလို့တော့ မရပါဘူး..

ဖြစ်နိုင်ချေအရပြောရရင် တကယ်သာ ဗိုလ်ချုပ်အောင်ဆန်းတို့လိုတကယ်တော်တဲ့ စိတ်ထားမှန်တဲ့ မျှမျှတတအုပ်ချုပ်မဲ့ တိုင်းပြည်ခေါင်းဆောင်တွေ ပြည်သူတွေကို ပညာအလင်းရောင် စိတ်ဓာတ်ခွန်အားပေးမယ့် ခေါင်းဆောင်တွေရှိနေခဲ့ရင်ကော...မတိုးတက်မကြီးပွားနိုင်ပေဘူးလား...

ကျွန်တော်တစ်ခု ဗိုလ်ချုပ်(သို့မဟုတ်) အစည်းအဝေး Agenda ကို ပြစ်မှားမိတယ်ဗျာ ဘာလို့လည်းဆိုတော့ တိုင်းရေး ပြည်ရေး ဆွေးနွေးနေတဲ့ အချိန်မှာ Security ကို ရဲဘော်ကိုထွေးတစ်ယောက်တည်း ဘာကြောင့်ထားရတာလည်း... ကိုယ့်ကိုယ်ကို ယုံကြည်ချက်ပြင်းနေလို့လား...ဒါမှမဟုတ် ငါက ကောင်းတာလုပ်တာပဲ ဘယ်သူမှ လုပ်ကြံမှာ မဟုတ်ပါဘူး အဲလိုပဲတွေးသလားမသိဘူး... ကျွန်တော်ကတော့ အရမ်းကြေကွဲမိတယ်...

ပြီးတော့ ကနောင်မင်းသား သိပ္ပံပညာလိုက်စားလို့ ရေမြုပ်ဗုံးစမ်းသပ်တီထွင်မှုကို ပိတ်ပင်တဲ့ ကိစ္စ ...မင်းတုန်းမင်းရဲ့ ဆရာတော်ကိုတော့ အပြစ်မပြောလိုပါဘူး...မင်းအောင်ပင်လယ်ကန်တော့ မလုပ်နဲ့ကွာ ဒီပြင့်နေရာလုပ်လို့တော့ မင်းတုန်းမင်းက ဆုံးဖြတ်သင့်တယ်...

ပြီးတော့ ကိုလိုနီခေတ်က ကျောင်းသားသပိတ်က ကျွန်ပညာရေးဆိုပြီးတော်လှန်တယ်ဗျာ...
ကျွန်ပညာဆိုလို့ ဘာဘာလိမ့်လို့... သင်္ချာဘာသာနဲ့ သိပ္ပံပညာ ထည့်သွင်းပြဌာန်းလို့တဲ့ဗျ...
ပြန်စဉ်းစားကြည့်တော့ သပိတ်မှောက်တဲ့ ကျောင်းသားတွေရဲ့ အပြစ်လည်းမဟုတ်ဘူးဗျ...
သူတို့က သိပ္ပံပညာဆိုတာ ဘာမှန်းကို မသိတာ... ဘာမှန်းကို မသိတော့ လက်မခံတဲ့ မျက်မှန်စိမ်းက တတ်သလိုဖြစ်နေပြီ...
အပြစ်က အင်္ဂလိပ်ကိုပဲအပြစ်ပြောရမလိုဖြစ်နေပြီ... မင်းတို့ သူတို့ နားမလည်တာကို ဘာလို့သင်တာလည်းပေါ့... :P
တကယ်တကယ်အပြစ်ပြောချင်တာက မျက်မှန်စိမ်းတတ်ထားတဲ့ ရှေးရိုးစွဲကြီးတွေ ခေတ်နောက်ပြန်ဆွဲတွေကြောင့် နိုင်ငံမတိုးတက်ရတာ၊ အသိမကြွယ်ဝရတာပါ...

ကျွန်တော်က ဘာမှကို အယူအစွဲမထားတာဗျ... အိမ်က အိမ်သားတွေကတော့ အယူမတရားစွဲတာ ကျွန်တော်တောင် ဖြောင့်ဖျနိုင်ဘူးဖြစ်နေတယ်...
ထားပါလေ...ဒါလည်းသူတို့ အယူသူတို့နဲ့ပေါ့ဆိုထားလိုက်တယ်...တဖြည်းဖြည်း လက်ခံယူလာအောင်ကိုယ်က သက်သေပြဖို့ အရေးကြီးတယ်...

၁၉ရာစုနှောင်းပိုင်းထိအင်္ဂလိပ်လက်အောက်မှာနေခဲ့တဲ့  ဟောင်ကောင်ကတော့ အာရှကျားဖြစ်လာခဲ့တယ်... ဒါလည်းအမှန်ပဲ...
အင်္ဂလိပ်ရဲ့ Commonwealth အောက်မှာနေခဲ့ရင်လို့ပြောတဲ့ကိစ္စက ဟောင်ကောင်လို သယံဇာတ မရှိတဲ့နိုင်ငံအတွက်ကတော့ ကောင်းခဲ့တယ်ဗျ...
မြန်မာနိုင်ငံအတွက်မကောင်းဘူးလို့တော့ မဆိုနိုင်ဘူး.... တဖက်က သယံဇာတကြွယ်ဝတဲ့အတွက် နိုင်ငံရဲ့အရင်းအမြစ်တွေကို ဂုတ်သွေးစုပ်တယ်လို့ ထင်တဲ့ မျိုးချစ်တွေကရှိသဗျ...

 ပြောရရင် သူတို့ကိုလည်း အပြစ်ပြောလို့မရဘူး... ဘာလို့လည်း ဆိုတော့ တိုင်းပြည်ကို ချစ်တာ အသက်နဲ့ရင်းပြီးတော့တောင်ချစ်ခဲ့တဲ့လူတွေလေဗျာ... အဲလိုလူမျိုးတော်တော်များများကဘဲ မျက်ကန်းမျိုးချစ်ဖြစ်ဖို့များတယ်၊ ရှေးရိုးစွဲခဲတယ်...တကယ်လည်းဖြစ်ခဲ့တာတွေအများကြီးပါ... ဦးနှောက်နဲ့ စဉ်းစာတဲ့ မျိုးချစ်မျိုးကို ကျွန်တော်က ပိုသဘောကျခဲ့တာ...ဆရာစံကိုတကယ်လည်းလေးစားပါတယ်... တိုင်းပြည်ကို အသက်ပေးပြီးတော့တော်လှန်ခဲ့တဲ့ တိုင်းပြည်ချစ်ခေါင်းဆောင်ကြီးပါ...
ဒါပေသိ ဒုတ်ပြီး၊ ဓါးပြီး၊ သေနတ်ပြီး ဆိုပြီးတော့ တပ်သားတွေကို ပေးခဲ့တယ်ဗျ...
တကယ့်စွမ်းသလားတော့မပြောတတ်ဘူး...ဆရာစံက အမြော်အမြင်နဲ့ ဒီနည်းကိုပေးခဲ့တာလားပြန်စဉ်းစားကြည့်တော့ တပ်သားတွေ စိတ်ဓာတ်ခွန်အားတတ်စေဖို့ သေနတ်ပြီးတယ်ဆိုပြီးပေးခဲ့တာပါ... တကယ်တိုက်ခဲ့တဲ့ အချိန်မှာ ဘယ်သေနတ်မှ မပြီးပါဘူး...
အထင်ကြီးဖို့ရာ ဗျူဟာဘဲလိုတယ်... ရှေးရိုးစွဲတွေမလိုပါဘူး...ကျွန်တော်အမြင်ကတော့ ရှေးရိုးစွဲတွေ မျက်ကန်းမျိုးချစ်တွေ ရှိနေရင် နိုင်ငံမတိုးတက်နိုင်ပါဘူး
အင်္ဂလိပ်ကို လည်းမုန်းဖို့မလိုပါဘူး... မြန်မာပြည်ကို သိမ်းသွားတဲ့ အထဲမှာ မြန်မာနိုင်ငံကောင်းကျိုးလုပ်သွားတဲ့ အင်္ဂလိပ်တွေအများကြီးပါ...
ထို့အတူ ဂုတ်သွေးစုပ် အမြတ်ထုတ်သွားတဲ့ သူတွေလည်း အများကြီးပါ... တကယ်မျိုးချစ်တို့ တိုက်ထုတ်ရမှာက ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့သလို အင်္ဂလိပ်ကို မုန်းစရာမလိုပါဘူး....ဂုတ်သွေးစုပ် အမြတ်ထုတ်သွားတဲ့ ကိုလိုနီစနစ်ကို တိုက်ထုတ်သွား၇မယ်လို့ပဲထင်ပါတယ်ဗျာ..


Mr. Jugger

..................................................................................................................................

No comments: