Sunday, October 21, 2012

ဗုဒ္ဓဘာသာ၏ ရှုထောင့်များ




ဗုဒ္ဓ၀ါဒနှင့် လောကဓာတ်ပညာ

ဗုဒ္ဓ၀ါဒသည် လောကဓာတ်နည်းနှင့် စံထိုး ခံနိုင်ဆုံးဖြစ်သည်ဟု အသားယူကြရခြင်း၊ လောက၀ိဓူကျမ်းက ဆိုတိုင်း ဘုရားဟောဖြစ်သည်ဟု မယူဆထိုက်ပုံ။

ကျွန်ုပ်၏ ဆောင်းပါးများကို ဖတ်ရူကြသော ပုဂ္ဂိုလ်များ အနက်၊ ရဟန်းပုဂ္ဂိုလ်တစ်ပါးနှင့် လူပုဂ္ဂိုလ် အချို့က ဦးနှောက်ကို လုံးဝ အသုံးမပြုထိုက်ကြောင်းနှင့် ဘာသာရေးအယူအဆများအကြောင်းကို ဆင်ခြင်သုံးသပ်မိသည့်အလျောက် ကျွန်ုပ်၏ထင်မြင်ချက်များကို တင်ပြလိုသော ဆန္ဒဖြစ်ပေါ်လာပါတော့သည်။

ကျမ်းကိုးနှင့် မပြီးသောခေတ်

ဤခေတ်သည်ကား လောကဓာတ်ပညာ ထွန်းကားသောခေတ်ဖြစ်သည့်အလျောက် (လောကီ) အကြားအမြင် ဗဟုသုတနှင့် ပြည့်စုံသည်ဆိုသူများသည် ပြဿာနာတစ်ခုကို သဘာဝကျကျ စဉ်းစားတတ်ဖို့ (Scientific Minded) ကြိုးစားလေ့လာကြရလေသည်။ 

ဗုဒ္ဓဘာသာဖြစ်လျှင် မည်သည့်ကျမ်းဂန်က မည်ကဲ့သို့ ဆိုသည်ဟူ၍ လည်းကောင်း၊ ခရစ်ယာန်ဖြစ်လျှင် သမ္မာကျမ်းစာ၌ မည်ကဲ့သို့ဆိုသည်ဟူ၍လည်းကောင်း၊ မူစလင်ဖြစ်လျှင် ကိုရန်ကျမ်းက မည်ကဲ့သို့ဆိုသည်ဟူ၍လည်းကောင်း၊ ဟိန္ဒူဖြစ်လျှင် ဥပနစ်ရှဒ်ကျမ်းက ဘယ်ကဲ့သို့ဆိုသည်ဟူ၍လည်းကောင်း၊ အကိုးအကား ထောက်ပြရုံမျှနှင့် မှန်ရမည်ဟု တစ်ခါတည်း လက်ခံယုံကြည်ကြသော ခေတ်မျိုးမဟုတ်တော့ချေ။

ရှေးကျသော ဗုဒ္ဓဘာသာဝင်အချင်းချင်းဖြစ်စေ။ ခရစ်ယာန်အချင်းချင်းဖြစ်စေ၊ မူစလင်အချင်းချင်းဖြစ်စေ၊ ဟိန္ဒူအချင်းချင်းဖြစ်စေ၊ လက်ခံကောင်း လက်ခံကြပေမည်။

စူးစမ်းဆင်ခြင်တတ်သော အလေ့အထ ထွန်းကားလျက်ရှိသော ဤခေတ်၌မူကား၊ ကျမ်းကိုးမူလောက်နှင့် လက်ခံကြတော့မည် မဟုတ်၊ ထိုကျမ်း၌ ဖော်ပြပါရှိသော အဆိုသည် လောကဓာတ်နည်းဖြင့် သဘာဝကျကြောင်းရှင်းရှင်းလင်းလင်း တင်ပြနိုင်မှသာလျှင် ၎င်းကျမ်းအဆို၏ မှန်ကန်ကြောင်းကို လက်ခံယုံကြည်ကြမည့် ခေတ်မျိုးဖြစ်လေသည်။

ဗုဒ္ဓဘာသာရော လောကဓာတ်ပညာပ် လေ့လာဖူးသည့် အကြားအမြင်များသော ပုဂ္ဂိုလ်များကမူ၊ ဗုဒ္ဓဘာသာသည် လောကဓာတ်ပညာနည်းဖြင့် အစမ်းသပ်ခံနိုင်ဆုံးသော ဘာသာကြီး (Most Scientific Religion) ဖြစ်သည်ဟူ၍ အသားယူလျက်ရှိကြရသည်။

ဆိုလိုရင်းမှာ မည်သည့် အခြင်းအရာ (ဘာသာရေးလည်းပါဝင်သည်) ကို မဆို သဘာဝလည်းဟူသော ပေတံဖြင့် တိုင်းတာရမည်။ ချိန်ထိုးရမည်ဟူ၍ အဓိပ္ပာယ်ရှိ၏ ။ ကာလမသုတ်၌ ဗုဒ္ဓဟောတော်မူခြင်းမှာလည်း ဤသဘောပင် သက်ရောက်၏ ။

သို့စဉ်လျက် ကျွန်ုပ်၏ နှလုံးနှင့် ဦးနှောက် ဆောင်းပါးကိုကန့်ကွက်ကြသော ပုဂ္ဂိုလ်များကမူ၊ ဗုဒ္ဓဘာသာကျမ်းဂန်များကို လောကဓာတ် (ဘဘာဝ) နည်းဖြင့် ချိန်ထိုးဖို့မလို လောကဓာတ်နည်းများသာလျှင် ဗုဒ္ဓဘာသာကျမ်းဂန်များဖြင့် ချိန်ထိုး ကြည့်ရမည်ဟု ရေးသားဖော်ပြကြသည်။ 

ယင်းသို့ဆိုလျှင် ခရစ်ယာန်ကလည်း သမ္မာကျမ်းစာဖြင့် ချိန်ထိုးရမည်ဟူ၍လည်းကောင်း၊ ဟိန္ဒူကလည်း ဥပနစ်ရှဒ်ကျမ်းကြီးဖြင့်လည်းကောင်း၊ မူစလင်ကလည်း ကိုရန်ကျမ်းဖြင့် ချိန်ထိုးရမည်ဟူ၍လည်းကောင်း၊ အသီးသီးဆိုကြပေလိမ့်မည်။

ဤကဲ့သို့ အသီးသီးဆိုကြခြင်းပင်လျှင် နည်းလမ်းမကျ (သဘာဝမကျ)ဟု ကျွန်ုပ်နားလည်သည်။

အမှန်စင်စစ်မှာ လောကဓာတ်နည်း (သဘာဝနည်း) သည် သာလျှင် ခပ်သိမ်းသော အယူဝါဒများနှင့် ပြဿာနာဟူသမျှကို တိုင်းတာရမည့် ပေတံကြီးသဖွယ် ဖြစ်သင့်ပေသည်။

(ဗုဒ္ဓ၏ စကားတော်မှန်ခဲ့လျှင်လည်း လောကဓာတ်နည်းဖြင့် ပေတံထိုးခြင်း ခံနိုင်သည်ဟု ကျွန်ုပ်ယုံကြည်သည်)

ရွှေဥဒေါင်း၏ ဗုဒ္ဓဘာသာ၏ ရှုထောင့်များ စာအုပ်မှ ကောက်နုတ်ချက်များ


-- 

No comments: