Sunday, September 22, 2013

လက်ရှိစီးပွားရေးကိစ္စများနှင့် ရှေ့ခရီးအတွက် တွေးတောဆင်ခြင်မှုများ ဦးမြင့်


22 September 2013 at 19:52

လက်ရှိစီးပွားရေးကိစ္စများနှင့်ရှေ့ခရီးအတွက် တွေးတောဆင်ခြင်မှုများ
ဦးမြင့်

ရှစ်လေးလုံး ငွေရတုအထိမ်းအမှတ်ဆွေးနွေးပွဲတွင် တင်ပြသော စာတမ်း

၁။       လက်ရှိ စီးပွားရေးပြုပြင်ပြောင်းလဲမှုနှင့် ပတ်သက်၍အရေးကြီးသည်ဟု ယူဆသော အချို့ကိစ္စများနှင့် ရှေ့ခရီးအတွက်  အကြံညဏ်များကို တင်ပြဆွေးနွေးပါမည်။
၂။       မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရ၊ နောက်ဆုံးသမ္မတဒေါက်တာမောင်မောင် ရေးသားခဲ့သော မြန်မာနိုင်ငံ ၁၉၈၈ အရေးအခင်းစာအုပ်စာမျက်နှာ ၁၃၄ တွင်ရေးသားခဲ့သော အကြောင်းအရာတစ်ခုနှင့် စတင်ဆွေးနွေးလျှင် အကျိုးရှိပါမည်။
၃။       ''ကျွန်တော်တို့ မြန်မာနိုင်ငံကို ကြွယ်ဝချမ်းသာသောနိုင်ငံတစ်ခုဖြစ်အောင် လုပ်နိုင်မည့် အခွင့်အရေး ရရှိခဲ့ကြသည်။ သို့သော် ထိုအခွင့်အရေးကိုအသုံးမချခဲ့ကြ။ အစစ အရာရာ အဆင်ပြေချင်ယောင် ဆောင်ခဲ့ ကြသည်။ လွဲမှားသော အစီရင်ခံစာတွေတင်ကြ၊  စကားလုံးလှလှတွေ ပြောခဲ့ကြတယ်။ အစစအရာရာအဆင်မပြေမှန်း သိသည့်ကြားမှ ထိုသို့လုပ်ခဲ့ကြသည့်အတွက် မှားယွင်းခဲ့ကြ၊ ဒုက္ခရောက်ခဲ့ကြခြင်းဖြစ်သည်။

သမ္မတဦးသိန်းစိန်၏ မြင်သာထင်သာရှိမှုနှင့် တာဝန်ယူမှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ

၁။       မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရ၏ ပြည်သူ့အပေါ်ထားရှိသောသဘောထားနှင့်ယှဉ်လျှင် မြင်သာ ထင်သာရှိရန်၊ တာဝန်ယူရန် တိုက်တွန်းသော သမ္မတဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး အစီအစဉ်များသည် အချို့သောအောင်မြင်မှုများကို ရရှိနေသည်။
၂။       ဥပမာတစ်ခုမှာ အာဆီယံအသင်းဝင် နိုင်ငံများအကြားတွင်မြန်မာနိုင်ငံသည် အဆင်းရဲဆုံးနိုင်ငံတစ်ခု ဖြစ်ကာ အခြားနိုင်ငံများကို အမီလိုက်ရန်ကြိုးစားအားထုတ်မည်ဖြစ်ကြောင်း တရားဝင်အသိ အမှတ်ပြုထားခြင်း ဖြစ်သည်။


အမီလိုက်ရေး

၁။       အာဆီယံအသင်းတွင် အသင်းဝင် ဆယ်နိုင်ငံရှိသည်။ထိုဆယ်နိုင်ငံတွင် အဘယ်ကြောင့် မြန်မာနိုင်ငံက အဆင်းရဲဆုံးဟု ဆိုရသနည်း။ မည်သည့်နိုင်ငံကိုအမီလိုက်မည်နည်း။ ထိုသို့အမီလိုက်ရန် ဘာတွေ လုပ်ကြမည်နည်း။ ကိုယ်အမီလိုက်ချင်သည့်နိုင်ငံတွေကိုမီကြောင်း၊ မည်သို့ သိမည်နည်း။ အမီလိုက်ရန် မည်မျှကြာမည်နည်း။
၂။       နားလည်သဘောပေါက်ရန်နှင့် အလွယ်တကူ ဖြေရှင်းနိုင်ရန်တစ်ဦးကျဝင်ငွေ (တစ်ဦးကျ ဂျီဒီပီ) အကြောင်း သိရှိရန် လိုအပ်ပါသည်။
၃။       တစ်ဦးကျဝင်ငွေ အနိမ့်ဆုံးနိုင်ငံဖြစ်သည့်အတွက်အဆင်းရဲဆုံးနိုင်ငံဟု ပြောရခြင်းဖြစ်သည်။ အခြားနိုင်ငံ များကို အမီလိုက်ရန်အတွက် မိမိတို့၏တစ်ဦးကျဝင်ငွေသည် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ တစ်ဦးကျ ဝင်ငွေအဆင့်ထိ မြင့်တက်ရပါမည်။

မည်သူ့ကိုအမီလိုက်လိုသနည်း

၁။       မည်သူ့ကို အမီလိုက်လိုသနည်း။
၂။       ကမ္ဘောဒီးယားနှင့် လာအိုကို အမီလိုက်ဖို့ သိပ်မခက်ပါ။
၃။       စင်ကာပူကိုမီရန် အလွန်ခက်ပါသည်။ မေ့ထားလိုက်ပါ။
၎။       ထိုသို့ဆိုလျှင် အင်ဒိုနီးရှား၊ ထိုင်းနှင့်မလေးရှားနိုင်ငံတို့ကို စဉ်းစားပါ။
၅။       ၂ဝ၁၁ ခုနှစ်တွင် မြန်မာနိုင်ငံ၏ တစ်ဦးကျဝင်ငွေသည်အမေရိကန်ဒေါ်လာ ၉ဝဝ ဖြစ်သည်။
၆။       အင်ဒိုနီးရှားတွင် ဒေါ်လာ ၃၄၉၅
၇။       ထိုင်းနိုင်ငံတွင် ဒေါ်လာ ၄၉၇၂ နှင့်
၈။       မလေးရှားတွင် ဒေါ်လာ ၉၆၅၆ ရှိသည်။

အမီလိုက်ရေးဖော်မြူလာ

၁။       အမီလိုက်မည့်အချိန်ကို တွက်ရန်အတွက်
          t = log (y/a) / log (1+r) ဖော်မြူလာကို သုံးပါမည်။
          t = အမီလိုက်ရမည့်အချိန်
          y = အမီလိုက်လိုသောနိုင်ငံ၏ တစ်ဦးကျဝင်ငွေ
          a = မြန်မာနိုင်ငံ၏ တစ်ဦးကျဝင်ငွေ
          r = မြန်မာနိုင်ငံ၏ တစ်ဦးကျဝင်ငွေ တိုးတက်မှုနှုန်း

၂။       အထက်ပါဖော်မြူလာကို အခြေခံပညာ အက္ခရာသင်္ချာသုံး၍တွက်နိုင်ပါသည်။ မည်သို့တွက်နိုင်ကြောင်း စာတမ်းတစ်စောင် ရေးထားပြီး စိတ်ဝင်စားသူများကိုအီးမေးလ်ဖြင့် ပို့ပေးနိုင်ပါသည်။

အမီလိုက်ရမည့်အချိန်တွက်ချက်ခြင်း

၁။       အကယ်၍ မြန်မာနိုင်ငံ၏ တိုင်းပြည်ဝင်ငွေ (ဂျီဒီပီ)သည် တစ်နှစ်လျှင် ၈% တိုးတက်ပြီး လူဦးရေသည် တစ်နှစ် ၁% တိုး တက်သည်ဆိုပါက တစ်ဦးကျဝင်ငွေသည်တစ်နှစ်လျှင် ၇% တိုးတက်သည်။
၂။       ထို့ကြောင့် တစ်နှစ်လျှင် တစ်ဦးကျဝင်ငွေ ၇%တိုးမည်ဆိုပါက အင်ဒိုနီးရှား၊ ထိုင်းနှင့် မလေးရှားတို့၏ ၂ဝ၁၁ ခုနှစ် တစ်ဦးကျဝင်ငွေကိုမီရန်မည်မျှကြာမည်ကို တွက်ကြည့်နိုင်သည်။

ရလဒ်

၁။       အထက်၌ပေးထားသော ဖော်မြူလာအရ ၂ဝ၁၁ ခုနှစ်တွင်မြန်မာနိုင်ငံ၏ တစ်ဦးကျဝင်ငွေဒေါ်လာ ၉ဝဝ ရှိပြီး တစ်နှစ်လျှင် ၇% တိုးတက်မှုနှုန်းအရ
          (က)    ၂ဝ၁၁ ခုနှစ်၊ အင်ဒိုနီးရှားနိုင်ငံ၏တစ်ဦးကျဝင်ငွေဒေါ်လာ ၃၄၉၅ ကို မီရန် အနှစ် ၂ဝ
          (ခ)     ထိုင်းနိုင်ငံ၏၂ဝ၁၁ ခုနှစ် တစ်ဦးကျ ဝင်ငွေ ၄၉၇၂ ဒေါ်လာကိုမီရန် ၂၅ နှစ်
          (ဂ)     မလေးရှား၏ တစ်ဦးကျဝင်ငွေ၉၆၅၆ ဒေါ်လာကိုမီရန် ၃၅ နှစ်ကြာမည်။
၂။       သို့သော်လည်း မြန်မာ့အိမ်နီးချင်းနိုင်ငံများသည်လာမည့်အနှစ် ၂ဝ မှ ၃၅ နှစ် အတွင်း ဆက်လက်၍ တိုးတက်နေကြမည်ဖြစ်သည်။ ထိုနှစ်များအတွင်းသူတို့သည် ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်သွားကြသဖြင့် ကျွန်တော်တို့နှင့်ပို၍ အလှမ်းဝေးနိုင်ပါသည်။တစ်ဦးကျဝင်ငွေ အမီလိုက်နိုင်မည့် အလားအလာနည်းပါသည်။ သို့ဖြစ်၍ တိုင်းပြည်ဝင်ငွေ ကိုအရေအတွက် သဘောအရသာမက အရည်အသွေးအရပါ စဉ်းစားရန်လိုပါသည်။

ဂျီဒီပီ၏အရေအတွက်ကားပြိုင်ပွဲမှရသောသင်ခန်းစာ

၁။       ဂျီဒီပီ တစ်နှစ်လျှင် ၈% တိုးတက်နှုန်း သို့မဟုတ်တရုတ်နိုင်ငံ မကြာမီက လုပ်ခဲ့သကဲ့သို့ ၁ဝ% တိုးတက်ရန် ဘာတွေလုပ်ကြရမည်နည်း ?
၂။       ကားပြိုင်ပွဲမှ သင်ခန်းစာရယူနိုင်ပါသည်။
၃။       အကယ်၍ မြန်မာနိုင်ငံ၏ တိုင်းပြည်ဝင်ငွေ ဂျီဒီပီတစ်နှစ်၁ဝ% တိုးတက်လျှင်ပင် မြန်မာနိုင်ငံအနေဖြင့် အင်ဒိုနီးရှားကိုမီရန် ၁၆ နှစ်၊ ထိုင်းနိုင်ငံကိုမီရန်အနှစ် ၂ဝ၊ မလေးရှားနိုင်ငံကိုမီရန် ၂၈ နှစ်ကြာပါမည်။ ၂ဝ၁၁ ခုနှစ် ၄င်းတို့၏ တစ်ဦးကျဝင်ငွေကိုမီရန်ထိုမျှကြာမြင့်ပါသည်။
၎။       စင်ကာပူနိုင်ငံ၏ တစ်ဦးကျဝင်ငွေသည်  ၂ဝ၁၁ ခုနှစ်တွင် ဒေါ်လာ ၄၆,၂၄၁ ရှိရာ စင်ကာပူကိုအမီလိုက်ရန်အတွက် ၄၆ နှစ် ကြာမြင့်ပါမည်။

ကားပြိုင်ပွဲမှသင်ခန်းစာများ

၁။       ကားပြိုင်ပွဲတစ်ခုတွင် အနိုင်ရရှိရန်အတွက် လိုအပ်ချက်လေးခုရှိပါသည်။
          (က)    အားကောင်းသောအင်ဂျင်
          (ခ)     ဖြောင့်တန်းချောမွေ့သောလမ်းကြောင်း
          (ဂ)     ကျွမ်းကျင်သော ယာဉ်မောင်းနှင့်
          (ဃ)    အသင်းအဖွဲ့လိုက်စုပေါင်းလုပ်ဆောင်တတ်မှုတို့ဖြစ်ပါသည်။

ကားပြိုင်ပွဲနှင့်စီးပွားရေးတိုးတက်မှု

၁။       စီးပွားရေးအဆောက်အအုံတစ်ခုအတွက် ခိုင်မာသောမူဝါဒများသည်အင်ဂျင်ကောင်းနှင့်တူပါသည်။
၂။       စီးပွားရေးနှင့် လူမှုရေးဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်ကောင်းမွန်သော လမ်းပန်းဆက်သွယ်ရေး၊  အခြေခံအဆောက်အအုံများသည်ချောမွေ့ဖြောင့်တန်းသော လမ်းကြောင်းနှင့်တူပါသည်။
၃။       လူနှင့် ပတ်ဝန်းကျင်ရှိ အခြားပုဂ္ဂိုလ်များကယုံကြည်စိတ်ချမှုတိုးပွားလာစေရန် လှုံ့ဆော်နိုင်သော စီးပွားရေးအဆောက်အအုံကို ထိထိရောက်ရောက်စွမ်းရည်မြင့်မြင့် လည်ပတ်အောင် ဆုံးဖြတ်နိုင်၊ စီမံခန့်ခွဲ နိုင်သော ခေါင်းဆောင်နှင့်ကျွမ်းကျင်သော ယာဉ်မောင်း တူညီပါသည်။


စုပေါင်းလုပ်ဆောင်မှု

၁။       စုပေါင်းလုပ်ဆောင်မှုအကြောင်း အထူးပြောဆိုနေစရာမလိုပါ။
၂။       ကားပြိုင်ပွဲများတွင် ရပ်နားစခန်းများ၌ အပြာရောင်ဝတ်စုံဝတ်ထားသူများက ကားတာယာလဲပေးခြင်း၊ ဓာတ်ဆီထပ်ဖြည့်ပေးခြင်း၊ အင်ဂျင်စစ်ဆေးခြင်းတို့ကိုတစ်ပြိုင်နက်တည်း ပျာပျာသလဲ လုပ်နေကြကြောင်း တွေ့မြင်ဖူးကြပါသည်။
၃။       သူတို့မပါလျှင် ကားပြိုင်နိုင်မည်မဟုတ်ပါ။
၎။       အဓိကဆောင်ရွက်လှုပ်ရှားနေကြသူများအကြားတွင် တင်းမာမှုများလျော့နည်းရေး၊ ယုံကြည်မှုမြင့်မားရေး အပြန်အလှန် နားလည်မှုရှိရေး၊ စိတ်ကောင်း စေတနာကောင်းထားရှိရေးသည်နိုင်ငံတည်ဆောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးသည် လောလောဆယ် မြန်မာနိုင်ငံ ရင်ဆိုင်နေရသောအရေးကြီးသည့်ကိစ္စတစ်ခု ဖြစ်ပါ သည်။

ဂျီဒီပီအရည်အသွေးမြင့်မားရေး

၁။       ဂျီဒီပီ၏ အရေအတွက်ကိုသာမက အရည်အသွေးကိုလည်းမြှင့်တင်ရန် လိုအပ်ပါသည်။
၂။       ထိုရည်ရွယ်ချက်ဖြင့် သမ္မတဦးသိန်းစိန်က 'ပြည်သူဗဟိုပြု'ဖွံ့ဖြိုးရေးမဟာဗျူဟာကို ချမှတ်ခဲ့ခြင်း ဖြစ်ပါသည်။
၃။       ထိုမဟာဗျူဟာသည် သာမန်ပြည်သူပြည်သားတို့၏ဘဝ အရည်အသွေးမြင့်မားရေးကိုဦးစားပေးသော မဟာဗျူဟာဖြစ်ပါသည်။
၎။       မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုအဆင့်သည် စောစောပိုင်းတွင်သာရှိနေသေးသဖြင့် နိုင်ငံအတွင်းရှိ သာမန်မိသားစုများသည် စားဝတ်နေရေးအခြေခံလိုအပ်ချက်များသာမကသမားရိုးကျလိုအပ်ချက်များကိုပါ ရရှိရန် လိုအပ်ပါသည်။

သမားရိုးကျလိုအပ်ချက်များ

          သမားရိုးကျလိုအပ်ချက်များတွင်
၁။       ပညာရေးနှင့် ကျန်းမာရေး၊ ရေကောင်း ရေသန့်ရရှိရေး၊သင့်တင့်သော သန့်ရှင်းရေး၊ လွယ်ကူအဆင်ပြေ သော သယ်ယူပို့ဆောင်ရေး၊ စိတ်ချအားကိုးရသောလျှပ်စစ်ဓာတ်အားရရှိရေး၊ စွမ်းရည်မြင့် အိုင်စီတီစနစ် ရှိရေးတို့ပါဝင်ပါသည်။
၂။       သင့်တင့်သော နေထိုင်မှုရှိရေး၊ သာယာလုံခြုံသောပတ်ဝန်းကျင်ရှိရေးတို့အပြင် အများပြည်သူတို့နှင့် သက်ဆိုင်သော ပန်းခြံများ၊ ဇာတ်ရုံများ၊စာကြည့်တိုက်များ၊ အားကစားကွင်းများနှင့် အနားယူ အပန်းဖြေစရာများ ရှိရပါမည်။
၃။       အလုပ်လုပ်ရမည့် အလုပ်ချိန်ကို အဆင့်မြင့် လူထုအဖွဲ့အစည်းများကသေသေချာချာ စောင့်ကြည့်ကာ အလုပ်သမားများ၏ သက်သာချောင်ချိရေးကို ပိုမိုဂရုစိုက်ရပါမည်။အလုပ်သမားများကို ယဉ်ကျေးမှု၊ လူမှုရေးလုပ်ငန်းများ လုပ်ဆောင်ရန်နှင့် အပန်းဖြေနားနေရန်အချိန်ပိုပေးရပါမည်။


ဆင်းရဲသားများ၏လိုအပ်ချက်များကို ဖြည့်စွမ်းခြင်း

၁။       ဆင်းရဲသားလယ်သမားများနှင့် ကျေးလက်နေသူတို့၏လိုအပ်ချက်များကို ဖြည့်စွမ်းနိုင်သော နည်းလမ်းကောင်းတစ်ခုမှာ အောက်ပါကိစ္စနှစ်ခုကိုသန္နိဋ္ဌာန်ချမှတ် ဆောင်ရွက်ရန်ဖြစ်သည်ဟု ယုံကြည်ပါသည်။
          (က)    ကြွေးတင်နေသော ပြဿနာနှင့်ချေးငွေရရှိနိုင်ရေး
          (ခ)     လယ်ယာမြေနှင့် ပတ်သက်သောအခွင့်အရေးများတို့ဖြစ်ပါသည်။

အားလုံးပါဝင်နိုင်သောနည်းလမ်း

၁။       အထက်ပါကိစ္စ နှစ်ခုစလုံးတွင် အများပါဝင်နိုင်သောနည်းလမ်းကို အသုံးပြုရပါမည်။
၂။       မြေကွက်ငယ် ပိုင်ဆိုင်သော လယ်သမားများ၊ မြေယာမဲ့လယ်ယာလုပ်သားများ၊ ဆင်းရဲသော ကျေးရွာလုပ်သားများသည် ၄င်းတို့၏ လိုအင်များ၊ ဆန္ဒများကိုထုတ်ဖော်ပြောဆိုခွင့်ရှိရပါမည်။
၃။       အစိုးရအရာရှိများ၊ နိုင်ငံရေးပါတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊စီးပွားရေးလုပ်ငန်းရှင်များ၊ ပညာရှင်များ၊ တိုင်းရင်းသားအဖွဲ့အစည်းဝင်များ၊ စာနယ်ဇင်းများသည်နိုင်ငံစုံဖွံ့ဖြိုးရေးလုပ်ဖော်ကိုင်ဖက်များ၊ နှစ်နိုင်ငံဖွံ့ဖြိုးရေးလုပ်ဖော်ကိုင်ဖက်များသည်ဤအများပူးပေါင်းဆောင်ရွက် ရေးနည်းလမ်းတွင်ပါဝင်ကာ အမြင်ချင်း ဖလှယ်သင့်ပါသည်။

မဟာဗျူဟာ၊လုပ်ငန်းအစီအစဉ်နှင့် စောင့်ကြည့် အကဲဖြတ်ရေးအစီအစဉ်များ

၁။       အားလုံးပါဝင်ရေးအစီအစဉ်တွင် အစိတ်အပိုင်းလေးခုပါဝင်ပါသည်။
          (က)    ကြွေးမြီဖြေရှင်းရေးမဟာဗျူဟာ၊လယ်ယာမြေပြဿနာ ဖြေရှင်းရေး မဟာဗျူဟာတို့ကို အချိန် တိတိကျကျ သတ်မှတ်ပေးကာ ရည်မှန်းချက်ရှင်းရှင်းလင်းလင်း ချမှတ်ရေးဆွဲရန်
          (ခ)     မဟာဗျူဟာတွင်ပါဝင်သောစီမံကိန်းများ၊ လုပ်ငန်းစီမံကိန်းများ၊ မူဝါဒ အကြံပြုချက်များကို အကောင်အထည်ဖော်ရန်အတွက်လုပ်ငန်းစီမံကိန်းကို သဘောတူချမှတ်ရန်
          (ဂ)     လုပ်ငန်းစီမံကိန်းအကောင်အထည်ဖော်မှုကို စောင့်ကြည့်သုံးသပ်မည့် ယန္တရားတစ်ခုရှိရန်
          (ဃ)    မဟာဗျူဟာတွင် ချမှတ်ထားသောရည်မှန်းချက်များရရှိရေးအတွက် ဆက်လက်လုပ်ဆောင်ရမည့်လုပ်ငန်း များ၊ ပြင်ဆင်စရာနည်းလမ်းများကိုအကြံပြုတင်ပြရန်

ကြွေးမြီနှင့်ချေးငွေရရှိရေး

၁။       ကြွေးမြီနှင့်ပတ်သက်၍ နိုင်ငံခြားအစိုးရများကမြန်မာနိုင်ငံ၏ ကြွေးမြီနှင့်ပတ်သက်၍ နည်းလမ်းနှစ်ခုဖြင့် ကူညီခဲ့ကြပါသည်။
၂။       ပထမနည်းလမ်းမှာ ကြွေးမြီချေဖျက်သည့် နည်းဖြစ်ပါသည်။အရင်းနှင့် အတိုးအပါအဝင် ကျန်ရှိသော ကြွေးမြီများ၏ တစ်စိတ်တစ်ဒေသကို လုံးဝလျော်ပစ်သည်။လုံးဝပြန်ဆပ်စရာ မလိုတော့ပါ။
၃။       ဒုတိယနည်းလမ်းမှာ 'ကြွေးမြီသက်သာခွင့်' ပေးသည့်နည်းဖြစ်ပါသည်။ကျန်သည့် ကြွေးမြီများအတွက် ပြန်ဆပ်ရမည့် ကာလတိုးပေးခြင်း၊ အတိုးနှုန်းလျှော့ပေးခြင်းတို့ကိုပြုလုပ်ပါ။
အိုဒီအေအစီအစဉ်အရချေးငွေများ
၁။       မြန်မာအစိုးရသည် နှစ်နိုင်ငံနှင့် နိုင်ငံစုံအလှူရှင်များထံမှ တရားဝင်ဖွံ့ဖြိုးရေး အကူအညီဖြင့် ချေးငွေများ ရယူခွင့်ရှိပါသည်။
၂။       နိုင်ငံတကာဖွံ့ဖြိုးရေးအသင်း (IDA) သည် ကမ္ဘာ့ဘဏ်အုပ်စု၏အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး ပြန်ဆပ်ရမည့်ကာလနှစ် ၅ဝ၊ ဆိုင်းငံ့ကာလ ၇ နှစ်နှင့်၊ အတိုးနှုန်း၁% အောက်ရှိသော ODA ချေးငွေများကို ထုတ်ချေးပါသည်။

ဆင်းရဲသားများအတွက်ကြွေးများလျော်ပစ်ခြင်းနှင့် လျှော့ပေးခြင်းပြုလုပ်ရန် လိုအပ်ခြင်း

၁။       အစိုးရက အိုဒီအေအစီအစဉ်အရ သက်သာသော ချေးငွေများရရှိနေချိန်တွင်ကျေးလက်နှင့် မြို့ပြ၌  ဆင်းရဲသား လယ်သမားများနှင့်ဆင်းရဲသားမိသားစုများအနေဖြင့် တစ်လလျှင် အတိုးနှုန်း ၁ဝ%  မှ ၂ဝ% အထိ ပေးကာ ငွေချေးနေကြရပါသည်။
၂။       တစ်နည်းအားဖြင့် တစ်နှစ်လျှင် အတိုးနှုန်း ၁၂ဝ%မှ၂၄ဝ% အထိ ပေးနေရပါမည်။
၃။       ဤသို့ဖြစ်နေသည်မှာ အတော်ဆိုးဝါးပါသည်။
၎။       အစိုးရ နိုင်ငံအတွင်းရှိ အရေးပါသူများ၊ ချမ်းသာသောစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကြွေးမြီ လျော်ပစ်ရေးနှင့် ကြွေးမြီလျှော့ပေါ့ပေးရေးတို့ကိုအခြေအနေ ဆိုးဝါးနေသည့် လယ်သမားများအတွက် ဆောင်ရွက်ပေးသင့်ပါသည်။

လယ်ယာမြေကိစ္စ
၁။       လယ်ယာမြေပိုင်ဆိုင်မှုကိစ္စသည် အပြိုင်အဆိုင်များအငြင်းပွားစရာလည်းဖြစ်ကာ နိုင်ငံရေးကိုလည်း အထိမခံသောကိစ္စ ဖြစ်ပါသည်။
၂။       သို့သော် လယ်သမားများနှင့် ကျေးလက်နေသူများသည်၎င်းတို့၏ အဆင့်အတန်း၊ စီးပွားရေးနှင့် လူမှုရေးကောင်းကျိုးချမ်းသာ တိုးပွားလိုစိတ်အမြဲရှိကြပါသည်။
၃။       သို့ဖြစ်ရာ မြန်မာ့လူ့အဖွဲ့အစည်း၏ အများစုဖြစ်သောကျေးလက်နေဆင်းရဲသားများ၊ မဆုံးနိုင်သော ဒုက္ခများ၊ မသေချာ မရေရာမှုများ ဖြစ်ပေါ်စေသည့်ဤအကြောင်းတရားကို ထိထိရောက်ရောက် မျှမျှတတ ဖြေရှင်းရန်လိုအပ်ပါသည်။

No comments: