Sunday, July 7, 2013
လုပ်ငန်းခွင် အနိုင်ကျင့်ခံရမှု
လုပ်ငန်းခွင် အနိုင်ကျင့်ခံရမှု (Workplace Bullying) သည် ကမ္ဘာပေါ်တွင်ရှိသည့် နိုင်ငံတိုင်းတွင် တွေ့ကြုံရတတ်သည့် ပြဿနာတစ်ရပ် ဖြစ်ပါသည်။ အထူးသဖြင့် လူ့အခွင့်အရေး ရပိုင်ခွင့်များ ကောင်းမွန်စွာ မရရှိသေးသည့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပိုပြီးအတွေ့ရများသည့် ပြဿနာတစ်ခု ဖြစ်ပါသည်။ ကုန်ထုတ်လုပ်မှုကို အကြီးအကျယ် ကျဆင်းစေနိုင်ပြီး အနိုင်ကျင့် ခံရသည့် သူတွေမှာလည်း စိတ်ပိုင်းဆိုင်ရာ ပြဿနာမျိုးတွေ ဖြစ်ပေါ်လာနိုင်ပါသည်။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကြောင့် အလုပ်တွင် မပျော်မွေ့မှုများ ဖြစ်ပေါ်လာပြီး နောက်ဆုံးတွင် ကိုယ်ရည်ကိုယ်သွေး ကျဆင်းသည်အထိ ဖြစ်ပေါ်လာနိုင်သော အကောင်အထည်ပြရ ခက်ခဲသည့် ပြဿနာတစ်ရပ် ဖြစ်ပါသည်။
လုပ်ငန်းခွင် အနိုင်ကျင့်ခံရမှုနှင့် ပတ်သက်၍ အဓိပ္ပာယ် အမျိုးမျိုး ဖွင့်ဆိုမှု ရှိသော်လည်း အဓိကအားဖြင့် လုပ်ပိုင်ခွင့်ကို အသုံးချ၍ လုပ်သားအပေါ် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်အောင် ပြုလုပ်ခြင်း ဖြစ်ပါသည်။ ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် အများဆုံး ဖြစ်ပွားလေ့ရှိသည့် အတွက် မြန်မာနိုင်ငံတွင်လည်း လုပ်ငန်းခွင် အနိုင်ကျင့်ခံရမှုများ နယ်ပယ်စုံမှာ ဖြစ်ပေါ်လျက် ရှိပါသည်။ အထူးသဖြင့် အထက်အောက် ကြောက်ရွံ့ရသည့် နယ်ပယ်များတွင် အများဆုံး ဖြစ်ပွားလေ့ ရှိကြပါသည်။ ထိုသို့ ဖြစ်ပွားရခြင်းမှာ ပုဂ္ဂိုလ်ရေးနှင့် အလုပ်ကို တိတိပပ ပိုင်းခြားထားနိုင်ခြင်း မရှိခြင်းကြောင့် အဓိက ဖြစ်ပွားရခြင်းဖြစ်ပြီး အလုပ်သမားများ တစ်နည်းအားဖြင့် လက်အောက် ငယ်သားများ၏ အခြေခံ ရပိုင်ခွင့်များကို အကာအကွယ် ပေးထားမှု မရှိခြင်းကြောင့်လည်း ဖြစ်ပါသည်။
လုပ်ငန်းခွင် အနိုင်ကျင့်ခံရမှုသည် တိတိပပ ပြဆိုရန် ခက်ခဲသည့် အတွက်လည်း ဖြေရှင်းရခက်သည့် ပြဿနာ တစ်ရပ်အဖြစ် တည်ရှိနေခြင်း ဖြစ်သည်။ ဥပမာအားဖြင့် အထက်အရာရှိသည် လက်အောက်ငယ်သားအား ၎င်း၏ တာဝန်ဝတ္တရားထက် ပိုသည့် ပုဂ္ဂိုလ်ရေး ခိုင်းစေမှုများသည် လုပ်ငန်းခွင် အနိုင်ကျင့်ခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံ ကဲ့သို့သော အထက်လူကြီးနှင့်လက်အောက်ငယ်သား ကြောက်ရွံ့ရသည့်ဓလေ့ရှိသည့် နိုင်ငံတွင်တော့ ထိုပြဿနာသည် ပိုမိုဆိုးရွားလျက် ရှိပါသည်။ အထူးသဖြင့် အထက်အရာရှိများက ထိုကဲ့သို့ လုပ်ငန်းခွင် အနိုင်ကျင့်မှုများကို မတရားမှု တစ်ခုအဖြစ် မရှုမြင်တော့ဘဲ ၎င်းတို့၏ ရပိုင်ခွင့် တစ်ခုအဖြစ် ရှုမြင်လာခြင်းကြောင့် ဖြစ်ပါသည်။ ထို့အတွက် ဆိုးကျိုးအနေဖြင့် လက်အောက်ငယ်သားများ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေနိုင်ပြီး ကုန်ထုတ်လုပ်မှု စွမ်းအားကို ကျဆင်းစေနိုင်ပါသည်။ လက်အောက်ငယ်သား အနေဖြင့် အထက်လူကြီးနှင့် အပြန်အလှန် ပြောဆိုမှုများ ဆုံးရှုံးသွားပြီး အထက်မှအောက်သို့ One Way စနစ်သို့ရောက်ရှိကာ ကိုယ်ရည်ကိုယ်သွေးများ ကျဆင်းစေနိုင်ပါသည်။ အပြန်အလှန် ပြောဆိုဝေဖန်မှု မရှိလျှင် လုပ်ငန်းတစ်ခု၏ ဖွံ့ဖြိုးမှုသည် ရပ်တန့်သွားရပါသည်။
လုပ်ငန်းခွင် အနိုင်ကျင့်ခံရမှုသည် အကောင်အထည် ပြဆိုရန် ခက်ခဲသော်လည်း မြန်မာနိုင်ငံ၏ နယ်ပယ်အသီးသီး လုပ်ငန်းခွင်ကိုအကြီးအကျယ် ရိုက်ခတ်နေသည့် ပြဿနာတစ်ရပ် ဖြစ်ပါသည်။ ထိုပြဿနာကို ဖြေရှင်းရန်အတွက် အထက်အရာရှိများ၏ပုဂ္ဂိုလ်ရေးနှင့် လုပ်ငန်းကို ခွဲခြားသိမြင်နိုင်မှု တစ်နည်းအားဖြင့် Professional ပီသမှုနှင့် လက်အောက်ငယ်သားများ၏ ရပိုင်ခွင့် အခွင့်အရေးများကို အကာအကွယ် ပေးမှုသည် အရေးပါသော အရာများဖြစ်ကြောင်းThe Daily Eleven သတင်းစာမှ ယူဆရေးသား အပ်ပါသည်။
ဇူလိုင်လ ၆ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်
No comments:
Post a Comment