Wednesday, April 17, 2013

ကမ္ဘာ တကယ်ပြားခဲ့ရင်. . .

ကမ္ဘာ တကယ်ပြားခဲ့ရင်. . .

ဒီ ၂၁ ရာစု ကို သတင်းဆက်သွယ်ရေးနည်းပညာခေတ် လို့ တင်စားခေါ်ကြပါတယ်။ ဒီ့မတိုင်မီ က ၂၀ ရာစု မှာ သတင်းပြန်ကြားရေး ဆိုတာ အစိုးရတွေ၊ အာဏာပိုင်တွေကသာ ချုပ်ထိန်းရာ ဖြန့်ချိရာဌာနတွေ
သက်သက်ဖြစ်ခဲ့ပါတယ်။
အဲဒီ သတင်းအချက်အလက်တွေကို လိုသလို ၀ါဒဖြန့်ချိပြီး ပြည်သူလူထု ကို ကမ္ဘာ့အာဏာပိုင်အသီးသီး တို့ဟာ ထိန်းချုပ်ထားခဲ့ကြပါသတဲ့။

ဥပမာ တိုင်းပြည်ကြီး ချောက်ထဲကြမည့် လက်တလုံး အလို မှာ ကယ်တင်ခဲ့သော . . တို့၊
ပြည်တွင်း၊ ပြည်ပ အဖျက်သမားများရန်မှ ကာကွယ်ပေးနေသော တို့ ပေါ့။

အဲဒီလို ၀ါဒဖြန့်ချိချင်တိုင်း ဖြန့်ချိပြီး၊ ပြည်သူကို အကြောက်တရားတွေ အမျိုးမျိုးနဲ့ ထိန်းချုပ်လာခဲ့တဲ့
အစိုးရအသီးသီးဟာ အင်တာနက်ကမ္ဘာ့ဆက်သွယ်ရေးလမ်းကြောင်းကြီးလည်း ပွင့်သွားရော၊
မီဒီယာ ဆိုတဲ့ သတင်းပြန်ကြားရေး ဆိုတာ သာမန်ပြည်သူတွေက လက်ထဲက ဆဲလ်ဖုန်းကလေးနဲ့ ချက်ခြင်း ရိုက်၊ ချက်ခြင်းတင်၊ ချက်ခြင်း လူသန်းချီ ကြည့်လို့ရတဲ့ အခြေအနေ ကို ရောက်သွားပါတယ်။
အရင်တုန်းက တခမ်းတနားနဲ့ နေခဲ့ကြတဲ့ ပြန်ကြားရေး ဆိုတဲ့ ဌာနကြီးတွေဟာ ကျီးနဲ့ဖုတ်ဖုတ်သြဇာ
တွေ ကျဆင်း ကုန်ပါတော့သတဲ့။

ဒီလို အခြေအနေတွေဖြစ်အောင် အနောက်နိုင်ငံတွေက တမင်လုပ်တာ၊ ကျုပ်တို့ တိုင်းပြည်တွေရဲ့ အချုပ်အခြာအာဏာကို ၀င်ရောက်စွက်ဖက်တာ လို့ မလေးရှားက ၀န်ကြီးချုပ်ဟောင်း မဟာသီယာ က ဒေါသတကြီးနဲ့ အနောက်အုပ်စု ကို တုန့်ပြန်တိုက်ခိုက်ခဲ့ဖူးပါသတဲ့။

ဒီတော့ အမေရိကားက ပြန်ကြားရေးဌာနက ၀န်ကြီးကလည်း မဟာသီယာရေ၊ မင်းတယောက်ထဲ မဟုတ်ပါဘူး၊ ငါတို့ကိုလည်း ငါတို့ဆီက လူတွေက အဖက်လေးတောင် မလုပ်ကြတော့ပါဘူးလို့ တုန့်
ပြန်ပြောဆိုပါသတဲ့. . .၊ (သောမတ်စ်ဖရိုဒ်မင်း ရဲ့ လက်ဇပ်စ် နဲ့ သံလွင်ပင် ကို ညွှန်းပါတယ်)။

ဒီလို သတင်းအချက်အလက်တွေဟာ တချိန်က လက်နက်ကိုင်သောင်းကျမ်းသူ ဆိုပြီး ၀ါဒ ဖြန့်၊ တိုင်းပြည်အန္တရာယ်ကို ကာကွယ်နေသော လို့ ၀ါဒဖြန့်၊ နေရာကနေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ လို့ မြင်လာ၊
နိုင်ငံရေးနည်းနဲ့ ဖြေရှင်းခွင့်မ ရလို့ လက်နက်ကိုင်လမ်းစဉ်ကို လိုက်နေရတာလို့ မြင်လာ၊

ဒီလက်နက်ကိုင်စစ်ပွဲတွေကြောင့် လူတွေ သေကြေပျက်စီး၊ စီးပွားရေးတွေ ထိခိုက်ရတာ လို့မြင်လာ၊
ဒီလို စစ်ပွဲတွေ တမင်ဖန်တီးနေတာဟာ လူတစု က သူတို့အကျိုးစီးပွားအတွက် လုပ်နေတာ လို့ သိလာ
စေတာ ပြည်သူတွေလက်ထဲက သတင်းလက်နက်တွေကို အသုံးချ လာနိုင်လို့ပါ။

နိုင်ငံရေး အမြင်ဟာလည်း သတင်းအချက်အလက်ပြည့်စုံမှုပေါ်မှာ အများကြီးပြောင်းလဲ စေပါတယ်။

ကိုယ့်တိုင်းပြည်ထဲက ဘယ်မှ မထွက်ဘဲနေပြီး မြင်တဲ့အမြင်နဲ့ နိုင်ငံတကာကို ခြေဆန့်၊ ခြေဆန့်တယ် ဆိုတာ ကော်ဇောခင်းတဲ့ ပွဲတွေကို ကြော့ကြော့ကလေး သွားဖူးတာမျိုးထက်၊ အဲဒီဒေသအသီးသီး က ပြည်သူတွေအသီးသီးကြားမှာ သွားလာနေထိုင်ပေါင်းသင်းရင်း ရလာတဲ့အမြင်တွေက ကွာပါလိမ့်မယ်။

ကျနော်တို့ မျက်စိထဲမှာတော့ ရွှေတိဂုံ ဆိုတာ ကြည်ဖိုရာ အတိပြီးတဲ့ ရွှေသားအတိ ဘုရားကြီးပေါ့။
ဒါပေမယ့် ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ တိုးရစ်စ် တယောက်ရဲ့ အမြင်မှာ ဘယ်လိုဖြစ်နေမလဲ ဆိုတာ
စဉ်းစားကြည့် ဖို့ လိုပါတယ်။

ဆံတော်လှည့်လည် ပူဇော်ပွဲ၊ အင်းလေး ဖေါင်တော်ဦးဘုရားတွေ ဖေါင်စကြ်ာနဲ့ အပူဇော်ခံပွဲတွေ ဟာ ခြိမ့်ခြိမ့်သဲသဲနဲ့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့တော့် ကြည်ညိုစရာ မဆုံး ဖြစ်ရတာပေါ့။

မဟာမြတ်မုနိဘုရားကြီး မျက်နှာသစ်တော်ရေကပ်တာကို တကူးတကဖူးပြီး သဒ္ဓါစိတ်တွေ တက်ရတာပေါ့။

ဒါပေမယ့် ဒါတွေကို ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ ဘာသာခြား တိုးရစ်တွေက ဘယ်လို မြင်မလဲ လို့ ကျနော်တို့ ခံစားကြည့်ဖို့ နိုင်ငံတကာ ကို ထွက်ကြည့်ကြစေ့ချင်ပါတယ်။

အိန္ဒိယ က ဆစ်ခ်တို့ရဲ့ ရွှေကျောင်းတော်ကြီးဟာ ရွှေတိဂုံ လို ရွှေသားအတိ ပြီးတဲ့ ရွှေကျောင်းကြီး ဗျာ။
နေ့စဉ် ရွှေသားကျမ်းစာအုပ်ကြီးကို ထုတ်လို့ ပူဇော် ပါတယ်။
ဆစ်ခ် ဘာသာဝင်တွေဟာ ကမ္ဘာအနှံ့ကနေ အဲဒီရွှေကျမ်းတော်ကြီး ကို ပူဇော်ခွင့်ရဖို့ တကူးတက ကို လာကြပါတယ်။ ဖူးကြပါတယ်။ ဖူးခွင့်ရလိုက်ရင် ဒီတသက် လူဖြစ်ရကျိုးနပ်သွားပြီလို့ နက်ရှိုင်းစွာ ယုံကြည်ကြပါတယ်။
ရွှေစင်စစ်နဲ့ ပြုလုပ်ထားတဲ့ သူတို့ရဲ့ ဘာသာရေး အထွတ်အမြတ်ပူဇော်ရာကို ဆစ်ခ်ဘာသာဝင်တွေဟာ
ကျိတ်ကျိတ်တိုး လာဖူးမျှော်ကြမဆုံးပါ။
နိုင်ငံတကာ က ဧည့်သည်တွေက ပါးစပ်အဟောင်းသားနဲ့ လာကြည့်ကြပါရဲ့။

အဲဒီဘာသာရဲ့ အတိမ်အနက် ကို အဲဒီဘာသာဝင်တွေသာ သိကြပါလိမ့်မယ်။
ကျနော်တို့ကတော့ ရှေးဟောင်းအမွေအနှစ်တခု၊ လူသိန်းပေါင်းများစွာတို့ရဲ့ ယုံကြည်မှု တခု အနေနဲ့သာလေးစားသမှု ထားရုံမဟုတ်လား။

ဒီလိုပဲ နယူးမက္ကဆီကို မှာ အင်မတန်မှ မြင့်မြတ်တဲ့ မြေ Holy Land ရှိရာ ချာ့ခ်ျ တခု ကို ရောက်ခဲ့ရသေး။
ရောဂါဘယတွေ အကုန် ယူပစ်သလို ကုစားနိုင်ပါသတဲ့။

ဘာသာအသီးသီး ရဲ့ နက်ရှိုင်းမှုတွေဟာ ဘာသာတိုင်းမှာ ရှိပါတယ်။ ဘာသာတိုင်းဟာ သာမန်အသိဉာဏ်နဲ့ ဆုံးဖြတ်ဖို့ ခက်ခဲတဲ့အရာတွေ လို့ မြင်ပြီး၊ အပြန်အလှန်လေးစားမှုလေး ထား၊ စာနာစိတ်ကလေးနဲ့ နှိုင်းယှဉ်ချိန်ဆ ကြည့်မယ် ဆိုရင်. . .၊

ဒီနှစ် နယူးရီးယားမှာ နယူးယောက်ခ် တိုင်းမ်စကွဲယား က အဆိုတော်တယောက်က ဂျွန်လင်နွန် ရဲ့ အင်မေးဂျင်းကို သီဆိုတဲ့အခါ၊ စာသားလေး ပြင်ဆို သွားပါတယ်။
မူရင်း ဂျွန်လင်နွန် က ဘာသာတရားတွေ မလိုအပ်ဘူး No religion လို့ ဆိုခဲ့တာကို၊ ဘာသာတရားအားလုံး All religion လို့ ပြောင်းဆိုခဲ့တာပါ။

ဘာသာတရားတိုင်းဟာ လောက ကို ကောင်းကျိုးပြုနိုင်လို့သာ တည်တံ့နေကြတာပါ။

အနည်းဆုံး ဂူဂဲလ်နဲ့ ကမ္ဘာပတ်ကြည့်ကြစေချင်တယ်။
အနည်းဆုံး ဒစ္စကာဗာရီ နဲ့ ကမ္ဘာ့အနှံ့ က စတိုရီတွေ၊ ဒေသန္တရ ဗဟုသုတတွေကို ကြည့်ပြီး၊ ချိန်ဆ ကြည့်ကြစေချင်တယ်။

ဘော့စနီးယားစစ်ပွဲတွေ မှာ မီဒီယာ လုပ်ကြံခံလိုက်ရတဲ့ သားကောင်တွေဟာ ဘယ်သူလဲ၊
ဂါဇာ ကမ်းမြောင်ဒေသ မှာ တကယ် မတရားမှု ကို ရင်ဆိုင်နေရတာ ဘာလူမျိုး၊ ဘယ်ဘာသာဝင်တွေလဲ၊
စသဖြင့်သေချာ လေ့လာကြဖို့လိုပါတယ်။

ခုချိန်ထိ ဘော့စနီးယားက လူရာပေါင်းများစွာ ကို သတ်ဖြတ်ခဲ့၊ မိန်းမရာပေါင်း ထောင်ပေါင်းများစွာကို
မုဒိန်းကျင့်ခဲ့တဲ့ ဘာသာရေးအစွန်းရောက်ခေါင်းဆောင်တချို့ လွတ်နေဆဲပါ။

အိုစမာဘင်လာဒင် ကို ကြက်ကလေး ငှက်ကလေး လို ဖမ်းဆီးသတ်ဖြတ်နှိမ်နှင်းခဲ့တဲ့ စီအိုင်အေ နဲ့ အမေရိကန်တပ်ဖွဲ့တွေဟာ ဘော့စနီးယားစစ်ရာဇ၀တ်ကောင်တွေ ကို ခုထိ မဖမ်းမိနိုင်သေးပါဘူးတဲ့။

The hunting party ဆိုတဲ့ ဇာတ်ကားထဲမှာ ဘော့စနီးယားသတင်းကို အမှန်အတိုင်း ကြေညာမိလို့ အလုပ်ပြုတ် ဘ၀ပျက်ခဲ့ရတဲ့ ဟန့် ဆိုတဲ့ သတင်းထောက်ကြီးအဖြစ် ရစ်ချတ်ဂီယာ က သရုပ်ဆောင်ထားလေရဲ့။ ကြည့်ကြည့်ပါဦး။

အစွန်းရောက် အစ္စလန်မစ် စစ်သွေးကြွ တွေကို ခင်ဗျား မုန်းလို့လည်းရ၊ ဆန့်ကျင်လို့လည်း ရတယ်။
ဒါပေမယ့် အစ္စလန်မစ် အစွန်းရောက်တွေကြောင့်၊ ဘော့စနီးယားမှာ သတ်ဖြတ်၊ မုဒိန်းကျင့်ခံခဲ့ရတဲ့ အပြစ်မဲ့ မွတ်စလင်တွေကို လုပ်သင့်တယ် လို့ ပြောလို့မရဘူး။

ဒီလိုပဲ ဂါဇာမှာ အစ္စရေး ဘာလုပ်လုပ် တရားတယ် လို့ မျက်စိမှိတ်အော်လို့မရဘူး။

မတူညီတာတွေကို လက်ခံနိုင်ဖို့
မတရားတာတွေကို ဆန့်ကျင်ဖို့
ခင်ဗျားလက်ထဲမှာ ရှိတဲ့ ဆဲလ်ဖုန်း ဟာ
ထိရောက် ထက်မြက်တဲ့
လက်နက်တခု ဖြစ်တယ် ဆိုတာ မမေ့ပါနဲ့။

သတင်းအချက်အလက်တွေကို သိလာလေလေ
အမှန်တရားကို ချစ်မြတ်နိုးလာလေ
မတရားမှု ကို ဆန့်ကျင်လာလေ

ကမ္ဘာအနှံ့မှာ လူတစုက
လူထု ကို ကိုယ်စားပြုတဲ့
ခေတ်သစ် တခု ဆီ ဦးတည် လို့ နေကြပြီ။

လာလေ
လိုက်ခဲ့ကြပါ။

အင်တာနက်ထဲက ကမ္ဘာ ကတော့ ပြားလို့နေပြီ။

ချိုတူးဇော်

No comments: