Saturday, February 16, 2013

ဇိနမာန်အောင် ကြေးဘုရားကြီးပွဲတော်၏ ထူခြားသော ဘဲဥထုပွဲ


by : Lu Zein

ဇိနမာန်အောင် ကြေးဘုရားကြီးပွဲတော်၏ ထူခြားသော ဘဲဥထုပွဲ

စစ်ကိုင်းမြို့တွင် ကြေးဘုရား
ကြီးနှစ်ဆူရှိရာ တစ်ဆူမှာ စစ်ကိုင်း
တောင်တန်း နံကိုင်းတောင်ရှင်ပင်
နံကိုင်းစေတီတော် ရင်ပြင်ပေါ်ရှိ
အနန္တဇိနရန်အောင်မြင် ကြေးသွန်း
ဘုရားကြီးဖြစ်၍ တစ်ဆူမှာ စစ်
ကိုင်းမြို့ အနောက်ပိုင်း ဧမြ၀တီ
ရပ်ရှိ ဇိနမာန်အောင် လောက
ချမ်းသာကြေးဘုရားကြီး ဖြစ်သည်။
ဇိနမာန်အောင် လောက
ချမ်းသာ ကြေးဘုရားကြီးကို မင်း
ကျောင်းဆရာတော်ကြီး ဦးသီရိက
၁၂၆၆ ခုနှစ်တွင် သွန်းလုပ်တည်
ထားခဲ့သည်။ အဆိုပါ ကြေးဘုရား
ကြီးကို ကြေးချိန်ပိဿာ ၇၀၀၊
ငွေချိန် သုံးပိဿာနှင့် ရွှေချိန် ၃၀
ကျပ်သားဖြင့် သွန်းလုပ်ထားသည်။
ကြေးသွန်း ဘုရားကြီးသည်
လွန်စွာမှ သပ္ပာယ်လှပြီး မျက်နှာ
တော်မှာ ရှေ့တည့်တည့်မှ ဖူးလျှင်
တစ်မျိုး၊ လက်ဝဲဒူးစွန်းနေရာမှ
ဖူးလျှင် တစ်မျိုး၊ လက်ယာဒူးစွန်း
နေရာမှဖူးလျှင်တစ်မျိုး ဖူးတွေ့
ကြရသဖြင့် သုံးပန်လှဘုရားကြီး
ဟူ၍လည်း ခေါ်တွင်ကြသည်။
ကြေးဘုရားကြီး၏ ဗုဒ္ဓပူဇနိယ
ပွဲတော်ကို တပို့တွဲလဆန်း ၁၄ ရက်
နေ့မှ တပို့တွဲလပြည့်ကျော် ၁ ရက်
နေ့အထိ ကျင်းပလေ့ရှိသည်။
ဘုရားပွဲတော်တွင် ဇာတ်ပွဲ၊ ခြင်းပွဲ၊
ချောတိုင်တက်ပွဲနှင့် ဘဲဥထုပွဲများ
ပါဝင်ရာ အထူးခြားဆုံးမှာ ဘဲဥထု
ပွဲဖြစ်သည်။ ဘဲဥထုပွဲကို ရှေးက
တည်းက ကျင်းပခဲ့ခြင်းဖြစ်ပြီး
မြန်မာနိုင်ငံတွင် တစ်ခုတည်းသော
ပွဲဟုဆိုသည်။ တပို့တွဲလဆန်း ၁၄
ရက်နေ့ညနှင့် တပို့တွဲလပြည့်နေ့ ည
နှစ်ညတိုင်တိုင် ကြေးဘုရားကြီး
အနီးရှိ ပဲနင်းဘုရားရင်ပြင်တွင် ဘဲဥ
ထုပွဲ ကျင်းပခြင်းဖြစ်သည်။
ထိုသို့ ညနေစောင်းသည်နှင့်
ဘုရားအနီးပတ်ဝန်းကျင်ရှိ ကျေး
ရွာများမှ ဘဲဥသည် ၂၀ ကျော်
လာရောက်ရောင်းချကြသည့် ဘဲဥ
များကိုပြုတ်၍ ထန်းခေါက်
တောင်းများနှင့်ထည့်ကာ လာ
ရောက်ရောင်းချကြခြင်းဖြစ်သည်။
ဘဲဥသည်သည် တစ်ညလျှင် အလုံး
၅၀၀ ကျော် ၁၀၀၀ နီးပါး ရောင်းရ
သည်။ ဘဲဥထုပွဲတွင် ရောင်းချမည့်
ဘဲဥများကို ဘဲဥဒိုင်များ၊ ဘဲခြံများက
ရောင်းချကြခြင်းဖြစ်သည်။
ဘဲဥသည်သည် ထန်းခေါက်
တောင်းပေါ်တွင် ဆန်ကော တစ်
ချပ် တင်ထားပြီး ထိုဆန်ကောပေါ်
တွင် ရေနံဆီမီးခွက် သို့မဟုတ်
ဖယောင်းတိုင်မီး ထွန်းထားသည်။
ဘဲဥထုမည့်သူ ရှုံးနိမ့်သော ဘဲဥ
အလုံးရေမှတ်ရန် နို့ဆီခွက်နှစ်ခွက်
လည်း ထားရှိသည်။ နို့ဆီခွက်ထဲသို့
အိုးခြမ်းပဲ့ကလေးများ၊ မန်ကျည်းစေ့
ကလေးများထည့်၍ အလုံးရေ မှတ်
သားထားသည်။
ထုမည့်သူ နှစ်ယောက်အတွက်
ဒိုင်အဖြစ်ဆောင်ရွက်သူ ဘဲဥသည်
က ထန်းခေါက်တောင်းထဲမှ ဘဲဥ
နှစ်လုံးကို ဆန်ကောပေါ်တွင် ချပေး
လိုက်သည်။ ထုမည့်သူနှစ်ယောက်က
တစ်ယောက်တစ်လုံးစီ ကောက်
ယူပြီးဘဲဥတွင် အနာအဆာရှိ မရှိ၊
အက်ကြောင်းပါ မပါကို မှိုင်းခံကြည့်
သည်။ လက်ဖြင့်ပွတ်သပ်ကြည့်သည်။
သွားဖြင့်ဆတ်ကြည့်သည်။ စိတ်
ကြိုက်မဖြစ်သေးလျှင် နောက်တစ်လုံး
နှင့်လဲလှယ်နိုင်သည်။ အသေအချာ
စစ်ဆေးကြည့်ရှုပြီး စိတ်တိုင်းကျ
ပြီဆိုလျှင် ဘဲဥအရင် ကောက်ယူ
သည့်တစ်ယောက်က အပေါ်ကထု
သည်။ အောက်ကခံသူသည် ဘဲဥကို
လက်နှင့်ဆုပ်ကိုင်ပြီး အပေါ်ပိုင်း
(အထုခံမည့်အပိုင်း) ပေါ်သည်ဆိုရုံမျှ
ဖော်ထားသည်။ အပေါ်ကထုသည့်
သူက တော်ရုံသင့်ရုံအားနှင့် ထုချလိုက်
သည့်အခါ အပေါ်အလုံးကွဲသည်
လည်းရှိသည်။ အောက်အလုံးကွဲသည်
လည်းရှိသည်။ ကွဲအက်ပိန်ရှုံ့ကြေမွ
သွားသော ဘဲဥကိုပိုင်ဆိုင်သူက အရှုံး
ဖြစ်သည်။ ထိုအခါ ဒိုင်လုပ်သူက ရှုံးသူ
ဘက်တွင် ထားရှိသော နို့ဆီခွက်ထဲသို့
မန်ကျည်းစေ့တစ်စေ့ ထည့်လိုက်သည်။
နိုင်သူက ရှုံးသူ၏ ကွဲအက်သွားသော
ဘဲဥကိုရသည်။ ဒိုင်လုပ်သူက နိုင်သူ
၏ဘဲဥ အကောင်းကိုယူသည်။
နောက်တစ်ပွဲတွင် ဒိုင်ချပေး
သော ဘဲဥနှစ်လုံးကို ပထမပွဲနောက်
ကျမှကောက်ယူသူက ယခုအရင်
ကောက်သည်။ ကောက်သည့်သူက
အောက်ကနေရ၍ အထုခံရသည်။
ဤသို့ဖြင့် တစ်လှည့်စီအရင်
ကောက်ယူပြီး တစ်လှည့်စီထုသည်။
ထုရာ၌ ဘဲဥ၏အထက်နှင့်အောက်၊
အောက်နှင့်အထက်၊ အထက်
အထက်ချင်း၊ အောက်အောက်ချင်း
အဆင်ပြေသလိုထုကြသည်။ တစ်
ပွဲပြီးတိုင်း နိုင်သူကဘဲဥအကွဲတစ်လုံး
ရသည်။ ရှုံးသူကလည်း မန်ကျည်း
စေ့တစ်စေ့ထည့်၍ အလုံးရေသတ်
မှတ်ခံရသည်။ နှစ်လုံးစလုံးကွဲအက်
သွားလျှင် အပေါ်မှထုသူက အရှုံး
ဖြစ်သည်။ မည်သူနိုင်မည်ကိုလည်း
လောင်းကြသူများရှိသည်။ ဆက်
လက်၍မထုတော့ဘဲ တော်ပြီဆိုလျှင်
တစ်ဖက်ဆီမှ နို့ဆီခွက်များထဲရှိ မန်
ကျည်းစေ့ အရေအတွက်အလိုက်
ဘဲဥတစ်လုံး ငွေကျပ် ၁၅၀ နှုန်းဖြင့်
ဘဲဥသည်အား စုရှင်းပေးရသည်။
နိုင်သူကလည်း ဘဲဥအကွဲအများ
အပြားရသည်။ အချို့က လွယ်
အိတ်နှင့် လာရောက်ကြရာ လွယ်
အိတ်နှင့်အပြည့်ရကြသည်။ ဒိုင်ကို
ပြန်ရောင်းသူက ရောင်းသည်။
ပွဲခင်းထဲရှိ မုန့်ဟင်းခါးသည်ထံ သွား
ပြီး မုန့်ဟင်းခါးထဲ ဘဲဥများထည့်စား
ကြသည်။ အိမ်သို့ယူသွားကြပြီး
ဟင်းချက်စားသူက ချက်စားကြ
သည်။ ဘဲဥထုသူများမှာ ကလေး၊
လူကြီးအရွယ်စုံဖြစ်သည်။ ဘဲဥ
သည်များထံမှ ဘဲဥများမကုန်မချင်း
ဇာတ်ပွဲနှင့်အပြိုင်မိုးလင်းသည်အထိ
ကြိတ်ကြိတ်တိုး ထုကြသည့် ရပ်ရွာ
ဓလေ့ဖြစ်သည်။ သတင်း-ထွေးမြင့်နိုင်
Inline image 1

-- 

No comments: