Sunday, December 16, 2012

အားကစားနှင့်အရက် မနီးစပ်စေချင်


အားကစားနှင့်အရက် မနီးစပ်စေချင်

Photo
7Day News Journal
ဇေထွဋ်
၂၀၁၃ ခုနှစ်တွင် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများကို မိမိတို့မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သည်။ အောင်နိုင်ရေး သီချင်းသံများကိုလည်း နားဆင်နေရပြီဖြစ်သည်။ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရ၍ ပရိသတ်၏အားကို အပြည့်အ၀ရမည်မှာ သေချာပေသည်။ မိမိတို့ပရိသတ်ကလည်း အစွမ်းကုန်အားပေးကြပေမည်။ အစွမ်းကုန်ဆိုရာတွင် စည်းဘောင်အတွင်းမှ အစွမ်းကုန်ဖြစ်စေချင်ပါသည်။
မိမိနိုင်ငံ မိမိလူမျိုး၏ ဂုဏ်သိက္ခာကိုထိန်း၍ အားကစားစိတ်ဓာတ်ကို အခြေခံကာ အားပေးဖို့လိုပေလိမ့်မည်။
အားကစားပြိုင်ပွဲများကျင်းပရန် ကာလအတန်ကြာလိုသေးသော ယခုကာလကပင် မိမိအနေဖြင့် မိမိတို့နိုင်ငံပရိသတ်များကို အသိပေးစကားဆိုလိုခြင်းမှာ မိမိနိုင်ငံ ဘောလုံးပရိသတ်များ၏ အစွမ်းအစကို ပြည်တွင်း၌ ကျင်းပသည့် နိုင်ငံတကာပွဲ၊ ပြည်တွင်းအမှတ်ပေးပွဲနှင့် မြို့နယ်အဆင့် ဘောလုံးပြိုင်ပွဲများတွင် ကြုံတွေ့ဖူးပြီးသောကြောင့် ဖြစ်ပါသည်။
ပြည်တွင်း၌ကျင်းပသည့် နိုင်ငံတကာပွဲတွင် မိမိတို့ပရိသတ်များ၏ အားပေးကြမ်းမှုကြောင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်မှ ပြစ်ဒဏ်ချမှတ်မှု ခံခဲ့ရဖူးသည်။ ပြည်တွင်းအမှတ်ပေးပြိုင်ပွဲများတွင် အိမ်ရှင်အသင်းပရိသတ်နှင့် အဝေးကွင်းပရိသတ်များ ရုန်းရင်းဆန်ခတ်ဖြစ်မှုများက ဘောလုံးကွင်းအတွင်းသာမဟုတ်ဘဲ အဝေးကွင်းပရိသတ် အပြန်လမ်းကြောင်းအထိ ပါသွားခဲ့သည်။ မြို့နယ်တွင်း ဘောလုံးပြိုင်ပွဲများတွင် ရပ်ကွက်ချင်း၊ ကျေးရွာချင်း ရန်ပွဲများဖြစ်ဖူးသည်။
အဆိုပါဘောလုံးပွဲများတွင် ဖြစ်ပေါ်ခဲ့သည့် ပြဿနာများ၏ အခြေခံအချက်များတွင် ဘောလုံးပွဲကြည့် ပရိသတ်အချို့မှာ အရက်သေစာ သောက်စားလာကြခြင်းကလည်း တစ်ချက်အပါအ၀င်ဖြစ်သည်ဟု သိရှိရပေသည်။ နိုင်ငံတကာအဆင့် ဘောလုံးပြိုင်ပွဲများတွင်ပင် ဒိုင်လူကြီးများ၏ ၀ိဝါဒကွဲပြားသော ဆုံးဖြတ်ချက်များကို တွေ့မြင်ရကြောင်း ပွဲပြီးသုံးသပ်ချက်များက ပြဆိုနေတတ်သည်။
ဒိုင်လူကြီးများတွင်လည်း ပွဲကြီးကြပ်ရာ၌ အတိမ်းအစောင်း အနည်းငယ်ရှိနိုင်ပေသည်။ ထိုသို့သောကာလတွင် မိမိတို့လိုလားချက်နှင့်  မတိုက်ဆိုင်သော ပရိသတ်များက အားပေးမှုကြမ်းခဲ့ကြသည်။ ထိုအချိန်တွင် အရက်သေစာ သောက်စားထားခြင်းက ၎င်းတို့၏စိတ်ကို ဒီဂရီမြှင့်ပေးသည်။ ပြဿနာဖြစ်ပေါ်သော ဘောလုံးပွဲများသည် ထိုနည်းအတိုင်းပါဟု အလုံးစုံမဆိုနိုင်သော်ငြား များသောအားဖြင့် ဆိုနိုင်ပါသည်။
ပြည်တွင်းရုပ်သံလိုင်းတစ်ခုမှ ထုတ်လွှင့်သော ကြော်ငြာတစ်ခုတွင် ပြကွက်လေးနှစ်ကွက်ပြသည်။ တစ်ကွက်တွင် ဘောလုံးပွဲပြကွက်လေးဖြစ်ပြီး ဒိုင်လူကြီးက ပြစ်ဒဏ်ဘောပေးရာတွင် တစ်ဖက်အသင်းသားများက ဒိုင်လူကြီးအား ခက်ထန်သော အမူအရာများနှင့် အုပ်စုလိုက် စောဒကတက်ကြသည်။ နောက်တစ်ကွက်တွင် ဘောလုံးပွဲပြီးပြင်ပ၌ နှစ်ဖက်အသင်းသားများ နေရာတစ်ခုတွင် တွေ့ဆုံမှုပုံစံပြရာ၌ အနိုင်ရအသင်းသားနှစ်ဦး ထိုင်နေသော စားပွဲသို့ တစ်ဖက်အသင်းသားနှစ်ဦး ရန်လိုစွာရောက်လာပုံပြပြီး ၎င်းအားကစားသမားအားလုံး အရည်တစ်ခုကို ဖန်ခွက်ကိုယ်စီ သောက်ကြရင်းဖြင့် ပျော်ရွှင်သွားကြပုံ ပြထားသည်။ ၎င်းတို့သောက်သောအရည်ကို ဘာရယ်ဟုတော့ ပြောမထား။ အရက်တံဆိပ်တစ်ခုကိုတော့ ပြသထားသည်။
ဘောလုံးပွဲတွင်း အားကစားသမားအချင်းချင်း ရုန်းရင်းဆန်ခတ်ပုံစံ၊ ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက်ကို မကျေနပ်၍ လွန်ကျူးစွာ စောဒကတက်မှုများသည် ၎င်းတို့ကိုအားပေးသော ပွဲကြည့်ပရိသတ်များအား လှုံ့ဆော်ရာရောက်ကြောင်း သိစေလိုပါသည်။
ဘောလုံးအားကစားသမားများသည် အခြားသော အားကစားသမားများထက် ပြည်သူက ပိုပြီးအားပေးခံရ၊ အတုခိုးခံရပါသည်။ ဘောလုံးသမားများ အရက်သောက်သည့် ပြကွက်ပြခြင်းက ပရိသတ်ကို အရက်သောက်ဖို့ အားပေးရာရောက်သည်ဟု မြင်မိပါသည်။
စီးပွားရေးကဏ္ဍအရ မည်သို့သော ဆက်စပ်ပတ်သက်မှုရှိနေပါစေ အရက်ကုမ္ပဏီများအနေဖြင့်လည်း ၎င်းတို့အရက်ကို ကြော်ငြာရန် အားကစားပြကွက်များနှင့် ယှဉ်တွဲမပြသင့်ပါဟု ထင်မြင်မိပါသည်။ မြန်မာ့ရိုးရာလက်ဝှေ့ပွဲစဉ်များတွင် လက်ဝှေ့သမားနှစ်ဦး အကြိတ်အနယ် ထိုးသတ်နေသည့် လက်ဝှေ့စင်ကြမ်းပြင်တွင် အရက်ကြော်ငြာကြီးများ တွေ့ရသည်မှာလည်း မအပ်စပ်လှပါ။
အချို့သော မြို့ကြီးများရှိ ဘောလုံးကွင်းများ၏ ဘေးပတ်ပတ်လည်တွင် ဆိုင်ခန်းတိုက်တန်းများရှိတတ်ပြီး ထိုဆိုင်ခန်းများတွင် အရက်၊ ဘီယာဆိုင်များ ဖွင့်လှစ်ထားတတ်ကြပါသည်။
အိမ်ကွင်းတွင် အားသာချက်သည် ပရိသတ်၏ အားပေးမှုကြောင့်ဖြစ်သည်။ မိမိကွင်း၊ မိမိပရိသတ်ရှေ့တွင်ဖြစ်၍ အားကစားသမားများ အားတက်စေသည်။
နာမည်ကြီး အင်္ဂလန်ပရီးမီးယားလိဂ်၊ အီတလီစီးရီးအေပြိုင်ပွဲများ၏ ရလဒ်ခန့်မှန်းချက်ရာတွင်ပင် အိမ်ကွင်း၊ အဝေးကွင်း အားသာချက်၊  အားနည်းချက်များကို ထည့်သွင်းတွက်ချက်တတ်ကြသည်။ သို့ဖြစ်၍ ၂၀၁၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးတွင် မိမိတို့နိုင်ငံသားများအနေဖြင့် အိမ်ရှင်အားသာချက်အရပင် တစ်ပန်းသာနေပြီး ဖြစ်ပါသည်။ လွန်ကဲသည့် အားပေးမှုများကြောင့် အရုပ်ဆိုးအကျည်းတန်စေသည့် ဖြစ်စဉ်များ မဖြစ်စေလိုပေ။
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီး ကျင်းပရန် ကာလအတန်ကြာ လိုသေးသော်ငြား ပြိုင်ပွဲကျင်းပရေးအဖွဲ့အစည်းများ၊ အောင်နိုင်ရေးအဖွဲ့များအနေဖြင့် အားပေးသည့် ပရိသတ်၏ အရက်သေစာသောက်စားမှုကြောင့် နောက်ဆက်တွဲရလဒ်များကို ထည့်သွင်းစဉ်စား၍ ကြိုတင်ပြင်ဆင်နိုင်စေရန် ရေးသားလိုက်ရပါသည်။       ။

No comments: