အချိန်တွေပြန်ပေးပါ
ခွန်းဆင့်သူသူ
“အချိန်” ဆိုသောအရာသည် လူတိုင်းပိုင်ဆိုင်စေနိုင်သော အရာဖြစ်သည်။ ကျွန်မတို့တစ်တွေသည် အခြားသော ရုပ်ဝတ္တုပစ္စည်းများ၊ အခွင့်အရေးများကို ပိုင်ဆိုင်မှုမှာ ညီမျှချင်မှညီမျှကြမည်။ “အချိန်” ဆိုသောအရာကိုတော့ ကျွန်မတို့တစ်တွေ သာတူညီမျှအတူတကွ ပိုင်ဆိုင်နိုင်ကြပါသည်။
ညနေပိုင်းရုံးဆင်းချိန် မြောက်ဥက္ကလာအ၀ိုင်းမှတ်တိုင်တွင် မြောက်ဒဂုံသို့သွားမည့် ၂၀၂ ဘက်စ်ကားသည် တော်တော်နှင့် မထွက်သေး။ ကားပေါ်မှာ
လည်း လူတွေပြည့်ကျပ်နေပြီ။ သို့သော် စပယ်ယာက နောက်ကားအလာကို တကြည့်ကြည့်ဖြင့် လူစောင့်ပြီးတင်နေသည်။ ဒရိုင်ဘာကလည်း ကားစက်ကို နှိုးထားပြီး ထွက်တော့မည့်ဟန်နှင့်။ တစ်ပတ်နှစ်ပတ်လောက်ဘီးလှိမ့်လိုက်၊ ပြန်ရပ်လိုက်နှင့် ဟန်ရေးပြနေသည်။ ခရီးသည်တွေခမျာမှာတော့ ငါးမိနစ်လောက်မောင်းလျှင် ကိုယ့်အိမ်ရောက်ရမည့်အရေးကို မှတ်တိုင်တွင် ၁၅ မိနစ်လောက်အချိန်တွေ ကုန်နေရသည်ကို အောင့်အည်းသည်းခံကာ နေကြရသည်။ ထိုင်ခုံနေရာရသူတွေရော၊ မတ်တတ်ရပ်နေရသူတွေပါ ပင်ပန်းနွမ်းနယ်နေကြပြီ။
ကျွန်မတို့လူမျိုးသည် အချိန်တွေကို ခဏခဏလွှင့်ပစ်နေကြသည်ဟု ကျွန်မထင်သည်။ အစည်းအဝေး ၁ နာရီဖိတ်ထားလျှင် များသောအားဖြင့် ၂ နာရီမှ စဖြစ်သည်။ ၁ နာရီခွဲလောက်မှ လူတွေ တဖွဲဖွဲရောက်လာကြပြီး လူမစုံသေး၍ စောင့်ရင်းဖြင့် ၂ နာရီမှ စဖြစ်သည်။ ဟောပြောပွဲကျင်းပ လျှင်လည်း ဤသို့ပင်။ ဖိတ်စာထဲတွင်တော့ အစီအစဉ်က ၇ နာရီ စ မည်။ ၇ နာရီထိုးသော်လည်း ဟောပြောမည့် ပုဂ္ဂိုလ်က ရောက်မလာသေး။ ဧည့်ပရိသတ်တွေက ဟောပြောမည့် ပုဂ္ဂိုလ်ကို နာရီဝက်၊ တစ်နာရီကြာအောင် ထိုင်စောင့်နေကြရသည်။ ထိုပုဂ္ဂိုလ်က ၎င်းတို့အားလုံး၏ အချိန်တွေကို ပေးထားသည်ထက်ပိုယူထားလိုက်ပြီ။
စတိတ်ရှိုးပွဲတွေလည်း ထိုနည်းလည်းကောင်းပင်။ အချိန်မှန် ပွဲစနိုင်သည်က အင်မတန်ရှားသည်။ တစ်ချို့ရုံး၊ ဌာနတွေမှာလည်း မကြာသင့်ဘဲ ကြာနေကြ ရသည်။ လက်မှတ်ကလေး တစ်ချက် ထိုးဖို့ကို ထမင်းစားနေ၍ ထိုင်စောင့်ရသည်မှာ တစ်နာရီကျော်ကြာသည်။
ကျွန်မတို့သည် တစ်နေ့တစ်နေ့ အချိန်တွေကြာမှန်းမသိ၊ ကြာမှန်းသိသိနှင့် ကြာနေကြရသည်။ ဘတ်စ်ကားမှတ်တိုင်တွေမှာ ကြာသည်။ ဘတ်စ်ကားတွေပေါ်မှာ ကြာသည်။ ဘူတာရုံတွေမှာကြာသည်။ ရုံး၊ ဌာနတွေမှာကြာသည်။ အစည်းအဝေးခန်းမတွေမှာ ကြာသည်။ ယာဉ်ကြောပိတ်ဆို့မှုတွေမှာ ကြာသည်။ ဆေးရုံတွေမှာ ကြာသည်။ တရားရုံးတွေမှာ ကြာသည်။ ပင်စင်လစာထုတ်ဖို့ ကြာသည်။ ထောင်ဝင်စာတွေ့ဖို့ ကြာသည်။ ထိုသို့သော ကြာချိန်များသည် ကျွန်မတို့အတွက် “အပိုချိန်” တွေသာ ...
အရာရာမြန်ဆန်နေသော ခေတ်ကြီးတွင် ကျွန်မတို့တစ်တွေက ကြာမြဲတိုင်းကြာနေသည်။ ဆုံးဖြတ်ချက်တစ်ခုချဖို့ ကြာသည်။ စီမံကိန်းတစ်ခုဖြစ်မြောက်ဖို့ ကြာသည်။ စီရင်ချက်တစ်ခုခုချဖို့ ကြာသည်။ အခမ်းအနားတစ်ခု ဖြစ်မြောက်ဖို့ကြာသည်။ လုပ်ငန်းတစ်ခု စတင်ဖို့ ကြာသည်။ ပြဿနာတွေ ဖြေရှင်းဖို့ကြာသည်။
“အချိန်” နှင့်စား၊ “အချိန်” နှင့် သွားဟု ဆိုလျှင် လူရွှင်တော်တွေ၏ ပြက်လုံးကိုသာ သတိရကြသည်လားမသိပါ။ “အချိန်” နှင့် မသွား၊ “အချိန်” နှင့် မစားတတ်သော လူတွေများနေသရွေ့ ကျွန်မတို့ တစ်တွေ၏ ကိုယ်ပိုင်အချိန်တွေကို အချည်းနှီးပေးဆပ်ကြရဦးမှာပင်။
တစ်နေ့တစ်နေ့ ကျွန်မတို့၏ ကိုယ်ပိုင်အချိန်တွေကို ဖဲ့၊ ဖဲ့ပေး နေကြရသည်မှာ မည်မျှရှိနေပြီလဲ မသိနိုင်ပါ။ ကျွန်မတို့၏ ကိုယ်စွမ်း ကိုယ်စကို မသုံးစွဲရဘဲ အကျိုးမရှိ ခဲ့သော အချိန်တွေ ကျွန်မတို့ဘ၀ မှာ ဘယ်လောက်တောင် များနေကြပြီလဲ။
ကျွန်မတို့တစ်တွေ ဆံဖြူ သွားကျိုး၊ ခါးကိုင်းသည်ထိ ကျွန်မတို့၏ ကိုယ်ပိုင်အချိန်တွေကို ဘယ်သူ့အတွက်၊ ဘာအတွက် အလဟဿ ပေးဆပ်ရလေဦးမည်လဲ။
ကျွန်မတို့အားလုံး၏ အချိန်တွေကို ကျွန်မတို့အားလုံး အကျိုးရှိရှိ၊ မျှမျှတတ အသုံးချနိုင်လျှင် ကောင်းလေစွ။ ။

No comments:
Post a Comment