Tuesday, October 23, 2012
အတိတ်၊ နိမိတ်၊ တဘောင်၊ စနည်း
  • လွန်ခဲ့သော ၁ နှစ်ကျော် ၂ နှစ်ခန့် က ရန်ကုန်မြို့ တွင် တဘောင်တစ်ခု ပေါ်ထွက်ခဲ့သေးသည်။
    “ရန်ကုန် အုတ်ပုံ၊ မန္တလေး ပြာပုံ “ ဟူသော တဘောင်စကား ပေါ်ထွက်လာခဲ့သည်။
    . . .
    ဇမ္ဗူဒီပါတောင်ကျွန်း သြဘာနိမိတ်ထွန်း ဟူသည့် စကားနှင့်အညီ မြန်မာနိုင်ငံတော်ကြီးသည် ဇမ္ဗူဒီပါ လကျာ်တောင်ကျွန်းတွင် ပါဝင်သော ပြည်ကြီးတစ်ပြည် ဖြစ်သောကြောင့် ရှေးပညာရှိဟောင်းတို့ စကားနှင့်အညီ ပြောရပါလျှင် နိမိတ်နှင့်တကွ အတိတ်၊ တဘောင်၊ စနည်း၊ ဘဝေါ တို့ နှင့် အကျိုးအပြစ် ပေးတတ်သည် ဟု ယူဆရပေမည်။
    နိမိတ် ဟူသည်မှာ တွေ့ မြင်ရတော့ မည့် အနာဂတ်အကြောင်းအခြင်းအရာများကို ကြိုတင်ကြည့်သည့် အတတ်ပညာ ဟိုဆိုလိုပေသည်။
    အတိတ်ဟူသော စကားမှာ နောင်အနာဂတ်တွင် မည်သို့ ဖြစ်မည်ကို ကြိုတင်ဟောပြောနိုင်သော အကြောင်းအချင်းအရာများကို အကြောင်းအချင်းရာများနှင့်တကွ ချင့်ချိန်ထောက်ဆကာ ဟောပြောသည် ဟုဆိုလိုသည်။
    တဘောင် ဟူသည်မှာ နောင်သောအခါတွင် မည်သို့ မည်ပုံ ဖြစ်မည်ကို ကြိုတင်ပြောဆိုထားခြင်း ကို ဆိုလိုပါသည်။
    စနည်း ဟူသော စကားသည် မည်သို့ မည်ပုံ ဖြစ်မည်။ လိုက်နာရမည်တို့ ကို ပြဆိုခြင်းဖြစ်ပြီး ဖြစ်လာမည့်အဖြစ်အပျက်ကို စံယူရန် ပြခြင်းကို ဆိုလိုပါသည်။
    နိမိတ်ယူပုံအမျိုးမျိုးရှိပေသည်။ အကြောင်းအရာတစ်ခုခုအား ဆုံးဖြတ်ရမည်၊ ပြုလုပ်ရမည်ဟု
    တွေ့ ကြုံလာပါက မိမိပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသော အချင်းအရာများကို စူးစမ်းလေ့လာရပေသည်။
    ပကတိ နိမိတ် နှင့် ၀ိကတိ နိမိတ် ဟု နိမိတ်ယူရာတွင် အလေးထားရမည့် အချက်များရှိသေးသည်။
    ပကတိနိမိတ်ဟူသည်မှာ သာမန် ဖြစ်ရိုးဖြစ်စဉ် တွေ့ မြင်ကြုံတွေ့ ရလေ့ ရှိသည့်မြင်ကွင်းမျိုးဖြစ်သည်။
    နံနက်စောစော ”ပဲပြုတ်၊ အီကြာကွေး” ဟု အသံကြားတိုင်း နိမိတ်မဟုတ်။ ခိုက်ရန်ဖြစ်ပွားသဖြင့် ခေါင်းတွင် သွေးထွက်သည်ကို မြင်ရတိုင်း နိမိတ်မဟုတ်။ ကားဘီးပေါက်သံကြားတိုင်း နိမိတ်မဟုတ်၊ ကား တွယ်စီးစဉ် လက်မအားသဖြင့် ၀တ်ထားသော ခါးဝတ်တန်ဆာကျွတ်ကျခြင်းသည်လည်း နိမိတ်မဟုတ်။ ထိုအချင်းအရာများကား ဖြစ်ရိုးဖြစ်စဉ် ၊ ပြုနေမြဲ သဘောတရားများသာဖြစ်သည်။
    ၀ိကတိ နိမိတ်ဟူသည် သာမန်ထက်ထူးကဲစွာဖြင့် မိမိရှေ့ တွင် မြင်တွေ့ ၊ ကြားတွေ့ ရသော အဖြစ်အပျက်များ ၊ အသံများ အားဆိုလိုသည်။ ပဏ္ဍုကမ္ဗလာ ကျောက်ဖျာတင်းခြင်း။ ဘုရားဖြစ်သည့်အခါ ထင်လာသောနိမိတ်၊ မယ်တော်မာယာ အိပ်မက်နိမိတ် အစရှိသည်တို့ သည်
    ဘုရားပန်းကပ်ရန်အတွက် ပန်းအိုးတွင် ရေဖြည့်၊ ပန်းအလှပြင်ပြီး ဘုရားစင်ရှိရာသို့ ပြန်လာစဉ် ပန်းအိုးမှာ ရေ နှင့် ချောကာ အလေးချိန်စီးနေသဖြင့် လက်မမြဲကာ ပန်းအိုးကျကွဲခြင်းသည်
    ယခုခေတ်ကာလတွင် စကားနိမိတ်အား အလွန်အရေးထားသည်ကိုလည်း တွေ့ မြင်နိုင်သည်။ အခါပေးဆရာတစ်ဦးမှ အုတ်မြစ်ချရန် နေရာသို့ နေရာယူရန် ပြောဆိုရာတွင် စကားအသုံးအနှုန်းမှား ကာ “ဆင်းချိန်တန်ပါပြီ“ ဟု ပြောဆိုမိသဖြင့် အခါပေးဆရာ မျက်နှာပန်းမလှ ဖြစ်ခဲ့ရပေသည်။
    အထက်ဖော်ပြပါ အကြောင်းအချင်းရာများသည် ကား နိမိတ် ဖြင့် သက်ဆိုင်သော တွေးတောဆင်ခြင်စရာ များဖြစ်သည်။ တစ်စုံတစ်ခုအတွက် မြင်မြင်သမျှ နိမိတ်လိုက်ကောက်နေခြင်း သည် မှားယွင်းသော အယူအဆတစ်ခုမျှသာ ဖြစ်သည်။
    အတိတ်ဟူသောစကားသည် မျက်မှောက်ကာလတွင် ဖြစ်မည် (သို့ )ဖြစ်စေ။ နောင်အနာဂတ်တွင် ဖြစ်မည်
    (သို့ ) ဖြစ်စေ၊ အတိတ်ကာလတွင် ဖြစ်ခဲ့၊ ထင်ရှားခဲ့ဖူးသည့် အကြောင်းများကို ဥပမာဆောင်ကာ သည်လို ဖြစ်ရသည်ကို မြင်သည် ဟု ပြောခြင်းမျိုးဖြစ်သည်။
    အလောင်းမင်းတရား ပေါ်ထွန်းလာသည့်အခါ အတိတ်တစ်ခု ပေါ်ပေါက်ခဲ့သည်။ ဘာသာရေး စာပေ သင်ကြားရာတွင် စာအစ နမောက ဟု ဆိုသည့်အတိုင်း နမောတဿ မှ စပြီး သင်သော်ငြားလည်း ထိုအခါက “အောင်ဇေယျတု၊ သဗ္ဗမင်္ဂလံ“ ဟု ပြင်ဆင်ခဲ့သဖြင့် ပညာရှိများမှ “အောင်ဇေယျ“ အမည်ရှိသူ ကောင်းစားမည့် အတိတ်ဖြစ်ကြောင်း အဓိပ္ပာယ် ကောက်ယူခဲ့ကြသည်။
    ယခုခေတ်တွင် အခါပေးဆရာများ စေခိုင်းချက်အရ သင်ခန်းစာ များ ၊ နေထိုင်ရာ အရပ်ဒေသ၊ သုသာန်များအား ဟိုပြောင်းဒီပြောင်း၊ ဟိုရွှေ့ ဒီရွှေ့ ၊ ဟိုဖျက်ဒီဖြုတ် လုပ်နေကြခြင်းသည် အတိတ်ဟူသည့် စကားအား အကောင်အထည် ဖော်နေခြင်းလော ဟု စဉ်းစားစရာပင် ဖြစ်နေတော့သည်။ အတိတ်ကို မြေလှန်ပြစ်မည် ဟူသော စကားအတိုင်း လုပ်ဆောင်နေကြသလားဟု ပင် ထင်မိပါသည်။ မင်းကျန်စစ်၊ အနော်ရထာ၊ အလောင်းမင်းတရား ရုပ်ထုများ ထုလုပ်ကြခြင်းသည်ကား မြန်မာနိုင်ငံအား ပထမမြန်မာနိုင်ငံ ၊ ဒုတိယ ၊ တတိယ မြန်မာ နိုင်ငံ အစရှိသဖြင့် တည်ထောင်ခဲ့ကြသော မင်း၃ မင်းအားဂုဏ်ပြုခြင်းဖြင့် အမှတ်တရပြုလုပ်ခဲ့သည်ဟု အခါပေးဆရာများအလိုအရ အကောင်းဘက်မှ ထင်မြင်မိသည်ဆိုပါက
    တဘောင်ဟူသည် လက်ရှိပစ္စုပ္ပာန်မှ အနာဂတ်အရေးအတွက် မျှော်တွေးပြောဆိုခြင်းဖြစ်သည်။
    အရူးစကား၊ သဘင်သည်စကား များကို တဘောင်ဟု မှတ်ယူကြသည်။ သီပေါမင်း ထီးနန်းဆက်ခံရမည့်အရေးကို အရူးမ တစ်ယောက်မှ “ရွှေမိုးရွာလို့မယ်မအေး၊ ငွေမိုးရွာလို့ မယ်မအေး၊ ပထမပြန်ရှင်လိန်ထွက်၊ နန်းတက်မှအေး“ ဟူ သီဆိုခဲ့သည်ကို ပညာရှိများက သီပေါမင်း ထီးနန်းစံရမည် ဟု တဘောင်ဖတ်ခဲ့ကြသည်။ တဘောင်စကားအား ယခုခေတ်တွင် အရူးများ၊ ဇတ်သဘင်များ၊ လူရွှင်တော်များ ထံမှ ကောက်ယူနိုင်ပေသည်။
    လွန်ခဲ့သော ၁ နှစ်ကျော် ၂ နှစ်ခန့် က ရန်ကုန်မြို့ တွင် တဘောင်တစ်ခု ပေါ်ထွက်ခဲ့သေးသည်။
    “ရန်ကုန် အုတ်ပုံ၊ မန္တလေး ပြာပုံ “ ဟူသော တဘောင်စကား ပေါ်ထွက်လာခဲ့သည်။
    အချို့ လူများက ရန်ကုန်မြို့ ကြီး မြို့ ပျက်စီးကာ အုတ်ပုံမျှပင်ကျန်ခဲ့မည်။ မန္တလေးမြို့ ကြီးကား မီးလောင်မှုကြောင့် ပြာပုံအတိ ဖြစ်မည်ဟု တဘောင် ဖတ်ကြသည်။ သို့ သော်လည်း အခြားဘက်မှ စဉ်းစားမည်ဆိုပါက ရန်ကုန်မြို့ တွင် ယခင်ကထက် ပိုမိုပြီး လူအများ အုတ်အုတ်ကျက်ကျက်၊ စုရုံးစုရုံး။ သတင်းစကားများပိုမို ဖြစ်မည်။ မန္တလေးမြို့ တွင် လူအများ၊ ရဟန်းသံဃာတော်များ ပျာယာခတ်မည်။ ပြာပုံအား ပြောင်းပြန်ယူပါက ပြုံပါ- တစ်ပြုံလုံးပါမည် ။ ထို့ ကြောင့် အကြောင်းအရာတစ်ခုခုဖြစ်ပွားမည် ဆိုပါက ရဟန်း၊ ရှင် ၊ လူအများ စုစည်းကာ တစ်ပြုံလုံးပါလာမည် စသဖြင့် တဘောင် ကောက်ယူနိုင်ပေသည်။
    စနည်း ဟူသည် အမှတ်တမဲ့ ပြောဆိုသော စကားတို့ အား မှတ်သားကာ အဓိပ္ပာယ် ဖတ်ရသော နည်းမျိုးဖြစ်သည်။ ဆရာတော် ခင်ကြီးဖျော် နာမကျန်းဖြစ်စဉ် အခြေအနေကိုစနည်းနာ ပြီး တွက်ဆရန် အတွက် စနည်းနာစေရာ မိခင်တစ်ဦး၏ “သီဘောသုံးဆယ်“ ဟူသော သီချင်းဖြင့် ကလေးချော့သံကို စနည်းနာပြီး အဓိပ္ပာယ်ပြန်ဆိုရာ မိမိမကြာခင် မုချသေရမည်ဟု သိရှိပြီး ကုသခြင်းကို မခံယူခဲ့ပေ။ ရှေးယခင် ဘုရင်မင်းများ တိုင်းရေးပြည်ရာ အခြေအနေကို သိရှိရန် စနည်းနာထွက်ခြင်းသည်လည်း ထိုနည်းလည်းကောင်းပင်။
    ဇမ္ဗူဒီပါတောင်ကျွန်း တည်ရှိနေသမျှ မြန်မာ့ယုတ္တိပညာရပ်ဖြစ်သော အယူတော် မင်္ဂလာ ကောက်ထုံးများကား တိမ်ကောပျောက်ပျက်မသွားပဲ တည်ရှိနေမည်သာ……
    ++ အခါပေးဆရာများ အယူအဆများကို တင်ပြခြင်းသာဖြစ်ပါသည်။ ++
    တေးအေးရိပ်
    ကျမ်းကိုး ။ ။ အယူတော်မင်္ဂလာ လျှောက်ထုံး
No comments: